"စစ်ဆိုတာကတော့ ဘယ်စစ်မှ မကောင်းဘူး"

ယခင်က လက်နက်ကိုင်ခဲ့ပြီး ယခု ဖွံ့ဖြိုးရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ရခိုင်ဒေသ မြေပြင်စစ်ပွဲ၊ စကားလုံးစစ်ပွဲများ ရပ်ဆိုင်းကြရန် တိုက်တွန်းလိုက်သည်

Published on Jan 23, 2019
Published on Jan 23, 2019
မကြာသေးမီက ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် တွေ့ရသည့်  ဝံလက် ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းစံ (ဓာတ်ပုံ - အောင်ငြိမ်းချမ်း/Myanmar Now)
မကြာသေးမီက ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် တွေ့ရသည့် ဝံလက် ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းစံ (ဓာတ်ပုံ - အောင်ငြိမ်းချမ်း/Myanmar Now)

ရက္ခိုင့်တပ်မတော် (AA) အင်အားကြီးလာခြင်းမှာ တက်ကြွသည့် သဘာဝရှိသည့် လူငယ်တို့က ခေတ်အဆက်ဆက် ဖိနှိပ်ခံရမှုကို တွန်းလှန်လိုခြင်းကြောင့် ဖြစ်နိုင်သည်ဟု ရခိုင်ပြည်နယ်မှ လေ့လာသူတစ်ဦးဖြစ်သူ ဦးခိုင်ကောင်းစံက ပြောသည်။

ဦးခိုင်ကောင်းစံသည် ယခင်က  ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALA) တွင် ၇ နှစ် တာဝန်ထမ်းခဲ့သည်။  ALA မှ ထွက်ပြီး ကာလအတန်ကြာတွင် ၁ဝ နှစ် အထိန်းသိမ်းခံရသည့် ဦးခိုင်ကောင်းစံသည် ယခုအခါ စစ်တွေအခြေစိုက် ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်းတွင်  ဒါရိုက်တာအဖြစ် ဆောင်ရွက်နေသည်။

မကြာသေးမီက Myanmar Now နှင့် တွေ့ဆုံစဉ် သူက ရခိုင်ဒေသ တိုက်ပွဲတို့ကြောင့် တိမ်းရှောင်ရသူများ၊ လက်နက်ကိုင် ပဋိပက္ခ၊ ငြိမ်းချမ်းရေးမျှော်လင့်ချက်တို့အကြောင်း ပြောပြထားသည်။

မေး - လတ်တလော ရခိုင်ဒေသမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူရဲ့အခြေအနေကို အကျဉ်းချုပ် ပြောပြပေးပါ။

ဖြေ -  စစ်ရှောင်တွေ  ၆,ဝဝဝ လောက်တော့ ရှိတာပေါ့လေ။   ရာသီဥတု အရမ်းအေးနေတဲ့အခြေအနေမှာ မိုးရေကာဖျင်တွေ မိုးပြီး နေရတယ်၊ နောက်ပြီး မြေကြီးပေါ်မှာပဲ အိပ်နေရတဲ့သူတွေရှိတယ်။  ကျန်းမာရေး စောင့်ရှောက်မှုတွေလည်း သေသေချာချာ မရဘူး။ တချို့ မြို့နယ်၊ တချို့နေရာတွေမှာတော့ ရိက္ခာတွေ လုံလုံလောက်လောက် ရပေမယ့် ဝေးလံခေါင်ဖျားတဲ့ ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းတို့ ဆိုရင် ရောက်တဲ့ သူတွေက တော်တော်နည်းတယ်။ ရောက်လာတဲ့ ပစ္စည်းကလည်း တော်တော် နည်းတယ်။

