ရခိုင်ဒေသတိုက်ပွဲကြားတွင် အထိအနာဆုံးသော အမျိုးသမီးများ

အသက်လုနေရသည့် ကိုယ်ဝန်ဆောင်တို့သည် ရုတ်တရက် ပေါ်ပေါက်လာသော တိုက်ပွဲများကြောင့် အသက်လု ပြေးကြရသည်

Published on Jan 30, 2019
ကျောက်တော်မြို့နယ်၊ ကျွန်းသာယာ ကျေးရွာမှ မအေးအေးနုသည် သူ၏ရင်သွေးကို စစ်ရှောင်စခန်းရောက်ပြီး ရက်ပိုင်းအတွင်း မွေးဖွားခဲ့သည် (ဓာတ်ပုံ - အောင်ငြိမ်းချမ်း / Myanmar Now)
ကျောက်တော်မြို့နယ်၊ ကျွန်းသာယာ ကျေးရွာမှ မအေးအေးနုသည် သူ၏ရင်သွေးကို စစ်ရှောင်စခန်းရောက်ပြီး ရက်ပိုင်းအတွင်း မွေးဖွားခဲ့သည် (ဓာတ်ပုံ - အောင်ငြိမ်းချမ်း / Myanmar Now)

ရခိုင်ပြည်နယ်မြောက်ပိုင်း ကျေးလက်ဒေသတစ်ခုမှ ၃၈ နှစ်အရွယ် မထွေးသည်  အရိုးကွဲမတတ် အေးလှသည့် ရာသီဥတုဒဏ်ကို  အံတုပြီး ချောင်းစပ်သို့ ဆင်းလာသည်။

မီးဖွားရန် ရက်ပိုင်းသာ လိုတော့သည့် မထွေးသည် လှေဝမ်းထဲဝင်နေသည့် ရေကို ခပ်ထုတ်ရင်း မျက်ရည်ကျနေမိသည်။ ဆိုးရွားသည့် ရာသီဥတုတွင် ချောင်းရေနှင့် ထိတွေ့ရခြင်းကြောင့် ကျန်းမာရေး ချို့ယွင်းမည်ကို စိုးရိမ်သော်လည်း သူတို့နေထိုင်ရာ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆည်တောင်ကျေးရွာ အနီးသို့ ရောက်လာသည့်  တိုက်ပွဲများက အန္တရာယ် ချက်ချင်း ပေးနိုင်သဖြင့် ရွာမှ ထွက်ပြေးရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

စစ်ရှောင်ကြစဉ် သူတို့လင်မယားနှင့်အတူ ဂရုတစိုက်ခေါ်ဆောင်သွားရမည့် ကလေးသုံးယောက်ရှိသည်။ ရင်ထဲဗလောင်ဆူနေသည့် မကျေနပ်ချက်တို့အတွက် မည်သူ့ကို အပြစ်တင်ရမည်လည်း မသိ။  ဒီဇင်ဘာ ၁၂ ညပိုင်း ရွာအနီး လက်နက်ကြီး လက်နက်ငယ်သံကြောင့် နောက်တစ်နေ့နံနက်ပိုင်း ရွာလုံးကျွတ် တိမ်းရှောင်ကြရာ ဗိုက်ကြီးသည် မထွေးသည် လက်တစ်ဘက်က  လူမမယ် သမီးငယ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ပြီး မပေါ့မပါး ပြေးခဲ့ရသည်။

“လက်မှာလည်း ချီထားရတယ်။ ဗိုက်ထဲမှာလည်း လွယ်ထားရသေးတယ်။ ကိုယ့်(ရွာ)နေရာမှာလည်း မနေရ။ အခက်အခဲတွေကလည်း အမျိုးမျိုး ဆိုတော့ ဝမ်းနည်းမိတယ်” ဟု မထွေးက တစ်နေကုန်ခဲ့သော စစ်ရှောင်ခရီးအတွေ့အကြုံကို ပြောပြသည်။

တပ်မတော်နှင့် ရခိုင်တပ်မတော် (AA) တို့ကြား တိုက်ပွဲများသည် မထွေးတို့၏ ကျေးရွာအနီးတွင်သာမက နေရာအများအပြားတွင် ဖြစ်ပွားခဲ့ရာ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းနှင့် ကျောက်တော် မြို့နယ်တို့တွင် စစ်ဘေးရှောင် ငါးထောင်ဝန်းကျင် ရှိလာသည်။

