ဆောင်းပါး

စစ်ကြောရေးစခန်းတွင် သေဆုံးသူတို့ ကိုဗစ်တံဆိပ်ကပ်ခံရခြင်း

ဆန္ဒပြပွဲတွင် တက်တက်ကြွကြွပါဝင်လေ့ရှိသော မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ တဲစုရွာမှ ဦးစိုးစံနှင့် ဦးဇော်လင်းတို့ အိမ်တွင် မအိပ်ကြသဖြင့် စစ်တပ်နှင့်ရဲ အင်အား ၃၀ နီးပါး ၎င်းတို့၏အိမ်များကို ဝင်ရောက်စီးနင်းသည့် ဇွန် ၂၈ ညဉ့်သန်းခေါင်က အဖမ်းမခံလိုက်ရပေ။

စစ်ကောင်စီတပ်က ဦးဇော်လင်း၏ဇနီးကို ခေါ်သွားသော်လည်း လမ်းတွင် ပြန်လွှတ်ပေးခဲ့သည်။

မိသားစုဝင်များ ထပ်မံ ဒုက္ခပေးခံရမည်စိုးသဖြင့် ၎င်းတို့နှစ်ဦးသည် ဇွန် ၂၉  ညနေ ၃ နာရီဝန်းကျင်တွင် ပင်းတလဲတိုက်နယ်ဆေးရုံသို့  သွားပြီး ထိုနေရာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို တွေ့ဆုံကြသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“သူတို့ ဘာမှလုပ်မထားဘူး။ ရှင်းလိုက်မယ်။ မိသားစုကို ဒုက္ခတွေမပေးအောင် သွားတွေ့လိုက်တာ” ဟု အဆိုပါ လုံခြုံရေးအရ အမည်မဖော်လိုသည့် ထိုအမျိုးသားက ပြောသည်။ 

သို့သော်လည်း NLD ရပ်ကျေး ဥက္ကဋ္ဌ ၄၄ နှစ်အရွယ် ဦးစိုးစံသည် နောက်တစ်နေ့တွင် သေဆုံးသွားသည်။

“စစ်ရင်း၊ မေးရင်းနဲ့ ရှင်းရှင်းပြောရရင်တော့ သတ်ပစ်လိုက်တာပေါ့လေ။ လက်လွန်သွားတာ”ဟု ထိုရွာမှ အခြားအမျိုးသားတစ်ဦးက ပြောသည်။ 

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဖြင့် သေဆုံးသူ၏ ရုပ်အလောင်းကို ထုပ်ပိုးသကဲ့သို့ ပလတ်စတစ်အိတ်ဖြင့် ထည့်ပြီး သင်္ဂြိုဟ်သည့်အတွက် ကိုယ်ခန္ဓာကိုသာမက မျက်နှာကိုပင် ရှင်းရှင်းလင်းလင်း ကြည့်ရှုခွင့် မရခဲ့ကြောင်း ဦးစိုးစံ၏ မိသားစုဝင်များကို ကိုးကား၍ ၎င်းဒေသခံက ဆက်ပြောသည်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်တို့သည် ၎င်းတို့နှင့် အမြင်မတူသူတို့ကို ဖမ်းဆီးနှိပ်စက်လျက်ရှိရာ ၂၄ နာရီအတွင်း သေဆုံးသွားသူများထဲမှ တချို့ကို ကိုဗစ်ကြောင့် သေဆုံးသည်ဟု မိသားစုများနှင့် ပတ်ဝန်းကျင်ကို အသိပေးနေသည်ဟု ကာယကံရှင်များနှင့် နီးစပ်သူတို့က ပြောသည်။

ထိုနည်းဖြင့် မိသားစုဝင်တို့သည် သေဆုံးသွားသူတို့၏ နောက်ဆုံးခရီးတွင် ရုပ်အလောင်းကို အနီးကပ် ကြည့်ရှုခွင့် မရတော့သလို ဆွေမျိုး၊ မိတ်ဆွေများလည်း အသုဘပို့ခွင့် ပိတ်ပင်ခံနေရသည်။

ဆေးရုံတွင် စစ်ကြော နှိပ်စက်

ဦးစိုးစံနှင့် ဦးဇော်လင်းတို့ကို စစ်ကောင်စီတပ်က ဆေးရုံ၌ စစ်ဆေးမေးမြန်းခဲ့ပြီး ည ၁၂ နာရီဝန်းကျင်မှ ပင်းတလဲရဲကင်းစခန်းသို့ ပို့ခဲ့ကြောင်း၊ ယင်းနောက် ဦးစိုးစံ သတိလစ်သွားသည့်အတွက် ဆေးရုံသို့  ပြန်လည်ပို့ဆောင်ခဲ့ကြောင်းသာ မိသားစုက သိခွင့်ရခဲ့သည်။

နောက်တစ်နေ့ ဇွန် ၃၀  နံနက် ၁၁ နာရီဝန်းကျင်တွင် ဦးစိုးစံ သေဆုံးပြီဖြစ်ကြောင်း သတင်းရသည့်အတွက် မိသားစုက ရုပ်အလောင်းရရှိရေး ကြိုးပမ်းသော်လည်း ထိုနေ့က မအောင်မြင်ခဲ့ပေ။ 

ဇူလိုင် ၁ နေ့လယ်ပိုင်း ဝမ်းတွင်းမြို့သုသာန်တွင် သင်္ဂြိုဟ်ခွင့်ရစဉ် ဓာတ်ပုံမရိုက်၊ အွန်လိုင်းလူမှုကွန်ရက်တွင် သတင်းမတင်ရန် စစ်ကောင်စီတပ်က ကန့်သတ်ခဲ့သည်ဟု ရွာသားတစ်ဦးက ပြောသည်။

“ပလတ်စတစ်စွပ်ပြီး မျက်နှာလေးပဲ ဖော်ထားတယ်။ မိသားစုဝင်တွေကို ကိုဗစ်ကြောင့်သေတာဆိုတာမျိုး ဘာမှ မပြောဘူး။ အပြင်မှာ ပြောကြတာပေါ့၊ မိသားစုဝင်တွေကိုတော့ ဘာကြောင့်သေတယ်ဆိုတာမျိုး ပြောတာမရှိဘူး” ဟု သူက ဆက်ပြောသည်။  

မိသားစုနှင့် ဆွေမျိုး ၁၀ ဦးသာ တက်ခွင့်ရသည့် ထိုနာရေးအစီအစဉ်တွင် လေတပ်နှင့် အင်ဂျင်နီယာတပ်သား ၃၀ ခန့်က လက်နက်အပြည့်အစုံဖြင့် ရှိနေသည်ဟု ဆိုသည်။ 

ဦးစိုးစံနှင့်အတူ သွားရောက်အဖမ်းခံသူ ဦးဇော်လင်းမှာမူ ဇူလိုင် ၃ တွင် ခံဝန်ကတိဖြင့် ပြန်လည်လွတ်မြောက်လာသည်။ ဦးဇော်လင်းသည် ဒဏ်ရာများရရှိထားပြီး အင်္ကျီပင် ကိုယ်တိုင်မဝတ်နိုင်သည့်အခြေအနေဖြစ်ကြောင်း ဝမ်းတွင်းဒေသခံများထံမှ သိရသည်။ 

၎င်းတို့နှစ်ဦး၏ ဖြစ်ရပ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ရဲစခန်းကို မေးမြန်းရန် ကြိုးစားသော်လည်း တယ်လီဖုန်းအဆက်အသွယ် မရခဲ့ပေ။

သေဆုံးမှုအရေအတွက်

ဇွန် ၂၃ တွင် ၁၉ နှစ်အရွယ် မမိုင်နွမ်ဇာထျန်း စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ဆိုင်ကယ်စီးလာစဉ် စစ်ကောင်စီတပ်က ပစ်ခတ်ရာ ဆေးရုံရောက်ပြီး နာရီပိုင်းအကြာတွင် သေဆုံးသွားသည်။ ကိုရိုနာဗိုင်းရပ်စ်ပိုး စစ်ဆေးတွေ့ရှိရသည်ဟုဆိုကာ  ချက်ချင်းသင်္ဂြိုဟ်ရန် စစ်တပ်က မိသားစုကို ဖိအားပေးခဲ့သည်။

နောက် ၂ ရက် အကြာ ထိုမြို့တွင်ပင် ကိုဗစ်လက္ခဏာများမရှိသော ၂၆ နှစ်အရွယ် ဆလိုင်းဗန်ထာကျုံး ခေါ် ကိုဇော်ထက် အဖမ်းခံရပြီး ၂၄ နာရီမပြည့်မီမှာပင် သေဆုံးသွားရာ စစ်တပ်က ထိုသို့ အကြောင်းပြ၍ နေ့တွင်းချင်းပင် မီးသင်္ဂြိုဟ်လိုက်သည်။

မေလ ၉ ရက်နေ့က ဟားခါးမြို့ တောင်ယာလုပ်ငန်းခွင်တွင် နေထိုင်သည့် အသက် ၅၇ နှစ်အရွယ် ပူးတလဲလိန်းကို စစ်တပ်က ဖမ်းဆီးရာ  ၂  ရက်အကြာတွင် သေဆုံးခဲ့သည်။ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များက ရုပ်အလောင်းပြန်တောင်းသော်လည်း သူ့တွင် ကိုဗစ်ကူးစက်ထားမှုကြောင့် ကလေးမြို့တွင် မီးသင်္ဂြိုဟ်ပြီးဖြစ်ကြောင်း စစ်တပ်က တုံ့ပြန်ခဲ့သည်ဟု ချင်းဒေသတွင်း အခြေစိုက်မီဒီယာများတွင် ဖော်ပြထားသည်။ 

လူ့အခွင့်အရေးလှုပ်ရှားသူများ၊ သတင်းသမားများ လျှို့ဝှက်လုပ်ကိုင်၊ တိမ်းရှောင်ရသောကြောင့် အဆိုပါ သေဆုံးမှုများနှင့် ပတ်သက်ပြီး စုံစမ်းဖော်ထုတ်၊ အတည်ပြုရန်မှာ ခက်ခဲနေသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏  ဇူလိုင် ၁၃  မှတ်တမ်းအရ စစ်ကောင်စီတပ်၏ လက်ချက်ကြောင့်  သေဆုံးသည့်အရပ်သား ၉၀၆ ဦး အနည်းဆုံးရှိကြောင်း၊ ထိုအထဲတွင် ထိန်းသိမ်းခံရစဉ် သေဆုံးခဲ့သူ ၃၀ ဦးလည်း ပါဝင်ကြောင်း သိရသည်။ အဖမ်းအဆီးများက နေ့တိုင်းရှိနေရာ ကိန်းဂဏန်းမှာလည်း နေ့စဉ် တိုးနေသည်။

စစ်ကောင်စီကမူ AAPP ၏ ကိန်းဂဏန်းမှာ ချဲ့ကားထားခြင်းဖြစ်သည်ဟု မကြာခဏ တုံ့ပြန်ခဲ့သည်။

ထောင်ပြင်ပ စစ်ကြောရေးစခန်းများတွင်လည်း ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိမရှိ မစစ်ဆေးကြပေ။ သို့သော်လည်း ၎င်းတို့ကြောင့် သေဆုံးသွားသူတို့ကို ကိုဗစ်တံဆိပ်ကပ်မှုမှာ အာဏာသိမ်းသည့် ဖေဖော်ဝါရီလမှာပင် အစပြုခဲ့သည်။

ဇွန် ၃၀ ကမှ ပြန်လွတ်လာသည့် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ ပညာရေးတာဝန်ခံ ကိုဘုန်းထက်နောင်က အင်းစိန်ထောင်အတွင်း ကိုဗစ်နှင့်ပတ်သက်ပြီး မည်သည့်စစ်ဆေးမှုမျှ မရှိဟု ၎င်းက ပြောသည်။ 

ဖေဖော်ဝါရီ ၂၀ ရက်နေ့က ပစ်ခတ်ဖမ်းဆီးခံရသူ မန္တလေးမြို့၊ အရှေ့ပတ္တာရပ်ကွက်မှ ၂၆ နှစ်အရွယ် ကိုရာဇာအောင် ၄ ရက်အကြာတွင် သေဆုံးရာ ကိုဗစ်ကြောင့်ဖြစ်သည်ဟု စစ်ကောင်စီတပ်က အကြောင်းပြခဲ့သည်။ 

ထိုစဉ်က ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု နည်းပါးချိန်ဖြစ်ရာ ကျန်းမာရေးကောင်းသော ကိုရာဇာအောင်သေဆုံးခြင်းမှာ ရိုက်နှက်နှိပ်စက်ခံရခြင်းကြောင့် ဖြစ်နိုင်သည်ဟု သူ၏ ဇနီးက ယူဆသည်။

မိသားစုဝင် လေးဦးကိုသာ ကြာနီကန်သုသာန်သို့ လာခွင့်ပြုခဲ့သည်။

“အလောင်းကို အဝေးကပဲ ကြည့်ရတယ်။ ကိုဗစ်ကြောင့်သေတယ်လို့ ပြောတယ်။ ကျွန်မတို့က အလောင်းထုတ်ယူမယ်ဆိုတော့ မပေးဘူး။  မကျေနပ်ဘူး။ မကျေနပ်ဘူးပဲ ပြောချင်တယ်” ဟု  မဖြူဖြူဝင်းက  သင်္ဂြိုဟ်သည့်နေ့တွင် Myanmar Now ကို ပြောသည်။ 

Show More

Related Articles

Back to top button