ကလေးတွေ၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေများတာ တွေ့ရတယ်။ ကလေးတွေမှာ ဆိုရင်လည်း လိုအပ်တဲ့ ရသင့်တဲ့ အာဟာရတွေ၊  ကိုယ်ဝန်သည်တွေ ဆိုရင်လည်း လိုအပ်တဲ့ အစားအစာ အဟာရတွေရဖို့ လိုတယ်။ နောက် ဆေးဝါးတွေပေါ့။ သက်ကြီးရွယ်အိုတွေ အတွက်လည်း ဆေးဝါးကုသမှုတွေ လိုအပ်နေတယ်။  ဖြစ်သလိုစားသောက်နေထိုင်ရတာက ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်တာပေါ့။ အခုကတော့ ရက်ပိုင်းလေးသာမို့လို့ သိပ်မသိသာပေမယ့် လနဲ့ချီ ကြာလာရင်တော့ ကျန်းမာရေး  ထိခိုက်မှုတွေ ရှိလာနိုင်တယ်။   
 

မေး -  ဝံလက်အဖွဲ့အနေနဲ့ စစ်ရှောင်တွေအတွက် ဘယ်လောက်ကူညီပေးနေသလဲ။

ဖြေ -  ကျွန်တော်တို့ရောက်တာကတော့ ကျောက်တော်မြို့နယ် ဝါးတောင်၊ ကန်စောက်၊ တောင်မင်းကုလားရွာရယ်၊ နောက် ပုဏ္ဏားကျွန်းမြို့နယ်ထဲက သင်ပုန်းတန်းရယ်၊ ဖားကြွယ်ရယ်ပေါ့။ သန်ဘက်ခါ (ဇန်နဝါရီ ၁၉)  ရသေ့တောင်ဘက်ကို သွားဖို့ ပြင်ဆင်ထားပါတယ်။
 

မေး -  အကူအညီတွေက ထိရောက်မှု ရှိလား။

ဖြေ -   အကူအညီတွေက ထိရောက်မှုနည်းသေးတာပေါ့။ ပြည်ထောင်စု အစိုးရအဖွဲ့က လူကယ်ပြန်ဝန်ကြီး ကိုယ်တိုင်လာတော့ သိန်း ၇ဝဝ ကျော်ပဲ ပေးတယ်။ တကယ်တမ်း သိန်း ၇ဝဝ ကျော်ဆိုတာက လူဦးရေ ၄,၅ဝဝ၊ ၅,ဝဝဝ လောက်နဲ့ အချိုးချလိုက်ရင် လူတစ်ယောက်ရဲ့ ရပိုင်ခွင့်က ၁၇,၅ဝဝ ပဲ ရှိတာပေါ့။  နိုင်ငံတကာ အဖွဲ့အစည်းတွေကနေ အစိုးရက အကူအညီပေးဖို့ လိုတယ်။ နောက်နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း တိုက်ရိုက်ကူညီပေးလို့ မရဘူး ဆိုရင် အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ကူညီပေးဖို့လိုတယ်။

မေး -  တိုက်ပွဲကာလ ဆက်ကြာနေမယ်ဆိုရင် စစ်ရှောင်တွေရဲ့ အခြေအနေက ဘယ်လို ဖြစ်သွားနိုင်သလဲ။

ဖြေ - တိုက်ပွဲတွေ ဆက်ဖြစ်နေမယ် ဆိုရင် စစ်ရှောင်တွေရဲ့ စားဝတ်နေရေးက အစိုးရကသာ တာဝန် မယူဘူးဆိုရင် တော်တော်လေးကို အခက်အခဲကြုံရမယ့် အနေအထားရှိတယ်။ လူထုတွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေဆိုတာက အလှူရှင်တွေဆီက လာသလောက်ကိုပဲ ကူညီရတဲ့အပိုင်းဖြစ်တယ်။ ဒီလိုမျိုး ဖြစ်နေတဲ့အတွက် စစ်ရှောင်တွေတင် မဟုတ်ဘဲ စစ်ရှောင်တွေ ခိုလှုံနေတဲ့ရွာတွေ၊ သူတို့ရဲ့ အသက်မွေးဝမ်းကြောင်းပေါ့နော်၊ ဒါလည်း တော်တော်လေး အရေးကြီးတာပေါ့။ ရခိုင်မှာဆိုရင် တကယ့်ကို ဆိုးဆိုးဝါးဝါး အခြေအနေ ဖြစ်သွားနိုင်တာပေါ့။

