သတင်း

ကိုဗစ်လူနာတချို့ နေအိမ်တွင် လူမသိသူမသိ သေဆုံးနေ 

ကိုဗစ်နိုင်တင်း (Covid-19) သံသယဖြင့် သေဆုံးမှုနှုန်း လွန်စွာမြင့်တက်နေသည့် ရန်ကုန်မြို့တွင် နေအိမ်အတွင်း လူမသိ၊ သူမသိ သေဆုံးမှုရှိလာသည်ဟု လူနေထူထပ်သည့် မြို့နယ်များရှိ လူမှုရေးကူညီရေးအသင်းနှစ်ခုက ပြောသည်။

ဒဂုံမြို့သစ်အရှေ့ပိုင်းတွင် ဇူလိုင် ၁၆ က သားအဖနှစ်ဦးတည်းနေထိုင်သည့် အိမ်တွင် နှစ်ဦးစလုံးကွယ်လွန်နေသည်ကို တွေ့ရ၍ ရုပ်အလောင်းများသွားရောက်သယ်ဆောင်ကာ ကျီစုသုသာန်သို့ ပို့ဆောင် သင်္ဂြိုဟ်ပေးခဲ့ရကြောင်း အဆိုပါမြို့နယ်အခြေစိုက် မေတ္တာသင်္ဂဟ နာရေးကူညီမှုအသင်းထံမှ သိရသည်။ 

အသက် ၇၀ အရွယ် အဖေဖြစ်သူမှာ နေအိမ်အတွင်း အခန်းထဲရှိ ခုတင်ပေါ်၌ ဘေးစောင်းလျက်သေဆုံးနေပြီး အသက် ၄၀ ကျော်အရွယ်သားဖြစ်သူသည် Oximeter (အောက်ဆီဂျင်တိုင်းစက်)ကို ဘေးချလျက် ဧည့်ခန်းအတွင်းရှိ ခုံတစ်ခုတွင် ထိုင်လျက်သေဆုံးနေခြင်းဖြစ်သည်။ 

အခြားမြို့နယ်တစ်ခုတွင် အိမ်ထောင်ခွဲ၍နေထိုင်သည့် သမီးဖြစ်သူက ဖခင်နှင့် အစ်ကိုထံ တယ်လီဖုန်းဆက်သွယ်၍ မရသဖြင့် ယင်းနေ့ မွန်းလွဲ ၂နာရီခန့်တွင် ဒဂုံအရှေ့ပိုင်းရှိ နေအိမ်သို့ လာရောက်ကြည့်ရှုရာမှ နှစ်ဦးစလုံးကွယ်လွန်နေသည်ကို တွေ့ရခြင်းဖြစ်ကြောင်း အထက်ပါ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးမင်းဒင်က ပြောသည်။

“အဖေက လွန်ခဲ့တဲ့ တစ်ပတ်လောက်ကတည်းက အောက်ဆီဂျင်ကျတယ်၊ အသက်ရှူကျပ်တယ်။ သားလုပ်သူကလည်း လွန်ခဲ့တဲ့သုံးရက်ကတည်းက အောက်ဆီဂျင်ကျတယ်၊ အသက်ရှူကျပ်တယ်။ အဲလိုအခြေအနေမျိုးရှိတယ်လို့ သူ့ညီမက ပြောပါတယ်ခင်ဗျ” ဟု ၎င်းက ဆိုသည်။

သားဖြစ်သူမှာ လွန်ခဲ့သည့် ရက်အနည်းငယ်က မော်တော်ယာဉ်ဖြင့် အောက်ဆီဂျင်အရှာထွက်ခဲ့သေးကြောင်း၊ မရသဖြင့် အိမ်၌ပင် ရရာဆေးမြီးတိုများသုံး၍ နေထိုင်စဉ် ထိုသို့အဖြစ်ဆိုးကြုံခဲ့ရကြောင်း ဦးမင်းဒင်ထံမှ ကြားသိရသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

“သားလုပ်တဲ့သူ အရင်ဆုံးတယ်လို့ ယူဆတယ်ဗျ။ တကယ်လို့သာ အဖေဆုံးတာ သူအရင်ဆုံးသိရင် ချက်ချင်းအဖေဆုံးပြီဆိုတာ အကြောင်းကြားမယ်ထင်တယ်ဗျ” ဟု ဦးမင်းဒင်က ဆက်ပြောသည်။

ထို့အတူ ဇူလိုင် ၁၆ ရက်ကပင် စမ်းချောင်းမြို့နယ်၊ ဂန္ဓမာလမ်းတွင်လည်း ယင်းသို့ဖြစ်စဉ်မျိုး ပေါ်ပေါက်ခဲ့ကြောင်း မြို့နယ်အရံမီးသတ်တပ်ဖွဲ့ဝင် ကိုရဲသူရိန်က အတည်ပြုသည်။

