သတင်း

တပ်ပိုင်ကုမ္ပဏီများ၏ အကြီးအကဲ ဗိုလ်မှူးဟောင်း နေအိမ်အနီး ပစ်သတ်ခံရ

စစ်တပ်ပိုင်ကုမ္ပဏီကြီးနှစ်ခု၏ အကြီးအကဲဖြစ်သော ဦးသိန်းအောင်သည် ယနေ့ (နိုဝင်ဘာ ၄) နံနက် ၇ နာရီခွဲခန့်တွင် ၎င်း၏ နေအိမ်အနီး သေနတ်ဖြင့် ပစ်ခံရသဖြင့် နေရာ၌ပင် သေဆုံးသွားကြောင်း ရပ်ကွက်တာဝန်ရှိသူတစ်ဦးနှင့် Mytel ကုမ္ပဏီ၏ CDM ဝန်ထမ်းများထံမှ သိရသည်။

ရန်ကုန်၊ မရမ်းကုန်းမြို့နယ်၊ ၇/ဂ ရပ်ကွက်၊ တေးနုယဉ်လမ်း၊ အိမ်အမှတ် (၁၆/A-1) ၌ နေထိုင်သော ဦးသိန်းအောင်နှင့် ဇနီး ဒေါက်တာသိမ့်အောင်သူတို့ နေအိမ်မှ ကိုက် ၅၀ အတွင်း ပစ်ခတ်ခံရပြီး အမျိုးသားမှာ နေရာမှာပင် ပွဲချင်းပြီးသေဆုံးကြောင်း အဆိုပါရပ်ကွက် အုပ်ချုပ်ရေးမှူးဦးရဲဝင်းအောင်က Myanmar Now ကို ပြောသည်။

“အမျိုးသမီးက‌တော့ ခါးတစ်ချက်ထိတယ်၊ မြင်ရတဲ့ ဒဏ်ရာပေါ့၊ မသေလောက်တဲ့ နေရာပါပဲ။ ဘယ်ဘက်လက်ပြင်နောက် ညာဘက်ခြေထောက်ပါတယ်၊ အားလုံးလေးချက်ပဲ။ သူက ပြေးနိုင်လိုက်သေးတယ်၊ ထော့နင်းထော့နင်းနဲ့။ သူ့အမျိုးသားလဲကျသွားတဲ့အချိန်မှာ ပြေးလွှားပြီး လူတွေဘာတွေ ခေါ်နိုင်သေးတယ်။ သူ့အမျိုးသားကတော့ လည်ပင်းကို လေးချက်ထိ ပေါက်ထွက်သွားတာ”ဟု ၎င်းက ပြောသည်။

နှစ်ဦးလုံး အသက် ၅၆ နှစ်အရွယ် ရှိကြပြီး သားသမီးများဖြစ်သော ဒေါက်တာမင်းခန့်၊ မောင်မင်းသန့်၊ မရှင်းသန့်မေ တို့နှင့်အတူ နေထိုင်ကြကြောင်း၊ ရပ်ကွက်အတွင်း ရွှေ့ပြောင်းလာသည်မှာ မကြာသေးကြောင်း ၎င်းက ပြောသည်။

ဒဏ်ရာရထားသည့် ဒေါက်တာသိမ့်အောင်သူကို ကန်သာယာဆေးရုံမှတစ်ဆင့် မင်္ဂလာဒုံ ခုတင် ၁၀၀၀ စစ်ဆေးရုံသို့ ပို့ဆောင်ကုသနေကြောင်း ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီတပ်သားများသည် ရပ်ကွက်ဒလန် အသတ်ခံရမှုမျိုးတွင် ရပ်ကွက်အတွင်း ပိတ်ဆို့ရှာဖွေစစ်ဆေးတတ်သော်လည်း တပ်ပိုင်ကုမ္ပဏီများ၏ အကြီးအကဲ ဦးသိန်းအောင် သတ်ဖြတ်ခံရမှုတွင်မူ နေ့လယ် ၁ နာရီအထိ ထိုသို့ လာရောက်စစ်ဆေးခြင်း မရှိသေးကြောင်း ထိုရပ်ကွက်တွင် နေထိုင်သူတစ်ဦးထံမှ သိရသည်။

ဦးသိန်းအောင်သည် ရေတပ်၌ ဗိုလ်မှူးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သော အငြိမ်းစားတစ်ဦးဖြစ်ပြီး အဆိုပါ ရပ်ကွက်အတွင်း သန်းခေါင်စာရင်းမဝင်ရသေးဘဲ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှ ဧည့်စာရင်းဖြင့် လာရောက်နေထိုင်သူဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

၎င်းသည် စစ်တပ်ပိုင်ကုမ္ပဏီအများအပြား၏ အကြီးအကဲတစ်ဦးဖြစ်ပြီး မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီ(MEC)၊ Star High ကုမ္ပဏီများ၏ အထွေထွေမန်နေဂျာ(GM) ရာထူး ရယူခဲ့သူဖြစ်သည်။ ထို့ပြင် Mytel ဆက်သွယ်ရေးကုမ္ပဏီ၏ မြန်မာနိုင်ငံတာဝန်ခံ အကြီးအကဲသုံးဦးအနက် တစ်ဦးဖြစ်သည်။

Mytel ကုမ္ပဏီတွင် ဘဏ္ဍာရေးအရာရှိချုပ် (CFO) တာဝန်ရှိသူဖြစ်သည်ဟု ထိုကုမ္ပဏီကို စွန့်ခွာ၍ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) တွင် ပါဝင်နေသော အင်ဂျင်နီယာ ၇ ဦးက အတည်ပြုသည်။

Justice For Myanmar ၏ အစီရင်ခံစာတစ်စောင်တွင်မူ ဦးသိန်းအောင်သည် ၂၀၁၈ တွင် ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင်အနေဖြင့် Mytel သို့ ဝင်ရောက်လာကြောင်း၊ ကုမ္ပဏီ၏ CFO ရာထူးအထိ နောက်ဆုံးလုပ်ကိုင်ခဲ့ပြီး ၂၀၁၉ စက်တင်ဘာတွင် နုတ်ထွက်ခဲ့ကြောင်း ဖော်ပြထားသည်။

Mytel ကုမ္ပဏီတွင် မြန်မာပိုင်း၌ ရာထူးအကြီးဆုံးဖြစ်သူမှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်တက္ကသိုလ်တစ်ပတ်စဉ်ထဲ ဆင်းထားပြီး လက်ရှိ ရန်ကုန်၊ ကမ္ဘာအေးဗီလာအိမ်ရာ၌နေသူ ဗိုလ်မှူးကြီးဟောင်းဦးခင်မောင်စိုးဖြစ်ကြောင်း၊  ဦးသိန်းအောင်၏ လက်အောက်၌ သတင်းအချက်အလက်အရာရှိချုပ် (CIO) အဖြစ် လုပ်ကိုင်သူမှာ ရှရှားပြန် ဗိုလ်မှူးကြီးဟောင်း မောင်ဇော်လင်းဆိုသူဖြစ်ကြောင်း CDM ဝန်ထမ်းများထံမှ သိရသည်။

“သူက တကယ် အနေအေးတယ်ဗျ။ သိပ်ပြီး အာဏာပြတာတွေ မရှိဘူး။ စစ်ကိုင်းတိုင်းလာတုန်းကဆိုရင် ကြိုက်တဲ့ပါတီ အားပေးလို့ရတယ်။ အလုပ်နဲ့ ရောစရာမလိုဘူးလို့ကို ပြောတာ” ဟု Mytel မှ CDM အင်ဂျင်နီယာတစ်ဦးက ပြောသည်။

ယခု ဦးသိန်းအောင် ပစ်သတ်လုပ်ကြံခံရသည့် ဖြစ်စဉ်သည် PDF အဖွဲ့များ၏ လက်ချက်မဖြစ်နိုင်ကြောင်း ၎င်းတို့က ယူဆနေကြသည်။

“သူတို့နေတဲ့ နေအိမ်တွေဆို တကယ့် လူချမ်းသာရပ်ကွက်ဗျာ။ နေအိမ်လိပ်စာ၊ လမ်းအတိအကျရယ်၊ လမ်းထွက်လျှောက်တတ်တယ်ဆိုတဲ့ Information ရယ်က သူ့ရဲ့ အတွင်းလူက လုပ်ကြံတာဖြစ်မယ်” ဟု CDM အင်ဂျင်နီယာ အခြားတစ်ဦးက ပြောသည်။

ဦးသိန်းအောင်သည် စစ်တပ်၏ အကျိုးစီးပွားကို ရှာဖွေပေးနေသည့် Star High Group, Star High Co., Ltd, Jewels of Angel, Golden Majestic Star Mobile, Agro Pack, Telecom International Myanmar စသည့် ကုမ္ပဏီတို့တွင် ဒါရိုက်တာအဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့ကြောင်း သိရသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button