မေး -  ရခိုင်ပြည်နယ်ပြင်ပကရော လှူဒါန်းမှုတွေ ရှိလား။

ဖြေ -  ပြည်မဘက်ကလာတာကတော့ ၈၈ မျိုးဆက် ပွင့်လင်းလူအဖွဲ့အစည်းက လာတယ်။ သူတို့က အကူအညီပေးသလိုပဲ အားပေးစကားတွေလည်း ပြောတယ်။ ပြည်မဘက်က အဖွဲ့အစည်း တချို့လည်း လာမယ်ဆိုပြီး ဆက်သွယ်တာတွေ တွေ့ရပါတယ်။  ရေရှည် ဖြစ်လာရင်တော့ ပြည်မက အဖွဲ့အစည်းတွေလည်း လာလိမ့်မယ်လို့ ထင်တယ်။ ဒါပေမဲ့ အဲဒါက ကူညီတဲ့ အပိုင်းလောက်ပဲဖြစ်မယ်။ တကယ်တမ်း ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းမှာ အစိုးရက တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။

မေး -  လူကယ်ပြန်ဝန်ကြီးဌာနက ထောက်ပံ့ထားတယ် ဆိုတော့  နောက်ထပ် ထောက်ပံ့မယ်လို့ရော ကြားသေးလား။

ဖြေ -  အဲဒီလိုတော့ မကြားဘူး။ အဲဒီလို ပဋိပက္ခဖြစ်ပြီဆိုရင် အရေးပေါ် ငွေကြေးက သီးသန့်ထားရှိတာ ရှိမရှိ ဆိုတာကလည်း အရေးကြီးတယ်။ ဒါမျိုးက တိုင်းနယ် ပြည်နယ်အလိုက်ကို ရှိနေရမှာပေါ့။ ပြည်ထောင်စုမှာလည်း ရှိနေရမယ်။ ဒီလိုဖြစ်ပြီဆိုရင် အရေးပေါ် ကူညီရမယ့် ငွေကြေးပမာဏပေါ့ ဆက်ကူညီမလား မကူညီဘူးလား ဆိုတာကလည်း  ပြောရခက်တယ်။ တကယ်လို့ အစိုးရမှာ မရှိဘူးဆိုရင် အခြေစိုက်နေတဲ့ INGO (နိုင်ငံတကာ ကူညီရေးအဖွဲ့အစည်း) တွေကို   ဘာတွေကူညီပေးနိုင်မလဲ ဆိုတာကို အစိုးရက တွန်းဖို့လိုတယ်။ 

မေး - INGO တွေရဲ့ ထောက်ပံ့မှုတွေကရော ဘယ်လို အခြေအနေ ရှိနေပါသလဲ။

ဖြေ -   ကျွန်တော်တို့ စခန်းတွေ သွားတဲ့အချိန်မှာ မိသားစုအသုံးအဆောင်တွေနဲ့ ယာယီအိမ်သာတွေ လုပ်ပေးတယ်။ ဒါတွေက တကယ်တမ်းပြောရရင် မထိရောက်ဘူး။ သင်ပုန်းတန်းစခန်းလို နေရာမျိုးမှာဆိုရင် (ယာယီအိမ်သာနဲ့) လူနေတဲ့ နေရာနဲ့က ဝါးတစ်ပြန်ပဲဝေးတဲ့ ဧရိယာမှာ ထားထားတယ်။   ပေးတာလည်း ပေးပါတယ်။ ပေးတာထက် သတင်းတွေမှာ လုံလောက်နေပြီလို့ ပြောလိုက်တဲ့အခါမှာ တချို့အလှူရှင်တွေကလည်း ထင်ယောင်ထင်မှား ဖြစ်သွားနိုင်တယ်။ တကယ်တမ်းကတော့ လုံလောက်မှု မရှိပါဘူး။

မေး -  တိုက်ပွဲနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်မှာ ပေါ်လာတဲ့ လူမျိုးရေးအမုန်းစကားတွေကိုရော ဘယ်လို မှတ်ချက်ပေးချင်လဲ။