အဆိုပါလမ်းအတွင်း တိုက်တစ်လုံး၏ ၅လွှာတွင် တစ်ဦးတည်းနေထိုင်သည့် အသက် ၇၀ အရွယ် အမျိုးသမီးတစ်ဦး၏ တိုက်ခန်းကို ပတ်ဝန်းကျင်က မသင်္ကာ၍ ဝင်ရောက်ကြည့်ရှုရာမှ ကွယ်လွန်နေသည်ကို တွေ့ရကြောင်း၊ မည်သည့် နေ့ရက်၊ အချိန်တွင် သေဆုံးသည်ကိုမူ အတည်မပြုနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

“ကျွန်တော်ထင်တယ်၊ အောက်ဆီဂျင်ကျနေတဲ့အချိန်မှာ တစ်ယောက်တည်းဆိုတော့ အောက်ဆီဂျင်ပြတ်သွားတာလည်း ဖြစ်နိုင်ပါတယ်” ဟု ကိုရဲသူရိန်က ပြောသည်။

ဇူလိုင်လဆန်းမှစ၍ လူ ၇ သန်းကျော်နေထိုင်သည့် ရန်ကုန်မြို့တွင် ကိုဗစ်နိုင်တင်းသံသယလက္ခဏာဖြင့် သေဆုံးသူ နေ့စဉ် အနည်းဆုံး ၆၀၀ ဝန်းကျင်အထိ ရောက်နေပြီဟု သုသာန်များသို့ ရုပ်အလောင်းများပို့ဆောင်ပေးနေသည့် လူမှုရေးအသင်းအချို့က Myanmar Now ကို ပြောဆိုထားသည်။

စစ်ကောင်စီလက်ထက် ကိုဗစ်တတိယလှိုင်းနှင့် တိုးချိန်တွင် အရပ်သားအစိုးရလက်ထက်ကကဲ့သို့ ကာကွယ်ရေး၊ ရောဂါရှာဖွေရေး၊ ကုသရေး၊ သေဆုံးသူများအရေး မည်သည့်ကိစ္စတွင် စနစ်တကျ စီမံခန့်ခွဲထားမှုမရှိဟု ရန်ကုန်ရှိ လူမှုရေးအသင်းအချို့က သုံးသပ်သည်။

ဒဂုံမြို့သစ်အရှေ့ပိုင်းတစ်ခုတည်းနှင့် နှိုင်းယှဉ်လျှင်ပင် ကိုဗစ်ဒုတိယလှိုင်းကြုံရချိန်တွင် မြို့နယ်အတွင်းရှိ လူနာ ၆၀၀ ခန့်ဆန့်သည့် ကွာရန်တင်းစင်တာ ငါးခုသို့ နေ့စဉ်ပို့ဆောင်ပေးနေရသော်လည်း ယခုမူ အလောင်းသယ်၍ သုသာန်ပို့သည့် အလုပ်သာရှိတော့ကြောင်း မေတ္တာသင်္ဂဟနာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးမင်းဒင်က ပြောသည်။

“အခု တတိယလှိုင်းမှာက ကွာရန်တင်းစခန်းဆိုတာ ဝေလာဝေးဗျ။ အရှင်းဆုံးပြောရရင် (ဇူလိုင်) ၈ ရက်နေ့ကနေစပြီး ကျွန်တော်တို့ ဒဂုံအရှေ့မှာ လုံးဝ ကိုဗစ်စစ်ဆေးခြင်းလည်း မပြုလုပ်နိုင်တော့ဘူး။ ပေါ့စတစ်ဖြစ်တဲ့အိမ်တွေ၊ အခုလိုသံသယနဲ့ဆုံးသွားတဲ့အိမ်တွေ၊ ဘာမှ လော့ဒေါင်းချ(အသွားအလာကန့်သတ်ပိတ်ပင်) တာတွေ မလုပ်နိုင်တော့ဘူး” ဟု ၎င်းက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီကမူ ရန်ကုန်မြို့ သုသာန်များ၌ မီးသင်္ဂြိုဟ်ခွင့်ရရန် နာရီပေါင်းများစွာ တန်းစီစောင့်ဆိုင်နေရသူများ၊ စုပုံထားသည့် ရုပ်အလောင်းများနှင့် ပတ်သက်၍ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း၊ ဖြေရှင်းခြင်း မရှိသေးပေ။

မီးသင်္ဂြိုဟ်စက်ရှေ့တွင် ရုပ်အလောင်းများ တန်းစီချထားသည့် ဓာတ်ပုံ၊ ရုပ်သံတို့ကို စာနယ်ဇင်းများတွင် ဖော်ပြပြီးနောက်တွင် စစ်ကောင်စီက ထိုမြင်ကွင်းမျိုး ထပ်မပေါ်ပေါက်စေရန် စီစဉ်ခဲ့သည်။ 

ရုပ်အလောင်းတင်လာသည့် ကားများသည် ဝင်ခွင့်မပြုမချင်း တန်းစီစောင့်ဆိုင်းနေရသဖြင့် သုသာန်အနီး ကားတန်းရှည်ကြီး ပေါ်ပေါက်လာသည်။

စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာများ၌ တစ်နိုင်ငံလုံးတွင် ကိုဗစ်ကပ်ရောဂါဖြင့်သေဆုံးသူ ၁၀၀ နှင့် ၂၀၀ ဝန်းကျင်အတွင်းသာ နေ့စဉ်ဖော်ပြနေဆဲဖြစ်သည်။

အရပ်သားအစိုးရလက်၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးတာဝန်ဖြင့် ကိုဗစ်ကပ်ရောဂါ ပထမလှိုင်းနှင့် ဒုတိယလှိုင်းကို ကျော်ဖြတ်ရာတွင် နာမည်ကျော်ခံစစ်မှူးတစ်ဦးဖြစ်ခဲ့သူ ဒေါက်တာဝင်းမြတ်အေးကမူ စစ်ကောင်စီ၏ စာရင်းဇယားများသည် ယုံကြည်နိုင်ဖွယ်မရှိဟု မှတ်ချက်ပြုသည်။

“စစ်ကောင်စီက ထုတ်ပြန်တဲ့ စာရင်းဇယားတွေဟာ တော်တော့်ကို ကွာဟနေတယ်။ ဆေးရုံမှာ သေတာနဲ့ အပြင်(နေအိမ်)မှာ သေတာ၊ ရာနှုန်းတွေကလည်း အများကြီးကွာတယ်။ တွက်ချက်တဲ့နေရာမှာလည်း အများကြီးကွာတယ်။ သေနှုန်းတွေကို တွက်တဲ့အခါ တော်တော့်ကို ကွဲလွဲမှုရှိတယ်လို့ ပြောချင်ပါတယ်” ဟု လက်ရှိတွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အဖွဲ့ဝင် လူသားချင်းစာနာထောက်ထားရေးဆိုင်ရာဝန်ကြီးအဖြစ် တာဝန်ယူထားသည့် ၎င်းက ပြောသည်။

မြို့တိုင်းလိုလိုတွင် ကူးစက်မှုမြန်ဆန်နေသော်လည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူများထဲတွင် ရာခိုင်နှုန်းအများစုမှာ ပြန်လည်သက်သာလာခြင်းဖြစ်သောကြောင့် စိတ်ဓာတ်ကျ၊ အကြောက်လွန်စရာမလိုကြောင်း ကျန်းမာရေးဝန်ထမ်းများက ပြောသည်။

အစားအသောက် များများစားပြီး လုံလုံလောက်လောက် အိပ်စက်အနားယူရမည်ဖြစ်ကြောင်း၊ အပေါ့စားလေ့ကျင့်ခန်းကို ချွေးစို့ရုံလုပ်နိုင်ကြောင်း၊ ပြင်းပြင်းထန်ထန်လုပ်ပါက အောက်စီဂျင်ထိုးကျခြင်းနှင့် ကိုယ်ခံအားနည်းသွားခြင်းကို ရင်ဆိုင်ရနိုင်ကြောင်းလည်း သတိပေးနေကြသည်။

အောက်စီဂျင်နည်းနေပါက မှောက်လျက်အိပ်ပြီး အသက်ရှူရန်၊ နှာခေါင်းဖြင့် ၄ စက္ကန့် အသက်ရှူပြီး ပါးစပ်မှ ပြန်မှုတ်ထုတ်သည့် လေ့ကျင့်ခန်းလုပ်ရန်လည်း တိုက်တွန်းနေကြသည်။

ဟင်းသီးဟင်းရွက်၊ အသီးအနှံမျိုးစုံကို စားလျှင်လည်း ဗီတာမင်ဓာတ်များရနိုင်ကြောင်း၊ အသားငါးစားရန် အခြေအနေမပေးပါက ပဲအမျိုးမျိုး စားသင့်ကြောင်းလည်း တိုက်တွန်းနေကြသည်။

ပထမလှိုင်း၊ ဒုတိယလှိုင်းတို့ကို ကျော်ဖြတ်စဉ်ကကဲ့သို့ လက်ကို ဆပ်ပြာဖြင့် မကြာခဏဆေးကြောရန် လိုအပ်သည်ဟုလည်း သတိပေးနေကြသည်။

Show More

Related Articles

Back to top button