သတင်း

စစ်တပ်ဝင်စီးသည့် လွိုင်ကော်ဘုရားကျောင်းဆေးခန်း ပိတ်သိမ်းထားရ

ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ခရစ်စတူးဘုရင် ကက်သလစ်ဘုရားရှိခိုးကျောင်းကို ယမန်နေ့ (နိုဝင်ဘာ ၂၂) နံနက်ပိုင်းတွင် စစ်တပ်က ဝင်ရောက်စီးနင်းပြီး ဆရာဝန်နှင့် သူနာပြုများ အပါအဝင် ၁၈ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသဖြင့် ဘုရားရှိခိုးကျောင်းအတွင်းရှိ ကရုဏာဆေးခန်းကို ပိတ်ထားရကြောင်း ဆေးခန်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ 

လွိုင်ကော်မြို့ နောင်ယားခရပ်ကွက်ရှိ ဆေးခန်းကို ယမန်နေ့ နံနက် ၉ နာရီခန့်မှ ညနေ ၄ နာရီအထိ စစ်သားနှင့် ရဲအင်အား ၂၀၀ ခန့်က ဝင်ရောက်စီးနင်းရှာဖွေခဲ့ခြင်းဖြစ်ကာ ဆရာဝန် ၄ ဦး၊ သူနာပြုဆရာမကြီး ၂ ဦး၊ အထက်တန်းသူနာပြု ၂ ဦး၊ သူနာပြု ၅ ဦး၊ သူနာပြုကျောင်းသား ၁ ဦး၊ ဆေးစပ်ကျွမ်းကျင် ၁ ဦး၊ ဆေးဝါးကျွမ်းကျင် ၁ ဦး၊ ဓာတ်မှန်ကျွမ်းကျင် ၁ ဦးနှင့် စေတနာ့ဝန်ထမ်း ၁ ဦး စုစုပေါင်း ၁၈ ဦးကို ဖမ်းဆီးသွားသည်ဟု သိရသည်။

“ဆေးခန်းကတော့ လောလောဆယ် ပိတ်လိုက်ရတဲ့အနေအထားမျိုး ရောက်သွားတာပေါ့လေ။ ဆရာဝန်တွေ၊ သူနာပြုတွေ စေတနာ့ဝန်ထမ်းတွေ အကုန်လုံး ဖမ်းသွားတယ်ဆိုတော့လေ။ အခုချိန်ထိတော့ ပြန်မလွှတ်သေးဘူး။ လူနာတွေလည်း အကုန်လုံးရွှေ့လိုက်တယ်” ဟု ကရုဏာဆေးခန်းနှင့် နီးစပ်သူက ပြောသည်။ 

ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များကို လက်ခံကုသပေးနေသည်ဟု စွပ်စွဲကာ စစ်တပ်က ဆေးခန်းကို ဝင်ရောက်စီးနင်းခြင်းဖြစ်သော်လည်း ဖမ်းဆီးခံ စေတနာ့ဝန်ထမ်းများမှာ စစ်အာဏာမသိမ်းမီကတည်းက ဆေးခန်းတွင် ကူညီနေသူများဖြစ်သည်ဟု အထက်ပါပုဂ္ဂိုလ်က ဆိုသည်။

လွိုင်ကော်မြို့ရှိ စစ်ကောင်စီစစ်ကြောရေးစခန်းတစ်ခုသို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကာ ဖမ်းဆီးခံရသူများကို စောင့်ရှောက်ရန် ဘုန်းတော်ကြီးတစ်ပါးနှင့် သီလရှင်နှစ်ပါး လိုက်ပါသွားသည်ဟုလည်း ၎င်းက ပြောသည်။ 

ကရုဏာဆေးခန်းတွင် တက်ရောက်ကုသနေသည့် ကိုဗစ်အတည်ပြုလူနာ ၄ ဦးအပါအဝင် အခြား အတွင်းလူနာ ၃၅ ဦး၊ စုစုပေါင်း ၃၉ ဦးကို စစ်တပ်က နေရာပြောင်းရွှေ့လိုက်ကာ ဘုန်းတော်ကြီးတစ်ပါး၏ အခန်းထဲရှိ လက်တော့တစ်လုံးကိုလည်း ယူဆောင်သွားသည်ဟု သိရသည်။ 