ဖြေ -  အဓိကကတော့ နှစ်ဖက်တိုက်ပွဲကိုလည်း ရပ်စေချင်တယ်။ နောက်တစ်ခုက လူမှုစာမျက်နှာပေါ်မှာ လူမျိုးရေးအရ ဗမာတိုင်းရင်းသားနဲ့ ရခိုင်တိုင်းရင်းသားကြားမှာ အမုန်းပွားအောင် ဖန်တီးနေတဲ့ လူတစ်စု ရှိနေတယ်၊ အကောင့် အတုတွေနဲ့။ အဲဒါကိုလည်း ဖြေလျှော့သွားအောင် ကြိုးပမ်းဖို့ လိုတယ်။ ဒါဟာ လူမျိုးရေးအရ ဖြစ်နေတဲ့ဟာ မဟုတ်ဘူး၊  တစ်ဘက်မှာ ယုံကြည်မှုနဲ့ တော်လှန်နေတဲ့သူနဲ့ စည်းစနစ်ကို သူတို့တော်လှန်တာ ဖြစ်တယ် ဆိုတာကိုလည်း ကွဲကွဲပြားပြားသိဖို့ လိုတယ်။ နောက်တစ်ခုက ပြီးခဲ့တဲ့ ရက်ပိုင်းက သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးရဲ့ ပြောဆိုမှုဟာလည်း လူတွေရဲ့စိတ်ကို ဆွပေးသလို ဖြစ်တယ်။ ဒါဟာလည်း ကိုယ်ပြောတဲ့ စကားပေါ်မှာ တာဝန်ယူဖို့ တာဝန်ခံဖို့လိုတာပေါ့။ 

မေး။     ။ တိုက်ပွဲကြား မြေဇာပင် စစ်ရှောင်တွေနဲ့ ပတ်သက်ပြီး နှစ်ဘက် တာဝန်ရှိသူတွေကို တိုက်တွန်းချင်တာ ရှိသလား။

ဖြေ။     ။ အခုလက်ရှိ ကျွန်တော်တို့သိသလောက်ဆိုရင် မြန်မာနိုင်ငံကလည်း ဖက်ဒရယ်ဒီမိုကရေစီနစ်ကို သွားနေတယ်ပေါ့။ AA ကလည်း တိုက်ပွဲတွေ မဖြစ်ခင်မှာ မြောက်ပိုင်းမဟာမိတ်တွေနဲ့ ပေါင်းပြီးတော့မှ သူတို့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ဖို့အတွက်  သဘောထား ထုတ်ပြန်ချက်တစ်စောင် ထုတ်တယ်။ ဒါဟာ ဘုံတူညီမှု ရှိနေကြတာပဲပေါ့။ တပ်မတော်ကလည်း တိုင်းပြည် ငြိမ်းချမ်းရေးကို လိုချင်တယ်၊ လက်နက်ကိုင် တော်လှန်ရေးအင်အားစုကလည်း တိုင်းပြည်ငြိမ်းချမ်းရေးကို လိုချင်တယ်၊ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ချင်တယ်။ အဲဒီတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ စားပွဲဝိုင်းထဲမှာ အဆင်ပြေဖို့ အဓိကကတော့ တပ်မတော်အနေနဲ့လည်း နည်းနည်းလေး သဘောထားကြီးပေးပါပေါ့။ တော်လှန်ရေး အင်အားစုတွေကလည်း   တချို့အရာတွေမှာက တစ်ဆင့်ပြီး တစ်ဆင့်သွားသင့်တယ်။ တပ်မတော်ဘက်ကလည်း စစ်ပွဲကိုရပ်ပါပေါ့၊ တစ်နိုင်ငံလုံးကို ရပ်ပါ။ ရပ်ပြီးတော့မှ ဖြည်းဖြည်းချင်းချင်းနဲ့ ဖြေလျှော့ပေးလို့ရတဲ့အရာတွေဆိုရင် ဖြေလျှော့ပေးဖို့ပေါ့နော်။ ပွင့်လင်းရိုးသားစွာနဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့လိုတယ်လို့ ပြောချင်ပါတယ်။

