သတင်း

ကျောက်တော်တွင် ရွာသားတစ်ဦး မိုင်းနင်းမိပြီး ခြေတစ်ဖက်ပြတ်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် နွားကျောင်းနေသည့် ဒေသခံတစ်ဦး ယမန်နေ့ (ဩဂုတ် ၁၇) မွန်းလွဲ ၁ နာရီခွဲခန့်က မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ပြတ်တောက်၍ ပြင်းထန်စွာ ဒဏ်ရာရသွားသောကြောင့် စစ်တွေဆေးရုံသို့ ပို့ဆောင်ထားရသည်။

ဦးစွန်းတောင်ကျေးရွာအနောက်တောင်ဘက် တစ်မိုင်ခန့်အကွာတွင် ပေါ်ပေါက်ခဲ့သောဖြစ်စဉ်တွင် ၃၆ နှစ်အရွယ် ကိုအောင်သိန်းဆန်း ဘယ်ဘက်ခြေသလုံးအောက်ပိုင်း ပြတ်တောက်သွားခဲ့သည်။ 

“ကန်စောက်တောင်ကျော်လမ်းနားက အမြောက်တပ်ရင်းနားမှာဖြစ်တာပါ။ ဒဏ်ရာရသွားတဲ့အချိန်မှာ သူနဲ့အတူ နွားကျောင်းနေတဲ့သူတွေက ရွာကို သတင်းလာပို့တယ်။ အဲဒီအချိန်မှာ ရွာသားတွေက သွားယူခဲ့တာပါ” ဟု လူနာ၏ အစ်မတော်စပ်သူ ဒေါ်ယဉ်ယဉ်ဦးက ပြောသည်။

အပေါက်ဝတိုက်နယ်ဆေးရုံသို့ ပို့‌ဆောင်ခဲ့ကြသော်လည်း ဒဏ်ရာပြင်းထန်သည့်အတွက် အပေါက်ဝဆေးရုံမှတစ်ဆင့် နေ့တွင်းချင်း စစ်တွေဆေးရုံသို့ လူနာတင်ကားဖြင့် ပို့ဆောင်လိုက်ရသည်ဟု ၎င်းက ဆက်ပြောသည်။

အမြောက်တပ်အနီးဝန်းကျင်ဖြစ်သော မျာလီကန်၊ နန်းရာကုန်း စသည့်နေရာများတွင် ဦးစွန်းတောင်ရွာသားများ မိုင်းအန္တရာယ်မကြုံရဘဲ နွားကျောင်းခဲ့ကြကြောင်း ၎င်းရွာသားတစ်ဦးက ပြောသည်။

“အခုလိုမျိုး ပေါက်ကွဲမှုဖြစ်တာက အရင်တုန်းက မဖြစ်ခဲ့ဖူးဘူး။ အရင်ကလည်း အဲဒီဘက်တွေမှာ အမြဲနွားကျောင်းနေကြတာ။ အဲဒီမိုင်းက ဒီရက်ပိုင်းမှာ ထောင်တာလို့ လူတွေက ခန့်မှန်းနေကြတယ်” ဟု အထက်ပါ ရွာခံအမျိုးသားက ဆိုသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများမဖြစ်သည်မှာ ၉ လခန့် ရှိလာပြီဖြစ်သော်လည်း ထိုကဲ့သို့ မြေမြှုပ်မိုင်းအန္တရာယ်များကို ရခိုင်ဒေသခံများ ရင်ဆိုင်နေရဆဲ ဖြစ်သည်။ 

ပြီးခဲ့သည့် ဇူလိုင် ၂၁၊ ပုဏ္ဏားကျွန်းမြို့နယ် အထက်မြတ်လေးကျေးရွာမှ ၁၆ နှစ်သား လူငယ်တစ်ဦးသည် တောထဲသို့သွားစဉ် မြေမြှုပ်မိုင်းနင်းမိခဲ့၍ ညာဘက်ခြေထောက် ပြတ်တောက်သွားခဲ့သည်။

စစ်ပွဲများရပ်တန့်သွားခဲ့သော်လည်း မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသော စစ်ကျန်လက်နက်ကြီးများလည်း ဒေသတဝိုက် ပြန့်ကျဲနေသောကြောင့် ကလေးငယ်များ၊ လူကြီးတချို့က ကိုင်တွယ်ယူဆောင်ရာမှ ပေါက်ကွဲမှုဖြစ်ပြီး လူသေဆုံးမှုများလည်း ရှိခဲ့သည်။

မေ ၇ ကလည်း မင်းပြားမြို့နယ်၊ စပါးထားကျေးရွာတွင် တောစပ်တစ်နေရာတွင် တွေ့ရသည့် လက်နက်ကြီးကျည်တစ်လုံး ကောက်ယူလာပြီး ရွာရှိ နေအိမ်၌ ထုခွဲကြည့်ရာ ပေါက်ကွဲပြီး လူ ၃ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်။  

အလားတူဖြစ်ရပ်မျိုး ယင်းရွာ၌ပင် ၂၀၂၁ ဇန်နဝါရီလအတွင်းက ဖြစ်ပွားခဲ့ပြီး ၁၆ နှစ်အရွယ် လူငယ်တစ်ဦး ရွာအပြင်၌ နွားကျောင်းနေစဉ် ဗုံးသီးတစ်လုံးတွေ့ရှိသဖြင့် ရွာအတွင်း ယူလာပြီး ထုခွဲကြည့်ရာမှ ပေါက်ကွဲပြီး ၉ ဦး ဒဏ်ရာရကာ ၁ ဦး သေဆုံးခဲ့သည်။ 

ထို့ကြောင့် ရခိုင်အရပ်ဘက်အဖွဲ့အစည်းတချို့က မိုင်းနှင့် စစ်ကျန်လက်နက်ကြီးအန္တရာယ်များကို ဒေသတွင်း အသိပညာပေးမှုများ လုပ်ဆောင်နေရသည်။ 

စစ်တွေမြို့အခြေစိုက် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC) အဖွဲ့ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ၎င်းတို့အဖွဲ့က ဒေသတွင်း မိုင်းအန္တရာယ်အသိပညာပေးမှုလုပ်ငန်းများကို မကြာမီ ပြန်စနိုင်မည်ဟု မျှော်လင့်နေသည်။  

” ကိုဗစ်ကူးစက်မှုတွေများနေလို့ မိုင်းအန္တရာယ် အသိပညာပေးမှုတွေကို ရပ်ထားပါတယ်။ အွန်လိုင်းကနေသင်လည်း သိပ်အဆင်မပြေ။ နယ်ကလူတွေကို (သင်တန်း)ပေးဆိုတော့ နယ်ကလူတွေကလည်း အဲဒါတွေကို သိပ်မသုံးတတ်ဘူး။ အဲဒီပညာပေးမှုတွေမှာ လက်တွေ့သရုပ်ပြရတာလည်းပါတယ်ဆိုတော့ လူချင်းတွေ့ပြီးတော့ ပေးရတာ အဆင်ပြေပါတယ်။ အဲဒါကြောင့် ကိုဗစ်ကာလမှာ ရပ်ထားတာပါ။ ကိုဗစ်ကူးစက်မှုနည်းသွားတဲ့အချိန်မှာ မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းတွေ ဆက်လုပ်သွားဖို့ အစီအစဉ်တွေ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။ 

ရခိုင်ပြည်နယ်မြောက်ပိုင်း၏ ၂ နှစ်တာစစ်ပွဲအတွင်း စစ်ကျန်လက်နက်ခဲယမ်းများနှင့် မြေမြှုပ်မိုင်းကြောင့် အရပ်သားသေဆုံးသူ ၅၁ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၈၃ ဦးအထိရှိသည်ဟု REC ၏ အချက်အလက်များအရ သိရသည်။ 

Show More

Related Articles

Back to top button