သတင်း

ရဲစခန်းဝင်စီးခံရသည့် မြောင်မြို့နယ် ကျောက်ရစ်ရွာကို စစ်တပ်က မီးရှို့

စစ်ကိုင်းတိုင်း မြောင်မြို့နယ်တောင်ပိုင်းရှိ ကျောက်ရစ်ရွာကို စစ်ကောင်စီတပ်က ယမန်နေ့ (စက်တင်ဘာ ၁၂) တွင် မီးရှို့ခဲ့ပြီး မီးငြှိမ်းသတ်ရန် ကြိုးပမ်းသူများကို စစ်တပ်က သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့ဝင်နှင့် ဒေသခံတစ်ဦးက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာ ၇ တွင် ပြည်သူ့တော်လှန်ရေးစတင်ကြောင်း ကြေညာပြီးနောက် မြောင်မြို့နယ်တောင်ပိုင်းရှိ ကျေးရွာများတွင် တိုက်ပွဲများဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲများကြောင့် ဒေသခံအများစု ထွက်ပြေးတိမ်းရှောင်နေစဉ် အိမ်ခြေ ၃၀၀ ရှိ ကျောက်ရစ်ရွာကို စစ်တပ်က မီးရှို့ခဲ့ခြင်းဖြစ်သည်။

ယမန်နေ့ညပိုင်းတွင် ရွာမီးရှို့ခံခဲ့ရသော်လည်း ရွာထဲ၌ ကျန်ရှိနေသူများအနက် သက်ကြီးရွယ်အို ၁၀ ဦးခန့်ကို ယနေ့ (စက်တင်ဘာ ၁၃) နံနက်ပိုင်းမှ ကယ်ထုတ်နိုင်ခဲ့ကြောင်း အသက် ၃၆ နှစ်အရွယ် ကျောက်ရစ်ရွာခံ အမျိုးသမီးတစ်ဦးက  Myanmar Now ကို ပြောသည်။ 

“ရွာထဲမှာ လူမရှိတဲ့အတွက် တခြားရွာတွေက မီးတောက်မြင်မှ ကျွန်မတို့ကို လှမ်းပြောမှ သိရတာရှင့်။ သေနတ်တွေလည်း တောက်လျှောက် အသံတွေပေးပါတယ်ရှင့်။ မီးလောင်နေတဲ့အချိန်မှာ သူတို့က ကင်းပုန်းတွေ ဝပ်ပြီးတော့ စောင့်ချင်စောင့်နေမှာဆိုတော့ မကယ်ရဲဘူးရှင့်။ အခု သက်ကြီးရွယ်အိုတွေက ဖင်တရွတ်တွန်းပြီးတော့ ထွက်လာတဲ့နေရာမှာပဲ သွားပြီးတော့ ကယ်ရတာပါရှင့်” ဟု အထက်ပါ အမျိုးသမီးက ဆိုသည်။ 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြည်သူ့တော်လှန်ရေးစတင်ကြောင်း ကြေညာခဲ့သည့် စက်တင်ဘာ ၇ ရက်နေ့နောက်ပိုင်း မကွေးတိုင်း ရေစကြိုမြို့နယ်နှင့် ထိစပ်နေသော မြောင်မြို့နယ်တောင်ပိုင်း ကျေးရွာများတွင် စစ်ကောင်စီတပ်နှင့် ဒေသခံ PDF အဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ရေစကြိုနှင့် မြောင်မြို့နယ်ချင်း ထိစပ်နေသော ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းရှိ ရွှေလှံ၊ မြစ်ဆုံနှင့် ကျောက်ရစ်ကျေးရွာများတွင် စက်တင်ဘာ ၈ ရက်မှစ၍ သုံးရက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ စက်တင်ဘာ ၈ ရက်နေ့တွင် ဒေသခံ PDF အဖွဲ့များက ရဲစခန်းကို ဝင်ရောက်စီးနင်းပြီးနောက် စစ်တပ်က ကျောက်ရစ်ရွာတွင် အထိုင်ချတပ်စွဲကာ ယမန်နေ့ညက ရွာကို မီးရှို့ခဲ့ခြင်းဖြစ်သည်။ 

မီးလောင်ကျွမ်းသည့် နေအိမ်ခြောက်လုံးခန့်ရှိကြောင်း ခန့်မှန်းထားသော်လည်း ရွာထဲသို့ ပြန်မဝင်နိုင်သေးသဖြင့် ပျက်စီးဆုံးရှုံးမှုနှင့် လူသေဆုံးမှု ရှိမရှိ မသိရသေးကြောင်းလည်း ကျောက်ရစ်ရွာခံအမျိုးသမီးက ပြောသည်။ 

“အရင်ရက်ကတည်းက ရွာထဲမှာ ကြိမ်းဝါးသွားတယ်တဲ့။ စစ်သား ၇ ယောက်လာတယ်။ တော်တော် မူးရူးနေကြတယ်။ သက်ကြီးရွယ်အိုတွေ ထွက်ချင်ထွက်ထား၊ ကျုပ်တို့က ခင်ဗျားတို့ ရွာတွေ မီးရှို့မှာလို့ ကြိမ်းသွားတယ်တဲ့” ဟု အထက်ပါ ဒေသခံအမျိုးသမီးက ဆိုသည်။

ကျောက်ရစ်ရွာမှာ ယမန်နေ့ည ၉ နာရီခွဲကျော်က စတင်မီးရှို့ခံရခြင်းဖြစ်ကာ ည ၁၁ နာရီကျော်အထိ မီးငြိမ်းခြင်းမရှိသေးကြောင်း ဒေသခံ PDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“သူတို့ (စစ်တပ်) က ညပိုင်းမှာ မီးရှို့မယ်ဆိုတာ အသံတော့ ကြားတယ်။ ကောလာဟလလို့ ထင်တာ။ ဒီနေ့ညတော့ တကယ်ရှို့တယ်။ သူတို့က မနိုင်နိုင်ရာ မဲပြီးတော့ သူတို့ကို ကြောက်အောင်လုပ်တဲ့ ပုံစံမျိုးပဲ” ဟု အဆိုပါ PDF အဖွဲ့ဝင်က ပြောသည်။ 

ယနေ့ (စက်တင်ဘာ ၁၃) နေ့ခင်းပိုင်းအထိ ဒေသခံအများစုမှာ ကျောက်ရစ်ရွာသို့ ပြန်မဝင်ရဲကြသေးဘဲ ထွက်ပြေးပုန်းအောင်နေရဆဲဖြစ်သည်ဟု ဒေသခံအမျိုးသမီးကလည်း ပြောသည်။ 

“တော်တော်လေး ရုပ်ဆိုးပါတယ်။ လုံးဝ သူတို့ ဒီလောက်ကြီး မလုပ်သင့်ဘူး။ စိတ်နာတယ်။ PDF တွေက ပြည်သူတစ်စုံတစ်ယောက် နစ်နာအောင် ဘယ်တော့မှ မလုပ်ဘူး။ ရွာထဲမှာ သူတို့ (စစ်တပ်) ပဲ နေတယ်။ သူတို့ပဲ လုပ်တယ်။ ကားတွေလည်း သူတို့ စီးချင်ရာ စီးတယ်။ ပစ္စည်းတွေလည်း သူတို့ ယူချင်ရာ ယူတယ်။ ဆိုင်တွေလည်း ကျွမ်းထိုးမှောက်ခုံ သူတို့ သုံးချင်ရာသုံး၊ သူတို့ လုပ်ချင်ရာလုပ်နေတာ” ဟုလည်း အထက်ပါအမျိုးသမီးက ဆိုသည်။

မီးရှို့ခံရသော ကျောက်ရစ်ရွာတွင် စစ်ကောင်စီတပ်နှင့် ဒေသခံ PDF အဖွဲ့များ နှစ်ကြိမ်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စက်တင်ဘာ ၈ ရက်တွင် ရဲစခန်းကို PDF အဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပြီး စခန်းမှူးအပါအဝင် သုံးဦးကို ဖမ်းမိခဲ့သည်။

သို့သော် စစ်တပ်က တပ်ကူရောက်လာပြီး ကျောက်ရစ်ကျေးရွာရဲစခန်းကို ပြန်သိမ်းနိုင်ခဲ့သည်။ စက်တင်ဘာ ၁၀ ရက်တွင်လည်း ကျောက်ရစ်ရွာအနီး စစ်တပ်နှင့် ဒေသခံ PDF အဖွဲ့များ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး PDF ဘက်မှ ငါးဦး ဖမ်းဆီးခံခဲ့ရသည်။

စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် မန္တလေးတိုင်းတို့ နယ်နိမိတ်ချင်း ထိစပ်နေသော ကျောက်ရစ်၊ ရွှေလံနှင့် မြစ်ဆုံကျေးရွာတို့တွင် စက်တင်ဘာ ၈ ရက်မှ ၁၀ ရက်နေ့အထိ သုံးရက်တာတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၂၀ ကျော် ကျဆုံးကာ ၎င်းတို့ဘက်မှ ကျဆုံးမှုမရှိကြောင်း ဒေသခံ PDF အဖွဲ့ဝင်များက ဆိုသော်လည်း အသေးစိတ်ကိုမူ အတည်မပြုနိုင်ပေ။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button