မေး -  AA စစ်ဦးစီးချုပ်က အင်တာဗျူးတစ်ခုမှာ "ကိုယ့်ပြည်နယ်ရဲ့ အချုပ်အခြာအာဏာကို ကိုယ့်လက်ထဲမှာ ထားရတာ ပိုကြိုက်တယ် …  အာဏာခွဲဝေမှုမြင့်မားတဲ့ အခြေအနေကို ပိုသဘောကျတယ်" လို့ ပြောခဲ့တယ်။ ရခိုင်တိုင်းရင်းသားတစ်ယောက်အနေနဲ့ ဒါကို ဘယ်လိုမြင်ပါသလဲ။

ဖြေ -   အရင်တုန်းက တစ်ခါမှ မပြောဖူးဘူး။ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကိုပဲ သွားမယ်လို့  ပြောနေတာပေါ့။ အဲဒီတော့ အခုလို ပြောလိုက်တာကလည်း သူ့ရဲ့ယုံကြည်ချက်လည်း ဖြစ်ကောင်းဖြစ်မယ်၊ တစ်ဘက်မှာလည်း စစ်ရေးအရ သူတို့ကို အရမ်းကို ခွဲခြားဆက်ဆံမှုပေါ့။ ဥပမာ အနောက်ပိုင်းတိုင်းကို အပစ်အခတ်ရပ်တဲ့အခါမှာ မပါဘူး ဆိုတဲ့ဟာရယ်၊ သာမန်တိုက်ပွဲဝင်တဲ့ဟာကို လေယဉ်တွေနဲ့ အမြှောက်တွေ သုံးတဲ့ဟာရယ်၊ လိုအပ်တာထက်ပိုပြီးတော့ စစ်အင်အားတွေ အလွန်အကျွံသုံးတဲ့အပေါ်မှာ AA ခေါင်းဆောင်ရဲ့ ပြောဆိုမှုလည်း ဖြစ်ကောင်းဖြစ်နိုင်တာပေါ့။ ဒီအပေါ်မှာတော့ ကျွန်တော်ကတော့ မှတ်ချက် မပေးချင်ပါဘူး။

ဒီလိုပါပဲ တော်လှန်ရေးအင်အားစုတွေကတော့ လွတ်မြောက်ရေးတို့ဘာတို့ ပြောလာကြတာပဲ၊ တကယ်တမ်း ငြိမ်းချမ်းရေး စားပွဲဝိုင်းထဲ ရောက်လာတဲ့အခါ   ဘုံသဘောတူညီမှုပေါ်မှာပဲ မူတည်ပြီးတော့ လုပ်ဆောင်သွားကြတာပဲပေါ့နော်။

အပြတ်ချေမှုန်းမယ်ဆိုတဲ့ စကားကတော့ မဖြစ်သင့်ဘူးလို့ မြင်တယ်။ စကားဝိုင်းထဲမှာ ဆွေးနွေးရင်တော့ စိတ်ပိုင်းဆိုင်ရာတွေကအစ ပြောင်းလွယ်ပြင်လွယ်လို့ရတဲ့ သူတွေလို့ပဲမြင်ပါတယ်။

မေး -  ရက္ခိုင့်တပ်မတော်က အချိန်တိုတိုအတွင်းမှာ အင်အား တောင့်တင်းလာတယ်။ ရခိုင်လူငယ်တွေအတွင်းမှာ ထောက်ခံမှုတွေ ရရှိလာတယ်ဆိုတာက ဘယ်လိုစေ့ဆော်မှုတွေကြောင့်ဖြစ်မလဲ။

