သတင်း

ဒေါ်လာနှစ်သန်းတန် စစ်ကောင်စီနှင့် စာချုပ်ကို လော်ဘီအုပ်စုစွန့်လွှတ် 

အနောက်နိုင်ငံများကို ဆွယ်တရားဟောပေးရန် အာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးများ ငှားရမ်းထားသည့် လော်ဘီအုပ်စုက အမေရိကန်နှင့် ကနေဒါအာဏာပိုင်များ၏ ထောက်ခံမှုမရသဖြင့် စစ်ကောင်စီနှင့် ချုပ်ဆိုထားသည့် အမေရိကန်ဒေါ်လာနှစ်သန်းတန် စာချုပ်ကို စွန့်လွှတ်လိုက်သည်။

အစ္စရေးစစ်ထောက်လှမ်းရေးဟောင်း ဦးဆောင်သည့် ကနေဒါအခြေစိုက် Dickens and Madson လော်ဘီအုပ်စုနှင့် စစ်ကောင်စီကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးတို့ မတ်လဆန်းပိုင်းတွင် သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံခြားရေးရာ လော်ဘီအစီရင်ခံစာဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

စာချုပ်အရ အမေရိကန်ကွန်ဂရက်နှင့် သမ္မတဂျိုးဘိုင်ဒင်အစိုးရအဖွဲ့၊ ဆော်ဒီအာရေဗျအစိုးရ၊ ယူအေအီး၊ အစ္စရေး၊ ရုရှားအပါအဝင် ကုလသမဂ္ဂ၊ အာဖရိကသမဂ္ဂနှင့် အခြားသော နိုင်ငံတကာအဖွဲ့အစည်းများကို ချဉ်းကပ် စည်းရုံးပေးရမည်ဖြစ်သည်။ 

ကနေဒါနိုင်ငံတရားရေးဌာန၏ စာချုပ်ပိတ်သိမ်းကြောင်းအညွှန်းစာအရ မြန်မာစစ်အုပ်စုနှင့် Dickens and Madson လော်ဘီအုပ်စုအကြား စာချုပ်မှာ ဇွန်လ ၃၀ ရက်တွင် နိတ္ထိတံခဲ့ခြင်းဖြစ်ကာ လုပ်ငန်းပိုင်းအရ တိုးတက်မှုတစ်စုံတစ်ရာမရှိခင် ဖျက်သိမ်းခဲ့ခြင်းဖြစ်ပြီး မည်သည့်ပိုက်ဆံမျှ မရရှိခဲ့ဟု သိရသည်။

​စာချုပ်ဖျက်သိမ်းခဲ့ရသည့် အဓိကအကြောင်းရင်းမှာ မြန်မာစစ်ဗိုလ်ချုပ်များကို ဒဏ်ခတ်အရေးယူပိတ်ဆို့မှုများ ဆောင်ရွက်ခဲ့သည့် အမေရိကန်နှင့် ကနေဒါအာဏာပိုင်များ၏ ထောက်ခံချက်နှင့် သက်ဆိုင်ကြောင်း လော်ဘီအုပ်စုဦးဆောင်သူ Ari Ben-Menashe က ပြောဆိုသည်ဟု လော်ဘီအစီရင်ခံစာဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

“ကျွန်တော်နဲ့ မြန်မာ (စစ်ဗိုလ်ချုပ်ကြီးများ) ကြားမှာ ဘာပြဿနာမှ မရှိပါဘူး။ ဒါပေမဲ့ ဒဏ်ခတ်အရေးယူမှုတွေကြောင့် ကျွန်တော်တို့ကို ငွေချေလို့ မရဘူးလေ။ ကျွန်တော်တို့က အကျိုးအမြတ်မယူဘဲ လုပ်တဲ့ အဖွဲ့အစည်းမဟုတ်ဘူးလေ” ဟု မြန်မာစစ်ဗိုလ်ချုပ်ကြီးများ ငှားရမ်းထားသည့် အစ္စရေး စစ်ထောက်လှမ်းရေးဟောင်းက ပြောသည်။

မတ်လကုန်ပိုင်းတွင် CNN သတင်းထောက်နှင့်အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်ပြီး သတင်းယူခဲ့ခြင်းမှာ လော်ဘီအုပ်စုက အကြံပြုခြင်းကြောင့် စစ်ကောင်စီက သတင်းယူခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ 

ဒဏ်ခတ်အရေးယူခြင်းဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များမှ ကင်းလွတ်ခွင့်ရရေး အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနတွင်  လျှောက်ထားလိုခဲ့သည့် လော်ဘီအုပ်စုသည် အမေရိကန်၊ ကနေဒါအစိုးရ တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ပြီးနောက် မြန်မာစစ်အုပ်စု၏ ငွေကြေးပေးချေမှုကို လက်ခံနိုင်မည်မဟုတ်ကြောင်း နားလည်သဘောပေါက်ခဲ့သည်ဟု Ben-Menashe ၏ ရှေ့နေဖြစ်သူ Andrew Kramer က ဆိုသည်။

“ကနေဒါမှာရှိတဲ့သူအားလုံးရော နိုင်ငံပြင်ပမှာရှိတဲ့ ကနေဒါလူမျိုးတွေပါ အစိုးရရဲ့ ဒဏ်ခတ်အရေးယူမှုဆိုင်ရာ ဆောင်ရွက်ချက်တွေကို လိုက်နာရပါမယ်။ ဒါက တစ်ဦးတစ်ယောက်ချင်းသာမက ကုမ္ပဏီအဖွဲ့အစည်းအနေနဲ့လည်း ပါဝင်ပါတယ်” ဟု ကနေဒါအစိုးရ၏ ကမ္ဘာ့ရေးရာဌာန ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ 

အမေရိကန်နှင့် ကနေဒါအစိုးရများ စိတ်ပြောင်းသွားပါက ၎င်းအနေဖြင့် မြန်မာစစ်ဗိုလ်ချုပ်များနှင့် ပြန်လည်လုပ်ကိုင်လိုကြောင်း၊ မြန်မာနိုင်ငံတွင် တရုတ်ဩဇာကြီးမားမှုကို ဆန့်ကျင်ရန် မြန်မာစစ်တပ်က ခံတုတ်သဖွယ်ဖြစ်ကြောင်း Ben-Menashe က ကာကွယ်ပြောဆိုသည်။ 

စစ်အုပ်စုက ငှားရမ်းအပြီး မတ်လအတွင်းကလည်း မြန်မာစစ်ခေါင်းဆောင်များအနေဖြင့် နိုင်ငံရေးက ထွက်ခွာရန် ဆန္ဒပြင်းပြနေကြောင်း၊ တရုတ်ကို ခွာကာ အနောက်နိုင်ငံများနှင့် ဆက်ဆံရေးတိုးတက်လိုကြောင်း Ben-Menashe က Reuters သတင်းဌာနကို ပြောကြားခဲ့သည်။

အာဏာသိမ်းမြန်မာစစ်ဗိုလ်ချုပ်ကြီးများသည် တရုတ်၏ ရုပ်သေးရုပ်မဖြစ်လိုကြောင်းလည်း ဇင်ဘာဘွေအာဏာရှင်ဟောင်း ရောဘတ်မူဂါဘီနှင့် ဆူဒန်စစ်ခေါင်းဆောင်များအတွက် အလုပ်လုပ်ပေးခဲ့ဖူးသူ အစ္စရေးစစ်ထောက်လှမ်းရေးဟောင်းက ဆွယ်တရားဟောခဲ့သည်။ 

စစ်တပ်က အာဏာသိမ်းယူမှုကြောင့် ကုလသမဂ္ဂနှင့် အနောက်အင်အားကြီးနိုင်ငံများ၏ ဖိအားပေးမှုများ မြင့်တက်လာချိန်တွင် အရေးယူပိတ်ဆို့မှုများနှင့် အထီးကျန်ဖြစ်မှုကို ခံနိုင်ရည်ရှိသည်ဟု စစ်ဗိုလ်ချုပ်ကြီးများက အာဏာသိမ်းပြီးစတွင် လေထုံးထွားခဲ့သည်။

အာဏာသိမ်းယူပြီးရက်ပိုင်းအတွင်း အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးရာတွင် အရေးယူပိတ်ဆို့မှုများကို မမှုကြောင်း စစ်တပ်ဒုတိယအကြီးအကဲ ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်ဟု ကုလအထူးကိုယ်စားလှယ် Christine Schraner Burgener က မတ်လဆန်းပိုင်းတွင် ထုတ်ဖော်ပြောကြားခဲ့သည်။

နိုင်ငံတကာ၏ ဖယ်ကြဉ်မှုကြောင့် အထီးကျန်ဖြစ်မည်ဆိုပါကလည်း မိတ်ဆွေအချို့နှင့် ရှေ့ခရီးဆက်မည်ဖြစ်ကြောင်း စစ်ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောဆိုခဲ့သည်။ 

အာဏာသိမ်းပြီးနောက်ပိုင်း အမေရိကန်အစိုးရက ဒဏ်ခတ်အရေးယူမှုများ ဆက်တိုက်လုပ်ဆောင်ခဲ့ရာ စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးများ၊ မိသားစုဝင်များနှင့် ပတ်သက်ဆက်နွှယ်သူများအပါအဝင် စုစုပေါင်း လူပုဂ္ဂိုလ် ၄၈ ဦးနှင့် ကုမ္ပဏီလုပ်ငန်း ၁၅ ခုကို ပိတ်ဆို့အရေးယူပြီးဖြစ်သည်။ 

Show More

Related Articles

Back to top button