အဆိုပါ နေရပ်စွန့်ခွာထွက်ပြေးရသူများကြားတွင် မထွေးကဲ့သို့ ကိုယ်ဝန် နေ့စေ့လစေ့ ဖြစ်နေသူ၊ မကြာသေးခင်ကမှ မီးဖွားပြီးသူ၊ ရင်ခွင်ပိုက်ကလေးတို့လည်း ပါဝင်ရာ ၎င်းတို့သည် ရခိုင်ဒေသ တိုက်ပွဲများကြားတွင် အန္တရာယ် အကျရောက်နိုင်ဆုံးလူသားများ ဖြစ်လာကြသည်။ 

တာလပတ်မိုး မီးနေခန်း

စစ်ရှောင်စခန်းရှိရာ အထက်သင်ပုန်းတန်းကျေးရွာသို့ ရောက်ပြီး ရက်အနည်းငယ်အကြာတွင် မထွေး ဗိုက်နာလာရာ ပုဏ္ဏားကျွန်းမြို့နယ်ဆေးရုံသို့ ပို့ရသည်။ ဆေးရုံသို့ သွားရာ ၅ နာရီကြာ ရေလမ်းခရီးတွင် မထွေးက နာကျင်မှုကြောင့် ငိုပြီး လိုက်ပါလာသည်။ စက်လှေမောင်းနေသော ခင်ပွန်းသည် ကိုထွန်းဝေက မထွေးနှင့် ဗိုက်ထဲမှ ရင်သွေးငယ်အတွက် စိုးရိမ်နေရတော့သည်။

လွန်စွာ အရေးကြီးချိန်တွင်မှ သောင်ထွန်းနေသည့် တောဖျားချောင်းထဲ မရုန်းနိုင်တော့သည် စက်လှေကို အားကုန် ဆွဲခဲ့ရသေးသည်။

“ရေကလည်း အေးတယ်။ ကျွန်တော့မိန်းမကလည်း ငိုနေတယ်။ တအားကြီး စိတ်ထဲ ဆင်းရဲတာပါပဲ။ ဒီလိုပဲ အမြဲတမ်းဖြစ်နေတော့မှာလား ဆိုပြီးတော့ ကျွန်တော် ငိုတောင် ငိုမိပါတယ်” ဟု စစ်ရှောင်စဉ်က သုံးခဲ့သည့် စက်လှေပေါ်တွင် ထိုင်ရင်း ၎င်းကပြောသည်။

ပုဏ္ဏားကျွန်းဆေးရုံတွင် သမီးမိန်းကလေးတစ်ဦးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့သည်။ မီးဖွားပြီး  သုံးရက်အကြာတွင် စခန်းသို့ ပြန်လာစဉ် Myanmar Now က သူတို့ မိသားစုနှင့် တွေ့ဆုံနိုင်ခဲ့ခြင်း ဖြစ်သည်။

၆ ပေ ပတ်လည်ခန့် ကျယ်ဝန်းပြီး ဝါးလုံးထောင်၊ တာလဘတ်မိုးကာထားသည့် သူတို့၏ တဲမှာ မိသားစု  တိုးဝှေ့ အိပ်စက်ရသည့် နေရာ ဖြစ်ပြီး ထိုနေရာတွင်ပင် ချက်ပြုတ်စားသောက် ကြသည်။

၂၀၁၈ နှစ်ကုန်ပိုင်းမှ စတင်ပေါ်ပေါက်လာသော တိုက်ပွဲများကြောင့် စစ်ရှောင်ကြရသူတို့ကို ကူညီမှုများမှာ လုံလောက်ခြင်း မရှိသေးပေ။ မထွေးကဲ့သို့ နို့တိုက်မိခင်များအတွက် လိုအပ်သည့် အဟာရ အထောက်အပံ့မှာလည်း  အလွန်ပင် အားနည်းနေသေးသည်။