“ဆရာတော်ကျောင်းတိုက်ကိုလည်း သုံးဖွဲ့လာပြီး မွှေနှောက်သွားတာပေါ့။ တစ်ဖွဲ့တက်တယ်၊ ရှာတယ်။ နောက်တစ်ဖွဲ့ ထပ်ရောက်လာတယ်၊ ရှာတယ်။ နောက်ဆုံးကတော့ ရဲရောက်လာတာပေါ့။ ပထမဆုံးနှစ်ဖွဲ့က စစ်တပ်ပေါ့” ဟု အထက်ပါ နီးစပ်သူက ဆိုသည်။

ရဲများက ဘုရားကျောင်းအတွင်းရှိ ဘာသာရေးအရ အထွတ်အမြတ်ထားရာ အသုံးအဆောင်များပါ မကျန် မွှေနှောက်ရှာဖွေသည်ဟုလည်း ၎င်းက ဆက်ပြောသည်။ 

“အသေးစိတ် အပ်တစ်ချောင်းပါ အကုန်လုံး လိုက်ဖွင့်ကြည့်၊ ဖြဲကြည့် အကုန်လုံးပေါ့နော်။ Privacy တွေ လုံးဝမရှိလောက်အောင် အခန်းထဲဝင်လည်း တစ်ခန်းလုံး မွှေနှောက်နေအောင် သူတို့ရှာတာ။ သံသယဖြစ်စရာလည်း တစ်ခုမှ သူတို့မရသွားပါဘူး” ဟု ၎င်းက ပြောသည်။ 

စစ်ကောင်စီ၏ စစ်တပ်နှင့် ရဲများက ဘုရားကျောင်းအနီးဝန်းကျင်ရှိ လမ်းများကိုပါ အင်အားအလုံးအရင်းဖြင့် ပိတ်ဆို့၍ ဝင်ရောက်စီးနင်းရှာဖွေခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ 

ကရုဏာဆေးခန်းကို အလှူရှင်များ၏ ထောက်ပံ့ငွေဖြင့် ဖွင့်လှစ်ထားသည်မှာ ၂၄ နှစ်ခန့်ရှိပြီဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း အစိုးရဆေးရုံများ မလည်ပတ်နိုင်သည့် အခြေအနေတွင် ငွေကြေးချို့တဲ့သူများ၏ အားကိုးအားထားရာ ဖြစ်လာကြောင်း အထက်ပါ နီးစပ်သူက ပြောသည်။ 

“ဒီတော်လှန်ရေးကာလမှာ ဝန်ဆောင်မှုက ပိုပေးရတာပေါ့လေ။ ရွာပြန်လို့မရတဲ့ပုဂ္ဂိုလ်တွေ၊ အိမ်မီးရှို့ခံရလို့ လောင်သွားတဲ့ပုဂ္ဂိုလ်တွေ စသဖြင့် အခက်အခဲအမျိုးမျိုးရှိတဲ့ ပုဂ္ဂိုလ်တွေကိုလည်း ကျွန်တော်တို့ ဆက်ခေါ်ထားပြီး ထမင်းကျွေးထားရတဲ့ အခြေအနေရှိတယ်” ဟု ၎င်းက ပြောသည်။

ကရင်နီဒေသတွင် မေလ ၂၁ ရက်မှစ၍ စစ်တပ်နှင့် ဒေသခံ တော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်၏ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် လွိုင်ကော်၊ ဒီးမော့ဆိုနှင့် ဖယ်ခုံမြို့နယ်များရှိ ဘုရားရှိခိုးကျောင်း ၈ ခုထက်မနည်း ပျက်စီးခဲ့ရသည်။

စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် မေ ၂၄ တွင် လွိုင်ကော်မြို့နယ် ကယန်းသာယာ (တောင်) ရွာရှိ ဘုရားရှိခိုးကျောင်းဝင်းတွင် ခိုလှုံနေသည့် အမျိုးသမီးသုံးဦးနှင့် အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့သည့်နည်းတူ မေ ၂၉ တွင်လည်း လွိုင်ကော်မြို့ပေါ်ရှိ စိန့်ပီတာရဟန်းဖြစ်သင်တန်းကျောင်း စီးနင်းခံရစဉ် အမျိုးသားတစ်ဦး ပစ်သတ်ခံရသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button