သတင်း

ထီးချိုင့်မြို့ ဓားစာခံဖမ်းဆီးမှုတွင် အသက်မပြည့်သေးသူ ၃ ဦး ပါဝင်

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ထောက်ခံသူများကို စစ်ကောင်စီက ပစ်မှတ်ထားပြီး ဖမ်းဆီးလျက်ရှိရာ နှစ်ရက်အတွင်း ၁၃ ဦး ဖမ်းဆီးခံထားရပြီး ထိုအထဲတွင် အသက်မပြည့်သေးသူ ၃ ဦး ပါဝင်ကြောင်း ဒေသခံများထံမှ သိရသည်။ 

အဖမ်းအဆီးများမှာ PDF ခေါ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ လက်ချက်ဖြင့် ရဲကင်းစခန်း၂ ခု ဆက်တိုက်မီးရှို့ခံရပြီးနောက် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

အောက်တိုဘာ ၇ တွင် NLD ရပ်ကျေးနှင့် မြို့နယ်အဆင့် ပါတီဝင် ၃ ဦးကို ဖမ်းဆီးခဲ့သည်ဟု ပါတီနှင့် နီးစပ်သူ ဒေသခံတစ်ဦးက ပြောသည်။ 

နောက်တစ်နေ့တွင် NLD ထောက်ခံသူတစ်ဦး၏ နေအိမ်ကို ဝင်ရောက်ဖမ်းဆီးရာ မတွေ့သည့်အတွက် ဂိမ်းဆော့နေသည့် ကလေး ၂ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ NLD ထောက်ခံသူ နောက်တစ်ဦး၏ နေအိမ်တွင်လည်း ဖမ်းလိုသူ မတွေ့၍ ဇနီးနှင့် သမီးတို့ကို ဖမ်းဆီးသွားကြောင်း ၎င်းက ဆက်ပြောသည်။ 

အဖမ်းခံရသူ အမျိုးသမီး ၅ ဦး၊ အမျိုးသား ၈ ဦးတို့တွင် ၁၅ နှစ်အရွယ် ၃ ဦး ပါဝင်သည်ဟု ဆိုသည်။

၎င်းတို့ကို ထီးချိုင့်မြို့နယ်ရဲစခန်းတွင် ချုပ်နှောင်ပြီး စစ်ဆေးမေးမြန်းနေသည်ဟု နီးစပ်သူများထံမှ သိရသည်။

“ညက တစ်မြို့လုံးမွှေလိုက်တာ ၁၀ ယောက်ပါသွားတယ်။ NLD ရပ်ကျေးတွေကိုပဲ ပစ်မှတ်ထားတဲ့ သဘောမျိုး၊ PDF နဲ့ ဆက်သွယ်တယ်ဆိုပြီး လူရှာတာပေါ့” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် အထက်ပါ ထီးချိုင့်မြို့ဒေသခံက ယနေ့ ပြောသည်။ 

အောက်တိုဘာ ၆ မနက်၌ ထီးချိုင့်မြို့နယ် ကမ်းနီရွာနေ NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်၏ နေအိမ်၊ မိခင်၏အိမ်၊ တုံလုံရွာရှိ နှမဖြစ်သူ၏ နေအိမ်နှင့် စျေးဆိုင်တို့ကို စစ်တပ်က စီးနင်းခဲ့သည်။ 

ဦးမောင်မောင်၏ နေအိမ်ကို မနက်ပိုင်း ဝင်စီးခဲ့သည့် စစ်သားများက ငွေကျပ် တစ်သိန်းခွဲနှင့် လက်ဝတ်ရတနာတချို့ကို ယူဆောင်သွားကာ ဘုန်းကြီးကျောင်းတွင် အပ်နှံခဲ့ကြောင်း ထီးချိုင့်ဒေသခံများထံမှ သိရသည်။ 

ညနေတွင် စစ်တပ်နောက်တစ်ဖွဲ့ ရောက်ရှိလာပြီး ဦးမောင်မောင်၏ နေအိမ်၊ မိခင်နေအိမ်တို့ကို မွှေနှောက်ကာ အိမ်မျက်နှာစာနှင့် အသုံးအဆောင်ပစ္စည်းများကို ရိုက်ချိုးဖျက်ဆီးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။ 

နောက်တစ်နေ့ (အောက်တိုဘာ ၇) မနက်၌ တုံလုံရွာရှိ သူ၏ နှမပိုင်ဆိုင်သော ကုန်မာဆိုင်ကို စစ်တပ်က ဝင်ရောက်မွှေနှောက်ဖျက်ဆီးသွားသည်ဟု သိရသည်။ 

“ကုန်မာဆိုင်ကိုလည်း အကုန်ဖျက်ဆီးသွားတယ်။ အထဲက စင်တွေကို တွန်းလှဲသွားတယ်။ ကြိုးဆွဲမီးစက်တစ်လုံး၊ ဆန်အိတ် ၃ အိတ်၊ ဘက်ထရီအိုးတွေ (၁၀၀ အိုးတွေ၊ ၇၀ အိုးတွေ) အကုန်ယူသွားတာ။ အင်္ကျီတွေလည်း အကုန်လုံး ထည့်ယူသွားတယ်” ဟု ထီးချိုင့်မြို့ ဒေသခံနောက်တစ်ဦးက ပြောသည်။

လတ်တလော ဖမ်းဆီးမှု၊ အိမ်နှင့် ဆိုင်များကို လုယက်ဖျက်ဆီးမှုနှင့် ပတ်သက်ပြီး ရဲစခန်းကို မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရခဲ့ပေ။ 

ယနေ့ (စက်တင်ဘာ ၉) မနက်တွင်လည်း ဒေသခံကာကွယ်ရေးအဖွဲ့က မီးရှို့ခဲ့သည့် ရဲကင်းစခန်းတစ်ခုရှိရာ အလယ်တောရွာကို စစ်ကောင်စီ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်မွှေနှောက်ခဲ့ကြောင်း သိရသည်။

စစ်ရေးတင်းမာနေသည့် ထီးချိုင့်မြို့နယ်တွင် စစ်တပ်က ကုန်တင်ကားများ၊ ခရီးသည်တင်ကားများဖြင့် သွားလာလှုပ်ရှားနေကြောင်း၊ အောက်တိုဘာ ၉ နှင့် ၁၅ အတွင်း စစ်ဆင်တိုက်ခိုက်မည်ဖြစ်သည့်အတွက် ကုန်တင်ယာဉ်များ၊ ခရီးသည်ယာဉ်များဖြင့် သွားလာခြင်း မပြုကြရန် ထီးချိုင့်ဒေသခံကာကွယ်ရေးအဖွဲ့(HPDF) က ယနေ့ရက်စွဲဖြင့် ထုတ်ပြန် သတိပေးထားသည်။ 

ထီးချိုင့်မြို့ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ စက်တင်ဘာလကုန် နောက်ဆုံးထားနုတ်ထွက်ရန် ဒေသခံကာကွယ်ရေးအဖွဲ့က သတိပေးထားရာ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၃၀ ကျော် ရက်ပိုင်းအတွင်း နုတ်ထွက်ထားကြသည်။ 

NLD ပါတီ အနိုင်ရရှိခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲစာရင်းရလဒ် မှားယွင်းသည်ဟု အကြောင်းပြကာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် NLD ခေါင်းဆောင်များကို ဖမ်းဆီးထောင်ချနေပြီး ပါတီဝင်များ၊ ထောက်ခံအားပေးသူများကိုပါ နိုင်ငံအနှံ့ ပစ်မှတ်ထားဖမ်းဆီးနေသည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button