ရန်ကုန်-စစ်တွေ ကားလမ်းဘေး ကျောက်တော်မြို့နယ်အတွင်းရှိ ကန်စောက်ရွာဘုန်းတော်ကြီးကျောင်းတွင် ဖွင့်ထားသည့် စစ်ရှောင်စခန်းတွင် ရွာအသီးသီးမှ ဒေသခံ ၅ဝဝ နီးပါး ခိုလှုံလျက်ရှိရာ ၎င်းတို့အထဲမှ

ခမီတိုင်းရင်းသူ မပြိုင်သက်ဦး၊ ရခိုင်တိုင်းရင်းသူ မအေးအေးနုတို့သည် စခန်းရောက်ပြီး ရက်အနည်းငယ် အကြာတွင် မီးဖွားခဲ့သူများဖြစ်သည်။

မြေပြင် ပစ်ခတ်မှု၊ လေကြောင်းမှ ပစ်ခတ်မှုတို့ ပါဝင်သော တိုက်ပွဲက ရွာအနီး ဖြစ်ပွားလာခြင်းကြောင့် နေရပ်မှ ထွက်ပြေးရသည့် ဤအမျိုးသမီးနှစ်ဦးအတွက် ကံကောင်းသည့် အချက်မှာ ရောက်ရှိခိုလှုံသည့်ရွာတွင် ကျေးလက်ကျန်းမာရေးဌာန ရှိနေခြင်းပင်။  သို့သော်လည်း မြန်မာပြည်၏ အဆင်းရဲဆုံးဒေသတစ်ခုဖြစ်သော ရခိုင်ပြည်နယ်အတွင်းရှိ အဆိုပါ သားဖွားခန်းက ပေးနိုင်သည့် ဝန်ဆောင်မှုမှာ အကန့်အသတ်ကြီးလှသည်။

“(အဲဒီနေရာမှာ) ထမင်းတစ်ခုပဲ ရှိတယ်၊ တခြား ဘာမှ မရှိပါဘူး” ဟု ၃၈ နှစ် အရွယ် မပြိုင်သက်ဦးက ပြောသည်။

သူ့နည်းတူ သွေးနုနု သားနုနု မအေးအေးနုသည်လည်း   မီးတွင်းကာလ ဂရုတစိုက် နေထိုင်ရန် လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများနှင့် အလှမ်းဝေးလွန်းနေသည်။ သို့သော်လည်း မအေးအေးနုသည် မီးဖွားပြီး သုံးရက်အကြာတွင် မွေးကင်းစရင်သွေးကိုပိုက်ပြီး ဂရုစိုက်ရန် လိုအပ်သည့် သူ၏ ဘုစုခရု ကလေးနှစ်ဦးရှိရာ စစ်ရှောင်စခန်းသို့  ပြန်ခဲ့သည်။

မိခင်နှင့် အာဟာရ

စစ်တွေ အခြေစိုက် ဝံလက် ဒေသဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းက နှစ်လကြာ တိုက်ပွဲတို့ကြောင့်  စစ်ဘေးရှောင် ၅,၁၆၀  ရှိလာသည်ဟု သတင်းထုတ်ပြန်ထားသည်။ ဖောင်ဒေးရှင်း၏ ဒါရိုက်တာ ဦးခိုင်ကောင်းစံက နေရပ်စွန့်ခွာလာရသူများထဲတွင် ၆ လအောက် ကလေး အရေအတွက် ၈ဝ၊  ၂ နှစ်အောက်  ၁၅၀ ခန့် ပါဝင်နိုင်သည်ဟု ခန့်မှန်းထားသည်။

“ဆရာဝန် မရှိပါ။ ယာယီဆေးခန်း နေ့ဘက် တချို့နေရာတွေရှိပါတယ်။ မိခင်တွေအတွက် ဓာတ်စာများ လိုအပ်ပါတယ်” ဟု ၎င်းက ပြောသည်။

ရန်ကုန်-စစ်တွေ ကားလမ်းနံဘေးတွင် တည်ရှိသည့် ဝါးတောင်စစ်ရှောင်စခန်းတွင် လူဦးရေ တစ်ထောင်ကျော် ခိုလှုံနေပြီး ထိုစခန်းတွင်မူ ကျန်းမာရေးဌာန၏ဆေးပေးခန်းကို တွေ့ရသည်။ ထိုစစ်ရှောင်စခန်းရှိ သားဖွားဆရာမ နန်းအေးလှိုင်က  ၎င်းတို့ထံတွင် ကိုယ်ဝန်ဆောင် ၄၅ ဦး ရှိနေရာ ၅ ဦးမှာ မွေးရက် နီးနေပြီဟု ဆိုသည်။

