သတင်း

ခင်ဦးမြို့၊ ပျဉ်ထောင်ရွာမှ ၆ နှစ်သမီးကို စစ်ကောင်စီတပ် ပစ်သတ်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ပျဉ်ထောင်ရွာကို ယမန်နေ့က စစ်တပ် ဝင်ရောက်ပစ်ခတ်စဉ် သေဆုံးသွားသော ၆ နှစ်အရွယ် မမျိုးသန္တာလှိုင်၏ ရုပ်အလောင်းကို ယနေ့ (အောက်တိုဘာ ၂) တွင် ​​သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။ 

ညနေပိုင်း ကျေးရွာသုသာန်တွင် ​​သင်္ဂြိုဟ်စဉ် စစ်သားတစ်ဦးဖြစ်သည့် ဖခင်ကို မတွေ့ရသော်လည်း တပ်ထဲတွင် လိုက်ပါနေထိုင်သည့် မိခင်လာရောက်သည်ကို တွေ့ရကြောင်း ဒေသခံရွာသားများက Myanmar Now ကို ပြောသည်။ 

ကလေး၏ ဖခင်သည် ကန့်ဘလူမြို့နယ်တွင် တာဝန်ကျနေကြောင်း၊ ၎င်း၏ ရာထူးအဆင့်ကို မသိကြကြောင်း ရွာသားများက ပြောသည်။

သေဆုံးသည့် ကလေးမှာ အဒေါ်ဖြစ်သူနှင့်အတူ ပျဉ်ထောင်ကျေးရွာ၌ နေထိုင်ခဲ့သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ 

ယမန်နေ့ မနက် ၄ နာရီခွဲခန့်တွင် အိမ်ခြေ ၄၀၀ ရှိ ပျဉ်ထောင်ရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ခန့် ဝင်ရောက်စီးနင်းစဉ် ထွက်ပြေးကြသော ဒေသခံတို့ကို စစ်သားများက ပစ်ခတ်ပြီး အိမ် ၃ လုံးကို ဖျက်ဆီးခဲ့သည်။ 

ကလေးနှင့် အသက် ၃၀ အရွယ် ကိုထွန်းစီတို့သည် ရွာအတွင်း ပစ်သတ်ခံရကြောင်း၊ ၃၈ နှစ်အရွယ် ကိုအောင်ထွန်းဦး၊ ၃၅ နှစ်အရွယ် မပု၊ အသက် ၃၀ အရွယ် ကိုသန်းထိုက် တို့သည် ရွာအပြင် လယ်ကွင်းများအတွင်း အပစ်ခံရခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ပစ်ခတ်ခဲ့ပြီးနောက် ကျေးရွာအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)  သင်တန်းပေးနေသည်ဟု ၎င်းတို့ ယူဆသည့် နေအိမ်တစ်လုံးကို မီးရှို့ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဆိုင်းဘုတ်ထောင်ထားသည့် နေအိမ်နှင့် အခြားနေအိမ်တစ်လုံးကို စစ်သားများက ဖျက်ဆီးခဲ့သည်။ 

“သူတို့ဝင်ကတည်းက ဝုန်းဝုန်းဒိုင်းဒိုင်း ပစ်ဝင်တာပဲ။ ပစ်ဝင်တော့ ရှိရှိသမျှ အကုန်ထွက်ပြေးတာပဲ။ သူတို့ ပတ်ဝင်တဲ့ အပေါက်ပြေးမိတော့ သတ်ခံရတာပဲ။ ကျည်ဆန်ထိမှန်သေတာကို ၅ ယောက်၊ နာမကျန်းဖြစ်နေတဲ့သူတစ်ယောက်လည်း လန့်သေသွားတယ်”ဟု အထက်ပါ ပျဉ်ထောင်ရွာသားက ဆက်ပြောသည်။

ပျဉ်ထောင်ရွာအတွင်း သတ်ဖြတ်မှု၊ ဖျက်ဆီးမှု ကျူးလွန်သည်ဟူသော ရွာသားတို့၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီ ပြန်ကြားရေးအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းထံမှ တုံ့ပြန်ချက်ရရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။

သတ်ဖြတ်ခံရသူ ၃ ဦး၏ ရုပ်အလောင်းများကို ယမန်နေ့ကတည်းက သင်္ဂြိုဟ်ခဲ့ကြောင်း၊ ဆေးရုံအရောက်တွင် သေဆုံးခဲ့သူတစ်ဦး၏ ရုပ်အလောင်းမှာ ရွာသို့ ရောက်လာခြင်း မရှိသေးကြောင်း သိရသည်။  

စစ်ကောင်စီသည် သာမန်ပြည်သူများကိုပါ ရန်သူအဖြစ် သဘောထားနေသောကြောင့် ပြန်လည်ခုခံတိုက်ခိုက်ရန် ပြင်ဆင်မှုအတွက် အလှူရှင်များ အထူးသဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံမှ အကူအညီကို မျှော်လင့်မိသည်ဟု ခင်ဦးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုပြောင်က ပြောသည်။ 

“ပြင်ဆင်ကြဖို့ဆိုတာက လက်နက်ဖိုး ငွေရေးကြေးရေးလိုတယ်ဗျာ။ ကျွန်တော်တို့ ယုံကြည်တဲ့ NUG အစိုးရကလည်း လှုပ်ရှားမှုနည်းနေတယ်လို့ မြင်တယ်။ ဒေသခံတွေက နာလှပြီ။ PDF တွေမှမဟုတ်ဘူး။ ပြည်သူတွေလည်း ထိလှပြီဗျာ။ ကျွန်တော်တို့ ပြည်သူတွေ ကာကွယ်နိုင်ဖို့ လက်နက်တွေရအောင် ကြိုးစားပါဦးလို့” ၎င်းက ပြောသည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button