သတင်း

ကယားပြည်နယ်တွင် တိုက်ပွဲများ ပိုမိုဖြစ်ပွားလာနိုင်ဟု KNPP ဆို

ကယားပြည်နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ကရင်နီတပ်မတော်တို့ ယမန်နေ့ (မေ ၂၀) တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်က ထပ်မံအင်အားဖြည့်တင်းနေသဖြင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တာဝန်ရှိသူက ပြောသည်။ 

ယမန်နေ့က ဖားဆောင်းနှင့် ဘောလခဲမြို့နယ်အကြားတွင် နံနက် ၅ နာရီမှစ၍ အာဏာသိမ်းစစ်တပ်နှင့် KNPP တပ်တို့ သုံးနာရီကျော်ကြာအောင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က လက်နက်ကြီးများ အသုံးပြုပစ်ခတ်ခဲ့၍ ဖားဆောင်းမြို့နယ် နမ်ကစ်ကျေးရွာမှ ဒေသခံအများအပြား တိမ်းရှောင်နေရသည်။

ယမန်နေ့တိုက်ပွဲအပြီး ရှမ်းပြည်နယ်၊ အောင်ပန်းမြို့နယ်မှ စစ်ကား ၄ စီးခန့် ကယားပြည်နယ်ဘက်ကို ဆင်းလာပြီး လောပိတရှိ နမ့်ပွန်ချောင်းဘက်ကို စစ်ကူများ ပို့နေသည်ကို တွေ့ရှိရကြောင်း အထက်ပါ KNPP တာဝန်ရှိသူက ဆိုသည်။

ထို့အပြင် တိုက်ပွဲဖြစ်ပွားရာ ဖားဆောင်းမြို့နယ်ဘက်သို့ စစ်တပ်က အင်အား ၈၀ ခန့် ပါဝင်သည့် စစ်ကား ၅ စီးခန့် ပို့ဆောင်ခဲ့သည်ဟုလည်း ၎င်းက ဆက်ပြောသည်။ 

“စစ်ပွဲက စဖြစ်ပြီဆိုတော့ ဆက်ဖြစ်ဖို့ပဲရှိတော့တာပေါ့။ ထိတွေ့မှုတွေလည်း ဆက်ဖြစ်လာနိုင်တယ်” ဟု KNPP တာဝန်ရှိသူက ပြောသည်။

ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကရင်ပြည်နယ်တို့တွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် အာဏာသိမ်းစစ်တပ်တို့ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ကယားပြည်နယ်တွင် ပထမဆုံးအကြိမ် တိုက်ပွဲစတင်ဖြစ်ပွားလာခြင်းဖြစ်သည်။ 

ယမန်နေ့က ထိတွေ့တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်သေဆုံးမှု ရှိမရှိကိုမူ KNPP တာဝန်ရှိသူက ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။ 

တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်ပြီး KNPP ထိန်းချုပ်နယ်မြေအတွင်း လူငယ်အများအပြားကို စစ်သင်တန်းပေးနေသည်ဟုဆိုကာ စစ်တပ်က ယခုလို ထိုးစစ်ဆင်လာခြင်းဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ်သည်။

ပြီးခဲ့သည့် ဧပြီ ၃၀ တွင် ကယားပြည်နယ် ဖရူဆိုမြို့နယ်၌ ဒေသခံလူငယ် ၇၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။ 

အဆိုပါ လူငယ်များသည် KNPP က စစ်သင်တန်းပေးခြင်းမဟုတ်ဘဲ ပြည်နယ်ကိုယ်စားပြုအဖွဲ့အစည်းတစ်ခုက စီစဉ်သော သင်တန်းတစ်ခုသာဖြစ်ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အထွေထွေအတွင်းရေးမှူး (၂) ခူးဒယ်နီရယ်က ကယားပြည်နယ်အခြေစိုက် ကန္တာရဝတီတိုင်းမ်သတင်းဌာနကို မေ ၂ ၌ ဖြေကြားထားသည်။

ကယားပြည်နယ်အတွင်း KNPP နှင့် စစ်တပ်ကြား စစ်ရေးတင်းမာမှုမြင့်တက်နေသည့်နည်းတူ ယနေ့ ( မေ ၂၁) တွင် ဒီးမော့ဆိုမြို့နယ်အတွင်း ဆန္ဒပြသူများကို စစ်တပ်က အကြမ်းဖက်ဖြိုခွင်းခဲ့သဖြင့် ဒေသခံများနှင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားလျက်ရှိသည်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်ဖြစ်သော KNPP သည် ပထမအကြိမ် အရပ်သားအစိုးရလက်ထက်တွင် ပြည်နယ်အဆင့်အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့သော်လည်း တစ်နိုင်ငံလုံးပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားခြင်း မရှိပေ။ 

Show More

Related Articles

Back to top button