သတင်း

မြန်မာနှင့် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်နေဟု ရုရှားလက်နက်ကုမ္ပဏီအကြီးအကဲပြော 

စစ်လက်နက်ဈေးကွက်တွင် ရုရှားနှင့် မြန်မာ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု ရုရှားနိုင်ငံပိုင် စစ်လက်နက်ပစ္စည်းရောင်းချရေးကုမ္ပဏီကြီး Rosoboronexport အကြီးအကဲ Alexander Mikheev က ယနေ့ (ဇူလိုင် ၂၁) တွင် ပြောကြားလိုက်သည်။

“စစ်ဘက်ဆိုင်ရာပစ္စည်းတွေ ပံ့ပိုးပေးနိုင်ဖို့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်နေပါတယ်။ အထူးသဖြင့် လေကြောင်းနဲ့ဆိုင်တာတွေပါ” ဟု ရုရှားနိုင်ငံတွင် ကျင်းပလျက်ရှိသည့် MAKS-2021 လေကြောင်းပြပွဲတွင် ၎င်းက ရုရှားသတင်းဌာနတစ်ခုဖြစ်သည့် Interfax ကို ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် Rosoboronexport ကုမ္ပဏီအပြင် ရုရှားနိုင်ငံပိုင် အဆင့်မြင့်နည်းပညာဆိုင်ရာ စက်မှုကော်ပိုရေးရှင်းကြီး Rostec ၏ အဓိကဖောက်သည်တစ်ဦးလည်းဖြစ်သည်ဟု ၎င်းက ဆိုသည်။ 

မော်စကိုမြို့တွင် ကျင်းပလျက်ရှိသည့် လေကြောင်းပြပွဲတွင် မြန်မာစစ်တပ်ဘက်မှ တက်ရောက်သူရှိမရှိ မသိရသော်လည်း ပြီးခဲ့သည့်မေလအတွင်း ပြုလုပ်ခဲ့သည့် ရုရှားနိုင်ငံ၏ အကြီးဆုံးရဟတ်ယာဉ်ပြပွဲတွင် လေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီးမောင်မောင်ကျော် သွားရောက်ကြည့်ရှုခဲ့သည်။

မြန်မာစစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်နေသည်များအပေါ် Rosoboronexport အကြီးအကဲက အသေးစိတ်ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိသော်လည်း ရုရှားနှင့် မြန်မာစစ်ခေါင်းဆောင်များ၏ လတ်တလော အပြန်အလှန်လည်ပတ်မှုနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုများအကြောင်း Interfax သတင်းတွင် ရေးသားဖော်ပြထားသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်၏ မကြာသေးမီက သီးတင်းတစ်ပတ်ကြာ ရုရှားနိုင်ငံခရီးစဉ်အတွင်း မော်စကိုမြို့ရှိ Rosoboronexport ကုမ္ပဏီသို့ သွားရောက်ခဲ့ပြီး စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့သည်ဟု ခရီးစဉ်အတွင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။

နိုင်ငံပေါင်း ၁၁၆ နိုင်ငံသို့ တိုက်လေယာဉ်များ၊ ရေငုပ်သင်္ဘောများမှသည် တင့်ကားများအထိ အမျိုးမျိုးသော စစ်လက်နက်ပစ္စည်းများ တင်ပို့ရောင်းချလျက်ရှိသည့် Rosoboronexport ကုမ္ပဏီသို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အဖွဲ့ ဇွန် ၂၂ ရက်တွင် သွားရောက်ခဲ့သည်။

ထို့ပြင် အာဏာသိမ်းစစ်ခေါင်းဆောင် ရုရှားမသွားရောက်မီတစ်ပတ်အလိုက မြန်မာနိုင်ငံသို့ ရုရှားစစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ခု လျှို့ဝှက်လာရောက်ခဲ့ရာတွင် Rosoboronexport ကုမ္ပဏီမှ တာဝန်ရှိသူ အနည်းဆုံး တစ်ဦးလိုက်ပါလာခဲ့သည်။

ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါနှင့် ပတ်သက်၍ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက တုံ့ပြန်ရာတွင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် မြန်မာနိုင်ငံကို လက်နက်တင်ပို့ရောင်းချမှုပိတ်ပင်ရေး ပါဝင်သင့်သည်ကို ရုရှားနိုင်ငံပိုင်ကုမ္ပဏီအကြီးအကဲ Alexander Mikheev ၏ ထုတ်ဖော်ပြောကြားချက်က သက်သေခံနေသည်ဟု Justice For Myanmar အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။

“ကိုဗစ်ကြောင့် နိုင်ငံက သေကောင်ပေါင်းလဲဖြစ်နေတဲ့အချိန် စစ်အုပ်စုရဲ့ တုံ့ပြန်မှုက လူတွေကို သတ်ဖြတ်ဖို့ လက်နက်ထွက်ဝယ်နေတယ်။ အကြမ်းဖက်မှုတွေနဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်တပ်ဆီကနေ ရုရှားက အမြတ်ထုတ်နေတာပဲ” ဟုလည်း ၎င်းက ပြောသည်။ 

တရုတ်နှင့် ရုရှားနိုင်ငံတို့က ကြားနေမဲပေးခဲ့ကြသည့် မြန်မာနိုင်ငံသို့ စစ်လက်နက်ပစ္စည်းများစီးဝင်ခြင်းကို တားမြစ်သည့် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်ထွက်ပေါ်လာပြီးနောက် အာဏာသိမ်းစစ်ခေါင်းဆောင်က ဒုတိယအကြိမ် နိုင်ငံပြင်ပခရီးစဉ်အဖြစ် ရုရှားနိုင်ငံသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။ 

ခရီးစဉ်အတွင်း ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu နှင့် တွေ့ဆုံစဉ် စစ်ဘက်ဆိုင်ရာ မြှင့်တင်ဆောင်ရွက်ပေးခြင်းများအတွက် ရုရှားကို ကျေးဇူးတင်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။ 

“ရုရှားနိုင်ငံရဲ့ကျေးဇူးကြောင့် ကျွန်တော်တို့တပ်မတော်ဟာ ဒေသတွင်းမှာ အင်အားအတောင့်တင်းဆုံး တပ်မတော်တစ်ခုဖြစ်လာပါတယ်” ဟု ၎င်းက ပြောကြားခဲ့ပြီး ရုရှားနှင့် မြန်မာကြား ချစ်ခင်ရင်းနှီးမှုသည် ခိုင်မာသထက်ခိုင်မာလာသည်ဟု ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် အရပ်သားပြည်သူများကို အကြမ်းဖက်ဖြိုခွင်းနေသည့် စစ်ကောင်စီကို နိုင်ငံတကာက အပြင်းအထန်ဖိအားပေးနေချိန်တွင် မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်အရေးယူမှုများကို ဆန့်ကျင်ကြောင်း၊ ထိုသို့လုပ်ဆောင်ခြင်းက ပြည်တွင်းပဋိပက္ခကို ကြီးထွားစေမည်သာဖြစ်ကြောင်း ရုရှားနိုင်ငံက ဧပြီလအတွင်း ထုတ်ဖော်ပြောကြားခဲ့သည်။ 

ရုရှားနိုင်ငံက အာဏာသိမ်း မြန်မာစစ်တပ်ကို ထိုသို့ထောက်ခံအားပေးနေသည်သာမက စစ်လက်နက်ပစ္စည်းများလည်း ဆက်လက်ရောင်းချလျက်ရှိသည်။ 

အာဏာမသိမ်းမီတစ်ပတ်အလိုက နေပြည်တော်သို့ လာရောက်ခဲ့သည့် ရုရှားကာကွယ်ရေးဝန်ကြီး၏ ခရီးစဉ်အတွင်း ရုရှား၏ နာမည်ကျော် Pantsir-S1 လေကြောင်းရန်ကာကွယ်ရေးဒုံးလက်နက်များ၊ Orlan-10E စောင့်ကြည့်ရေးဒရုန်းများနှင့် ရေဒါများရောင်းချရန် သဘောတူခဲ့သည်။

အာဏာသိမ်းပြီး ဖေဖော်ဝါရီလတွင် မြန်မာစစ်တပ်က အမေရိကန်ဒေါ်လာ ၁၅ သန်းတန် ရုရှားထုတ် ရေဒါပစ္စည်းများဝယ်ယူတင်သွင်းခဲ့သည်ဟု The Moscow Times သတင်းစာက ဧပြီလတွင် ရေးသားခဲ့သည်။ 

ထို့ပြင် မြန်မာစစ်တပ်က ဝယ်ယူထားသည့် အဆင့်မြင့် Su-30 ဘက်စုံသုံးတိုက်လေယာဉ် ခြောက်စီးကို ယခုနှစ်အတွင်း လွှဲပြောင်းပေးမည်ဟု ယူဆရသည်ဟု သိရသည်။ အမေရိကန်ဒေါ်လာသန်း ၂၀၀ ကျော်တန်ဖိုးရှိ အဆိုပါ စတုတ္ထမျိုးဆက်တိုက်လေယာဉ်များ ဝယ်ယူရန် မြန်မာဘက်က သဘောတူခဲ့ကြောင်း ရုရှားစစ်တပ်တာဝန်ရှိသူများက ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်း ထုတ်ဖော်ပြောကြားခဲ့သည်။

စတော့ဟုမ်းနိုင်ငံတကာငြိမ်းချမ်းရေးသုတေသနအင်စတီကျု၏ အချက်အလက်များအရ မြန်မာစစ်တပ်သည် ၁၉၉၉ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ဒေါ်လာ ၁ ဒသမ ၅ ဘီလျံတန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများဝယ်ယူခဲ့ပြီး အဆိုပါကာလအတွင်း စုစုပေါင်းလက်နက်တင်သွင်းမှု၏ ၃၉ ရာခိုင်နှုန်းရှိသည်။ 

Show More

Related Articles

Back to top button