ကိုယ်ဝန်ဆောင်များ အတွက်လိုအပ်သည့် သံဓာတ် အားတိုးဆေး၊ ကာကွယ်ဆေးများ လုံလောက်စွာ ပေးထားပြီး ကိုယ်ဝန် ၉ လ အထက် ရှိနေသူတို့အတွက် B1 ဆေးလုံးများ ပေးဝေထားသည်ဟု ပြောသည်။

မြန်မာနိုင်ငံတွင်  ကိုယ်ဝန်ဆောင်ခြင်း၊ မီးဖွားခြင်းကြောင့်  အမျိုးသမီး ၂,၈၀၀  နှစ်စဉ် သေဆုံးနေရသည်ဟု ၂၀၁၄ သန်းခေါင်စာရင်း  နောက်ဆက်တွဲထုတ်ပြန်ချက်ကို လေ့လာ ကိုးကားပြီး ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) က ၂၀၁၆ နှစ်ကုန်ပိုင်းတွင် တွက်ချက် ထုတ်ပြန်ခဲ့သည်။ ဤကိန်းဂဏန်းအရ ဆိုလျှင် နေ့စဉ် ကိုယ်ဝန်ဆောင်မိခင် ၈ ဦး သေဆုံးနေသည်။

ထိုအဖွဲ့၏ ပြီးခဲ့သည့်နှစ် နှစ်လယ်ပိုင်း သတင်းထုတ်ပြန်ချက်တစ်ခုတွင် ရခိုင်ဒေသ ကိုယ်ဝန်သည်တို့အကြောင်း ပါဝင်သည်။ ဤပြည်နယ်၏ ကိုယ်ဝန်ဆောင် အရေအတွက် တစ်သိန်းတွင်  သေဆုံးမှုနှုန်း ၃၁၄ ဦး ရှိသည်ဟု ဆိုသည်။

ယောကျ်ားဖောင်စီး၊ မိန်းမမီးနေဟူသော စကားအတိုင်း ကိုယ်ဝန်ဆောင် အမျိုးသမီးတို့သည် အသက်အန္တရာယ်နှင့်  နီးလှသည်။ ရခိုင်ပြည်နယ်တွင် ပစ်ခတ်မှုများ ဖြစ်ပွားနေသဖြင့် အဆိုပါ တိုက်ပွဲဒေသမှ ကိုယ်ဝန်သည်တို့အတွက်မူ အန္တရာယ်က တစ်ခုထက် ပိုနေတတ်သည်။

ပဋိပက္ခဒေသ ကိုယ်ဝန်သည်တို့၏ လိုအပ်ချက်နှင့် ပတ်သက်ပြီး ရန်ကုန်မြို့မှ ဒေါက်တာမြတ်သန့်ကို Myanmar Now က မေးမြန်းခဲ့သည်။

“မီးတွင်းဆိုတာ အမျိုးသမီးတစ်ယောက်အတွက် အထူး အခွင့်အရေး ရကို ရရမယ့် အနေအထား။ အဲဒီ အနေအထားမှာ စစ်ရှောင်စခန်း ရောက်နေတယ် ဆိုတော့ ကျွန်မ ဖြေစရာ မလိုတော့ပါဘူး” ဟု ဒေါက်တာမြတ်သန့်က ပြောသည်။

၎င်းသည် ရန်ကုန်တွင် မြင့်မိုရ် မေတ္တာဂေဟာ  တည်ထောင်ပြီး တစ်ကိုယ်ရေ မိခင်များကို ကူညီနေသူဖြစ်သည်။

မွေးဖွားပြီးကာစ အမျိုးသမီးများအတွက် ကောင်းမွန်သည့် အစာအဟာရများလိုအပ်ပြီး မိခင်ကျန်းမာမှသာ ရင်သွေးမှာလည်း ကျန်းမာမည်ဖြစ်ကြောင်း၊ တိုက်ပွဲနှင့် နီးကပ်စွာ နေထိုင်ခဲ့ရပြီး စစ်ရှောင်စခန်းများတွင် ရောက်ရှိနေသည့် ကိုယ်ဝန်ဆောင်များ၊ မီးဖွားပြီးသူများသည် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နိုင်ခြေ ရှိသည့်အတွက် ပိုမို ဂရုစိုက်ပေးရန် လိုကြောင်း ၎င်းက ထောက်ပြသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ် စီမံခန့်ခွဲရေး ဦးစီးဌာန၊ ရခိုင်ပြည်နယ် ဦးစီးအရာရှိ ဦးရဲမင်းဦးက ရခိုင်ပြည်နယ်တွင် ၂ နှစ်အောက်ကလေးနှင့် ကိုယ်ဝန်ဆောင် မိခင်တို့အတွက် သုံးစွဲရမည့် ငွေကြေးပမာဏ သီးသန့်ရှိနေကြောင်း၊ ထိုငွေကို စစ်ရှောင် မိခင်နှင့် ကလေးတို့အတွက်  ပြောင်းလဲ အသုံးပြုနိုင်ကြောင်း ပြောသည်။

“အရေးပေါ် အခြေအနေမှာလည်း ပုံမှန် ဆောင်ရွက်ရမယ် ဆိုတာ ကျွန်တော်တို့မှာ ရှိပြီးသားမူပဲလေ” ဟု ၎င်းက ပြောသည်။

ရခိုင်ဒေသ စစ်ရှောင် ကိုယ်ဝန်ဆောင်တို့နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများက သတင်း ထုတ်ပြန်ခြင်း မရှိသေးပေ။

မရေမရာ အနာဂတ်

အထက်သင်ပုန်းတန်းစစ်ရှောင် စခန်းသို့ ရောက်နေသူ မထွေးတို့ မိသားစုသည် အရပ်တစ်ပါးသို့ တိမ်းရှောင်ထွက်ပြေးရာတွင် မဖြစ်မနေ  သယ်ဆောင်ရမည့် ပစ္စည်းတို့ ရှိသော်လည်း လှေမဆံ့သဖြင့် လူသာ လိုက်ပါခဲ့ရသည်။

မွေးကင်းစကလေးကို နို့တိုက်နေသည့် မထွေးက သြရမတောင်ခြေမှ ရိပ်သိမ်းချိန်တန်ပြီဖြစ်သည့် တောင်ယာ စပါးခင်း၊ မွေးမြူထားသည့် ကျွဲ၊ နွား၊ ကြက်၊ ဝက်နှင့် လုပ်ငန်းခွင်တို့ကို သတိရနေမိသဖြင့် ရင်ထဲတွင် ပို၍ နာကျင်ရသည်။ နေ့စဉ်လုပ်ငန်းခွင်နှင့် ၎င်း၏ သား၊ သမီးများ၏ ပညာရေးအတွက် ရွာသို့ပြန်ချင်သည်ဟု ပြောသည်။ သို့သော်လည်း စစ်ရှောင်စခန်းတွင် မည်မျှကြာ သောင်တင်မည် ဆိုသည်ကို သူအပါအဝင် မည်သူမျှ မသိနိုင်သေးပေ။

နိုင်ငံအရှေ့ပိုင်းတွင် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခြင်းကြောင့် ဒေသခံအများအပြား နေရပ်စွန့်ခွာပြီး ၎င်းတို့အတွက် စစ်ရှောင်စခန်းများ ပေါ်ပေါက်ခဲ့လာသည်။ ယခု အလှည့်ကျသည်မှာ မထွေးတို့ နေထိုင်ရာ နိုင်ငံအနောက်ပိုင်းဖြစ်သည်။

“တိုက်ပွဲဖြစ်နေတာက နှစ်ဦးနှစ်ဘက်။ ကျွန်မတို့ ပြည်သူက ခံနေရတယ်။ တိုက်ပွဲကို ငြိမ်စေချင်တယ်။ တိုက်ပွဲ ငြိမ်မှ ကျွန်မတို့ လွတ်လွတ် လပ်လပ် နေလို့ရမယ်” ဟု မထွေးက ပစ်ခတ်မှုများ ရှိနေသည့် သြရမတောင်ဘက်သို့  ငေးရင်း ပြောလိုက်သည်။

 

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading