သတင်း

ရထား CDM ဝန်ထမ်းတချို့ လက်နက်ကိုင်တိုက်ပွဲအတွက် အသင့်ဖြစ်နေ

CDM ခေါ် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် မြန်မာ့မီးရထားဝန်ထမ်းများထဲမှ လက်နက်ကိုင်လိုသူတို့က စစ်သင်တန်းတက်ပြီးနောက် တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေပြီဟု သိရသည်။ 

မြန်မာ့မီးရထားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myanmar Railways People’s Defence Force) အမည်ဖြင့်လည်း စက်တင်ဘာ ၂၅ တွင် တပ်ဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းလိုက်ကြောင်း အဖွဲ့ခေါင်းဆောင်တစ်ဦးက Myanmar Now ကို ပြောသည်။

“အဓိကကတော့ အာဏာသိမ်းပြီးတော့ ဆန္ဒပြတဲ့သူတွေကို အကြမ်းဖက်လုပ်ရပ်တွေ လုပ်တယ်။ လက်နက်ကိုင်မှပဲ ဒီတော်လှန်ရေးကို မြန်မြန်အမြစ်ဖြတ်နိုင်မယ်ဆိုပြီးတော့ လက်နက်ကိုင်တဲ့လမ်းစဉ်ကို ရွေးခဲ့တာပါ” ဟု ၎င်းက ဆိုသည်။

CDM လှုပ်ရှားမှု အားအကောင်းဆုံးဌာနတစ်ခုဖြစ်သော မြန်မာ့မီးရထားမှ ထိုအရာရှိက နွေဦးတော်လှန်ရေးကို ကူညီနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သော ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်နယ်မြေသို့ ဧပြီအတွင်း သွားရောက် စစ်ပညာသင်ယူထားသည်ဟု ဆိုသည်။  

ယခုအခါတွင် ကချင်ပြည်နယ်အတွင်းရှိ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့နှင့် တွဲဖက်၍ တိုက်ပွဲဝင်ရန် ပြင်ဆင်နေပြီး ဒေအသီးသီးတွင် စစ်သင်တန်းတက်နေသော ရထား CDM ဝန်ထမ်းများကို ဆက်လက်စုစည်းသွားမည်ဟု အဖွဲ့ခေါင်းဆောင် အမျိုးသားက ပြောသည်။

“တပ်စုလောက်ကို အနိမ့်ဆုံးအဆင့်ဖြစ်စေချင်တယ်။ ကိုယ့်လူတွေကိုလည်း ခေါ်နေတယ်။ ကျွန်တော်တို့က မီးရထားတပ်စုတစ်စုကတော့ ဖြစ်ကိုဖြစ်ရမယ်ဆိုပြီး လုပ်နေတာပါ” 

ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းအပြီး မီးရထားဝန်ထမ်းအများစု CDM လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ခဲ့၍ ရထားခရီးစဉ်များအားလုံးနီးပါး ရပ်ဆိုင်းသွားခဲ့ပြီး ယနေ့ထက်တိုင် ပုံမှန်ပြေးဆွဲနိုင်ခြင်း မရှိသေးပေ။ 

CDM ရထားဝန်ထမ်းများ ဝန်ထမ်းလိုင်းခန်းမှ ဖယ်ရှားပေးခဲ့ရသော်လည်း လုပ်ငန်းခွင်ပြန်ဝင်ရန် ငြင်းဆန်နေကြဆဲဖြစ်သည်။ 

ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့ကိုယ်စားလှယ်များဖြင့် ဖွဲ့ထားသော၊ ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းဆောင်တင်ထားသော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က “အောင်လံလွှင့်ချီ နွေဦးထီ” ကို ဖွင့်လှစ်ရောင်းချနေပြီး ဝင်ငွေစုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းမှာ CDM ဝန်ထမ်းများ ထောက်ပံ့ကူညီရေးအစီအစဉ်အတွက် ဖြစ်သည်ဟု ကြေညာထားသည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button