ဖြေ -  အဓိကကတော့ ရက္ခိုင့်တပ်မတော်ရဲ့ အခြေချတဲ့ဧရိယာပေါ့။ (ကချင်လက်နက်ကိုင်အဖွဲ့) KIA က ငြိမ်းချမ်းရေး ယူထားတဲ့ ဧရိယာ။ အဲဒီဧရိယာမှာ ရခိုင်က ရွှေ့ပြောင်းနေထိုင်တဲ့ ရခိုင်လူမျိုးတွေ အများကြီးရှိတယ်။ KIA နဲ့ ငြိမ်းချမ်းရေးပြိုကွဲတဲ့အချိန်မှာ အလုပ်လုပ်နေကြတဲ့ သူတွေလည်း အများကြီး ရှိတယ်။ နောက် လူငယ်တွေဆိုတာက ခံစားလွယ်တော့။ ကျွန်တော်တို့ကိုယ်တိုင်ကလည်း အဲဒီလို အတွေ့အကြုံတွေကို ဖြတ်သန်းခဲ့ဖူးတော့ လူငယ်တွေရဲ့ ဘာသာဘာဝ အရမ်းတက်ကြွတယ်၊ တီထွင်ပြီးတော့ လုပ်ချင်တယ်၊ အဲဒီလိုလုပ်နေတာမြင်ရင် အရမ်းအားကျတယ်၊ ကိုယ်ကိုယ်တိုင် ပါဝင်ချင်တယ်၊ အဲဒီလိုဟာတွေကလည်း အကြောင်းခံတယ်။

နောက်တစ်ခုက အစိုးရအဆက်ဆက်ရဲ့ ခွဲခြား ဆက်ဆံထားမှုပေါ့နော်။ ဥပမာ ကျွန်တော်တို့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က ပြည်တွင်းစစ် မရှိဘဲနဲ့ကို ဆင်းရဲ မွဲတေနေတယ်။ သယံဇာတတွေရှိတယ်၊ စိုက်ပျိုးဖို့မြေတွေ ရှိတယ်၊ ငါးဖမ်းဖို့ ရေတွေ ရှိတယ်၊ ဒါပေမဲ့ အရမ်းကို ချွတ်ခြုံကျနေတယ်။ ဒါဟာ ဘာကြောင့်လဲလို့ တချို့လည်း သုံးသပ်ကောင်း သုံးသပ်ကြလိမ့်မယ်။ အဲဒီလိုဖြစ်တဲ့အချိန်မှာ လူငယ်တွေရဲ့ ဘာသာဘာဝ၊ သူတို့ရဲ့ လုပ်ရည်ကိုင်ရည်ပေါ့၊ ရခိုင်ဆိုရင် တော်လှန်ရေး အဆက်ဆက် လုပ်ခဲ့တယ်၊ ဒါပေမဲ့ AA လို အင်အားကောင်းပြီးတော့ တိုက်နေတဲ့ ဖြစ်နေတဲ့ တိုက်ပွဲတွေကလည်း နယ်စပ်ဧရိယာ မဟုတ်ဘဲ မြို့နဲ့ အရမ်းနီးတဲ့ ဧရိယာတွေမှာဖြစ်နေတော့ လူတွေရဲ့ စိတ်က တော်လှန်ရေးအပေါ်မှာယုံကြည်မှုပေါ့၊ ဒါကလည်း အစိုးရအဆက်ဆက်ရဲ့ စနစ်ကြောင့်၊ စစ်နဲ့အုပ်ချုပ်လာတဲ့ စနစ်ကို ဖိနှိပ်မှုများလို့ တွန်းလှန်လိုတဲ့စိတ်တွေက ပိုပြီးတော့ အင်အားဖြစ်စေတယ်လို့ မြင်တာပေါ့။

စစ်ဆိုတာကတော့ ဘယ်စစ်မှ မကောင်းဘူးပေါ့နော်။   ကျွန်တော်တို့ ငြိမ်းချမ်းတဲ့ ပြည်ထောင်စုကြီးကို ဘယ်လို တည်ဆောက်ကြမလဲ၊ အဲဒါက အရေးကြီးတယ်။  အကုန်လုံးပါဝင်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို သွားနိုင်ဖို့ မျှော်လင့်တယ်။ အဲဒီလိုသွားနိုင်အောင်လည်း တိုက်တွန်းကြဖို့ ပြောချင်ပါတယ်။      ။

 

 

 

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading