သတင်း

ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေခံကန့်ကွက်မှုကို တရားရုံးပယ်ချ

နိုင်ငံတော်မတည်မငြိမ်ဖြစ်စေရန်လှုံ့ဆော်မှုဆိုင်ရာပုဒ်မ ၅၀၅(ခ)ဖြင့် စွဲဆိုခံထားရသည့်အမှုတွင် အာဏာသိမ်းစစ်ကောင်စီက တင်သွင်းသော အဓိကသက်သေခံစာရွက်စာတမ်းနှစ်စောင်ကို ဒေါ်အောင်ဆန်းစုကြည်တို့က ကန့်ကွက်သော်လည်း တရားရုံးက လက်ခံလိုက်သည်။

နေပြည်တော်ကောင်စီဝင်းအတွင်း ဖွင့်လှစ်ထားသည့် ဇဗ္ဗူသီရိမြို့နယ်တရားသူကြီး ဦးမောင်မောင်လွင် ဦးဆောင်သော အထူးတရားရုံးက ပြီးခဲ့သည့်တစ်ပတ်ရုံးချိန်းတွင် ကန့်ကွက်ထားမှုအပေါ် ယနေ့(ဇွန် ၂၉) ကြားဖြတ်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါအမှုတွင် ဖေဖော်ဝါရီ ၁ အာဏာသိမ်းလျှင်သိမ်းချင်း ၎င်းတို့ဖမ်းဆီးထားသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်တို့ကို စစ်ကောင်စီက တစ်ပေါင်းတည်း တရားစွဲဆိုထားခြင်းဖြစ်ပြီး စွပ်စွဲခံရသူတို့ကလည်း ရှေ့နေတစ်ဖွဲ့တည်းကိုသာ လိုက်ပါဆောင်ရွက်ခွင့်ပြုထားသည်။

ပါတီခေါင်းဆောင်များဖြစ်သည့် အထက်ပါ နိုင်ငံတော်အကြီးအကဲသုံးဦးစလုံး ဖမ်းဆီးခံရပြီးချိန်နောက်ပိုင်း ဖေဖော်ဝါရီ ၇၊ ၁၃ တို့တွင် NLD က ထုတ်ပြန်သည့် စာနှစ်စောင်ကို စစ်ကောင်စီက အဓိကသက်သေခံအဖြစ် တင်သွင်းခဲ့ခြင်းဖြစ်သည်ဟု ရှေ့နေက ပြောသည်။

“စာရွက်စာတမ်းတွေအောက်မှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဆိုပြီး တော့ပဲ ပါပြီးတော့မှ မည်သူတစ်ဦးတစ်ယောက်ရဲ့ လက်မှတ်ရေးထိုးထားတာမရှိတဲ့အတွက် ကန့်ကွက်ထားတာ” ဟု ဒေါ်အောင်ဆန်းစုကြည်တို့၏ ရှေ့နေအဖွဲ့ဝင် ဒေါ်မင်းမင်းစိုးက ပြောသည်။

စစ်ကောင်စီတင်သွင်းသည့် သက်သေခံတစ်ခုမှာ “National League for Democracy” Facebook Page တွင် ဖေဖော်ဝါရီ ၁၃ ရက်စွဲဖြင့် တင်ထားသည့် ကြေညာချက်ဖြစ်ကြောင်း ရှေ့နေအဖွဲ့ထံမှ သိရသည်။

ယင်းတွင် ဥပဒေပြုရေးအာဏာမှာ အာဏာသိမ်းစစ်ကောင်စီထံတွင် မရှိကြောင်း၊ ၎င်းတို့ထုတ်ပြန်သည့် အမိန့်၊ ညွှန်ကြားချက်နှင့် ဥပဒေများသည် တရားမဝင်ကြောင်း ပါဝင်သည်။

ဖေဖော်ဝါရီ ၁၃တွင် “National League for Democracy” Facebook Page က တင်ထားသည့် ကြေညာချက်

နောက်ထပ်သက်သေခံတစ်ခုမှာ စစ်အာဏာသိမ်းအစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှုမပြုရန်၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့်သည်သာ တရားဝင်အစိုးရအဖွဲ့ခေါင်းဆောင်ဖြစ်ကြောင်း နိုင်ငံတကာနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများထံ ဖေဖော်ဝါရီ ၁၃ ရက်စွဲဖြင့် ပေးပို့သည့်စာကို  “Chair NLD” Facebook Page က ဖော်ပြထား၍ဖြစ်သည်။

“Chair NLD” Facebook Page တွင် ဖော်ပြထားသည့် ကြေညာချက်

ထိုသို့ လူပုဂ္ဂိုလ်များဖမ်းဆီးခံရပြီးမှ ပါတီကထုတ်ပြန်သည့် စာနှစ်စောင်ကို သက်သေလုပ်ကာ တရားစွဲဆိုခြင်းသည် ဥပဒေကို မျက်ကွယ်ပြုခြင်းသာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တရားရေးဝန်ကြီး ဦးသိန်းဦးကမှတ်ချက်ပြုသည်။

“ပြစ်မှုမကျူးလွန်သူကို ဖမ်းခြင်းအားဖြင့် သူတို့(စစ်ကောင်စီ)သည် ပြစ်မှုကျူးလွန်နေတာဖြစ်တယ်။ အပြစ်မရှိတဲ့သူကို အပြစ်မရှိမှန်း သိသိကြီးနဲ့ အရေးယူတဲ့အတွက်ကြောင့်မို့လို့”ဟု ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်တို့၏ ရှေ့နေများကလည်း သက်သေခံစာရွက်စာတမ်းနှစ်ခု ကန့်ကွက်မှုအပေါ် မြို့နယ်တရားသူကြီး ဦးဆောင်သည့် အထူးတရားရုံးက ပယ်ချသဖြင့် ဒက္ခိဏခရိုင်အဆင့်သို့ အယူခံတင်သွင်းမည်ဟု ပြောသည်။

“ဒါကိုမကျေနပ်ဘူးလို့ပြောပြီး အယူခံတက်မယ်။ (အယူခံ)အမှုအတွက် (ရုံးချိန်း) ပြန်ချိန်းလိုက်တာပေါ့” ဟု ရှေ့နေအဖွဲ့ဝင်နောက်တစ်ဦးဖြစ်သည့် ဦးကြည်ဝင်းက ပြောသည်။

အယူခံကို ဇူလိုင် ၆ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ ကြားနာရန်ရှိပြီး အဆိုပါကိစ္စမျိုးတွင် စွပ်စွဲခံရသူများကိုပါ ခေါ်ယူကြားနာလေ့မရှိဟု ဒေါ်မင်းမင်းစိုးထံမှ သိရသည်။

ယနေ့ကြားနာမှုများမစမီ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်၊ ဒေါက်တာမျိုးအောင်တို့နှင့် ရှေ့နေအဖွဲ့ မိနစ် ၃၀ ခန့် တွေ့ခွင့်ရခဲ့ပြီး ကျန်းမာစွာရှိကြကာ တရားခွင်ကြာမြင့်ချိန် ၃နာရီခန့်ရှိကြောင်း ရှေ့နေများထံမှ သိရသည်။

Show More

Related Articles

Back to top button