သတင်း

ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ဖွဲ့စည်း

ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်များ၏ အမည်စာရင်းကို သင်္ကြန်အတက်နေ့ဖြစ်သည့် ဧပြီ ၁၆ တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ကြေညာလိုက်သည်။

ယာယီဒုတိယသမ္မတတာဝန်ယူထားသူ မန်းဝင်းခိုင်သန်းကို ဝန်ကြီးချုပ်တာဝန်ပေးထားပြီး အထိန်းသိမ်းခံနေကြရသော NLD ခေါင်းဆောင်များဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်တို့ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊  နိုင်ငံတော်သမ္မတ စသည့် မူလရာထူးများ ပြန်လည်ပေးအပ်ထားသည်။

နိုင်ငံတော်ဒုတိယသမ္မတမှာ ကချင်တိုင်းရင်းသားတစ်ဦးဖြစ်သူ ဒူဝါလရှီးလဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနဝန်ကြီး ဦးလွင်ကိုလတ်၊ ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး ဦးရည်မွန်(ခ)မောင်တင်သစ်တို့က တာဝန်ယူထားသည်။

ဖက်ဒရယ်ပြည်ထောင်စုဝန်ကြီး ဒေါက်တာလျန်မှုန်ဆာခေါင်း၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာ ဆာဆာ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီး နော်ဆူဇန်နာလှလှစိုးတို့က တာဝန်ယူထားသည်။

ဒေါက်တာဇော်ဝေစိုးက ပညာရေးနှင့် ကျန်းမာရေးဝန်ကြီးဌာန နှစ်ခုကို တာဝန်ယူထားသည်။

ဒေါက်တာဝင်းမြတ်အေးက လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီး၊ ဦးတင်ထွန်းနိုင်က စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးတာဝန်ကို ယူထားသည်။

CRPH နှင့် တိုင်းရင်းသားလက်နက်ကိုင်များ သဘောတူဖွဲ့စည်းထားသည့် ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့သည် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်စာချုပ်ပါ လမ်းပြမြေပုံအတိုင်း တစ်ဆင့်ချင်းဆောင်ရွက်သွားမည်ဟု ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ ပထမသက်တမ်းကုန်ဆုံးသည့် မတ် ၃၁ တွင် CRPH က တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များ၊ တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် ပူးပေါင်းကာ အစည်းအဝေးများ အကြိမ်ကြိမ်ကျင်းပခဲ့ပြီးနောက် ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကို သင်္ကြန်အတက်နေ့ (ဧပြီ ၁၆) တွင် ဖွဲ့စည်းနိုင်ခဲ့ခြင်းဖြစ်သည်။

ကြားဖြတ်ကာလအစိုးရအဖွဲ့ကို ထောက်ခံကြရန် ဦးမင်းကိုနိုင်က ပြောကြားလိုက်သည်။

“သောင်းသောင်းဖြဖြ အားပေးဖို့ လိုပါတယ်” ဟု ဦးမင်းကိုနိုင်က ပြောသည်။

ဦးမင်းကိုနိုင်က အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီကိုယ်စား ပြောကြားခြင်းဖြစ်သည်ဟု ဆိုသည်။

အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ဧပြီ ၁၆ ထိ နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့ရသူ ၇၂၆ ဦးထိ ရှိနေပြီဖြစ်ပြီး ဖမ်းဆီးခံရသူ ၃၁၅၁ ဦးထိ ရှိနေပြီဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားသည်။

ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်

စစ်အာဏာရှင်ခေတ်က ရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းကြောင်းကို CRPH က ကြေညာခဲ့ပြီး ကြားကာလဖွဲ့စည်းပုံအခြေခံမူအဖြစ် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (Federal Democracy Charter)တစ်ခုကို မတ် ၃၁ ညတွင် ထုတ်ပြန်ခဲ့သည်။

အစိတ်အပိုင်း (၁) နှင့် အစိတ်အပိုင်း (၂) ဟူ၍ ပါရှိသည့် ထိုဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်တွင် ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့မှ ဆောင်ရွက်ရမည့် အချက်များကို အဆင့်အလိုက်ဖော်ပြထားသည်။

အစိတ်အပိုင်း (၁) တွင် ပါရှိသည့် နိုင်ငံရေးလမ်းပြမြေပုံတွင် အဆင့် ၈ ဆင့် ပါဝင်ပြီး အဆင့် (၄) အရ  ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကို ဖွဲ့စည်းပြီးနောက် ဥပဒေပြုရေးနှင့် တရားရေးမဏ္ဍိုင်ဆိုင်ရာအဖွဲ့အစည်းများကို ဆက်လက်ဖွဲ့စည်းသွားရမည်ဖြစ်သည်။

ထို့နောက် တိုင်းပြုပြည်ပြုညီလာခံ ခေါ်ယူကျင်းပပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲအတည်ပြုပြီး လူထုဆန္ဒခံယူပွဲကျင်းပ၍ အတည်ပြုသွားရမည်ဖြစ်သည်။

ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၏ အုပ်ချုပ်ရေးစနစ်မှာ ဝန်ကြီးချုပ်ဦးဆောင်သည့် ပါလီမန်ဒီမိုကရေစီစနစ် (Parliamentary System) ကို ကျင့်သုံးသွားမည်ဖြစ်ပြီး နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုသမ္မတ (၁) (၂) တို့ ပါဝင်သွားမည်ဖြစ်သည်ဟု ဖက်ဒရယ်ပဋိညာဉ်တွင် ဖော်ပြထားသည်။

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ

ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၏ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဖက်ဒရယ်ဒီမိုကရေစီအင်အားစုများနှင့် လုပ်ငန်းအဆင့်ဆင့်တွင် ညှိနှိုင်းတိုင်ပင်ဆောင်ရွက်နိုင်ရန် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ကို ဖွဲ့စည်းသွားရမည်ဖြစ်သည်။ 

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တွင် CRPH အဖွဲ့ဝင်များ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများဖြင့် ဖွဲ့စည်းသွားမည်ဖြစ်သည်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ၏ ဥက္ကဋ္ဌမှာ ၁၉၈၈ အရေးအခင်း ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးမင်းကိုနိုင်ဖြစ်လာနိုင်သည်ဟု CRPH နှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။

ထိုဖက်ဒရယ်ပဋိညာဉ်ကို ၁၉၉၀ ရွေးကောက်ပွဲနိုင် လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအင်အားစုများ ပူးပေါင်းပြီး ၁၉၉၀ ခုနှစ်မှ ၂၀၀၈ ခုနှစ်ထိ ၁၈ နှစ်ကြာရေးဆွဲခဲ့သည့် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းတွင် အခြေခံရေးဆွဲခဲ့ခြင်းဖြစ်သည်ဟု CRPH ပြောရေးဆိုခွင့်ရှိသူက Myanmar Now ကို ဖြေကြားသည်။

Show More

Related Articles

Back to top button