သတင်း

သုသာန်သို့ အလောင်းပို့နေသည့် ရန်ကုန်လူမှုရေးအသင်းများ မနိုင်မနင်းဖြစ်နေ

အောက်ဆီဂျင်လိုအပ်ချက်မြင့်မားပြီး လူနေထူထပ်သည့် ရန်ကုန်တွင် ကိုဗစ်နိုင်တင်းရောဂါလက္ခဏာများဖြင့် ကွယ်လွန်သူ ၆၀၀ ‌ဝန်းကျင်ကို သုသာန်လေးခုသို့ နေ့စဉ် ပို့ဆောင်သင်္ဂြိုဟ်ပေးနေရသည်မှာ တစ်ပတ်ကျော်ရှိလာ၍ မနိုင်မနင်းဖြစ်နေကြောင်း လူမှုကူညီရေးအဖွဲ့သုံးဖွဲ့က ပြောသည်။

“အောက်စီဂျင်ပြတ်လို့ သေတဲ့လူကများတယ်။ အသက်ကြီးပိုင်းနဲ့ ရောဂါအခံရှိတဲ့သူများတယ်။ ဒါပေမယ့် ကိုဗစ်တော့ကိုဗစ်ပါပဲ။ အောက်စီဂျင်ကျပြီးသေတဲ့သူတွေ။ ..ထည့်တဲ့ အခေါင်းလည်းမလွယ်၊ (အလောင်းသယ်သည့်) ကပ်လည်းမလွယ်ဘူး။ အဲဒီပစ္စည်းတွေပါ အကုန်ပြတ်နေတယ်”ဟု ဗိုလ်စိန် လူမှုကူညီရေးအသင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။ 

မြောက်ဥက္ကလာ – ရေဝေးသုသာန်၊ လှိုင်သာယာ – ထိန်ပင်သုသာန်၊ တောင်ဒဂုံ – ကျည်စုသုသာန်၊ ရွှေပြည်သာ – ကျူချောင်းသုသာန်တို့ကို ရုပ်အလောင်းများ ပို့ဆောင်ပေးနေခြင်းဖြစ်ပြီး ယခင်က နေ့စဉ် စုစုပေါင်း ၁၀၀ ကျော်သာရှိကြောင်း လူမှုရေးအသင်းတာဝန်ရှိသူအချို့ထံမှ သိရသည်။

“ကျွန်တော်တို့အသင်းက (နေ့စဉ် သယ်ယူပေးသည့် ရုပ်အလောင်းပမာဏ)၂၀၊ ၂၅ ပဲ ပို့နေကျ။ အခုကျတော့ ၄၅၊ ၅၀ ကျော်သွားရင် မပို့နိုင်တော့လို့ ပိတ်ကိုထားရတယ်။ သုသာန်တွေမှာလဲ တစ်ခါမှမမြင်ဘူးတဲ့ လူမှုရေးအသင်းတွေပါ အလောင်းလာပို့တာ တွေ့ရတယ်”ဟု မြောက်ဥက္ကလာပမြို့နယ်အခြေစိုက် လူမှုရေးအသင်းတစ်ခုမှ တာဝန်ရှိသူက ပြောသည်။

ယနေ့ (ဇူလိုင် ၁၃)တွင် မြောက်ဥက္ကလာရှိ ရေဝေး၌ နှစ်နာရီခန့်ကြာ သွားရောက်စောင့်ကြည့်ခဲ့သူတစ်ဦးကလည်း ခေါင်းတလားတင်ထားသည့် လှည်းများပြည့်နှက်နေကြောင်း၊ သုသာန်တွင်ရှိသည့် မီးသင်္ဂြိုဟ်စက် သုံးလုံးစလုံး အဆက်မပြတ်လည်ပတ်နေရသည်ကို တွေ့ရကြောင်း ပြောသည်။

ထို့အတူ ရေဝေးသုသာန်ဝင်းအတွင်း၌ မီးသင်္ဂြိုဟ်ရန် တန်းစီထားသည့် အလောင်း ၅၀ ခန့်ကို တွေ့ရကြောင်း၊ ယာဉ်ရပ်နားဝင်းအတွင်း နာရေးကူညီမှုအသင်း၊ လူမှုကူညီရေးအသင်းကားများဖြင့် ပြည့်နှက်နေကြောင်း ၎င်းက ဆက်ပြောသည်။

ရေဝေးသုဿန်တွင် မီးသင်္ဂြိုဟ်ရန် တန်းစီစောင့်ဆိုင်းနေရသည့် ရုပ်အလောင်းများကို ဇူလိုင် ၁၃ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ-Myanmar Now)

သုသာန်များတွင် ထိုသို့စောင့်ဆိုင်းနေရ၍ အခြားရုပ်အလောင်းများကို ချိန်းဆိုထားသည့် အချိန်မီ သွားရောက်သယ်ဆောင်ရန်ပင် အခက်အခဲဖြစ်နေသည်ဟု လူမှုကူညီရေးအသင်းသား နောက်တစ်ဦးကလည်း ပြောသည်။

“သင်္ဂြိုဟ်ပေးရတဲ့အခက်အခဲရှိတယ်။..သင်္ဂြိုဟ်ရတာ အချိန်ကြာတာကြောင့် နာရေးအိမ်တွေကို အချိန်မီရောက်ဖို့ ခက်ခဲနေတယ် ”ဟု ၎င်းက ပြောသည်။

ရေဝေးသုသာန်တွင် ရုတ်ရုတ်သဲသဲဖြစ်သည်အထိ သင်္ဂြိုဟ်နေရသည့်ကိစ္စနှင့် ပတ်သက်ပြီး ရန်ကုန်မြို့တော်စည်ပင်တာဝန်ရှိသူထံ Myanmar Now က ဆက်သွယ်မေးမြန်းသည့်အခါ ထိုသတင်းအချက်အလက်ကို အများပြည်သူထံ ထုတ်ပြန်ပေး၍ မရကြောင်း ပြောသည်။

ကူးစက်မြန်၍ ပိုမိုပြင်းထန်သည့် မျိုးဗီဇပြောင်း ကိုဗစ်နိုင်တင်းရောဂါတတိယလှိုင်းနှင့် ကြုံနေရချိန်တွင် အများပြည်သူထံသို့ အောက်စီဂျင်ထုတ်မရောင်းရန် ပုဂ္ဂလိကစက်ရုံများကို တားမြစ်ထားကြောင်း အာဏာသိမ်းစစ်ကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့(ဇူလိုင်၁၂)ကပင် အတည်ပြုပြောဆိုထားသည်။

“ကျွန်တော်တို့ ဝန်ခံပါတယ်။ ဆေးရုံဆေးခန်းတွေမှာလည်း ပြည့်နေတယ်။ ကွာရန်တင်းစင်တာတွေမှာလည်း ပြည့်နေတယ်။ ထပ်ပြီးလက်မခံနိုင်တဲ့ဟာတွေလည်း ရှိပါတယ်” ဟုလည်း ၎င်းက နေပြည်တော်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောဆိုခဲ့သေးသည်။

တောင်ဒဂုံတွင် အောက်ဆီဂျင်ရရှိရန် တန်းစီစောင့်ဆိုင်းနေသည့် ပြည်သူအချို့ကို ဇူလိုင် ၁၃ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ- Myanmar Now)

အဆိုပါအခြေအနေတွင် ကိုဗစ်နိုင်တင်းလက္ခဏာဖြစ်သည့် အသက်ရှူကျပ်သည့် ဝေဒနာကို ရင်ဆိုင်ရန် နိုင်ငံအနှံ့ အောက်ဆီဂျင်လိုအပ်ချက်မြင့်တက်နေသည်။ ရန်ကုန်မြို့တွင် နေထိုင်သူတို့သည်  ၄၀ လီတာဆန့် အောက်ဆီဂျင်တစ်အိုးလျှင် ကျပ် သုံးသိန်းခွဲမှ လေးသိန်းအထိ ပေးပြီး ဝယ်ယူရသည်အထိ ဖြစ်နေရကြောင်း လူမှုရေးအသင်းများထံမှ သိရသည်။

စစ်ကောင်စီက ထိန်းချုပ်ထားသည့် ကျန်းမာရေးဝန်ကြီးဌာနကမူ ဇူလိုင်လ၏ ပထမ ၁၂ ရက်တာအတွင်း ကိုဗစ်ကြောင့် တစ်နိုင်ငံလုံးတွင် သေဆုံးသူ ၆၀၀ နီးပါးသာရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button