မေးမြန်းခန်း

KNLA  ဒုတိယစစ်ဦးစီးချုပ်နှင့် ဆက်သွယ်မေးမြန်းခြင်း (ပထမပိုင်း)

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူလူထုကို ပစ်ခတ်သတ်ဖြတ်နေခြင်းမှာ လူမဆန်သည့်လုပ်ရပ်ဖြစ်သည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ လက်နက်ကိုင်အဖွဲ့ဖြစ်သော ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) မှ ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစောဘောကျော်ဟဲက ပြောလိုက်သည်။ 

ကရင်ပြည်နယ်အတွင်း လေကြောင်းမှ စစ်ဆင်နေခြင်းကြောင့် ပြည်သူလူထု ပြေးလွှားပုန်းရှောင်နေရသကဲ့သို့ KNLA ထံတွင် ရှိနေသော စစ်ကောင်စီတပ်မှ သုံ့ပန်းများ၏ လုံခြုံရေးမှာလည်း စိုးရိမ်ဖွယ်ရာဖြစ်လာသည်ဟု ဒုတိယဗိုလ်ချုပ်ကြီးက ပြောသည်။

မကြာသေးခင်က Myanmar Now က ဆက်သွယ်မေးမြန်းစဉ် ဒုတိယဗိုလ်ချုပ်ကြီးက ပြည်သူ့လှုပ်ရှားမှု၊ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းရေး၊ စစ်သုံ့ပန်းမူဝါဒတို့နှင့် ပတ်သက်ပြီး ပြောပြထားသည်။ 

မေး။ ။ စစ်တပ်ကနေအာဏာသိမ်းပြီး လက်နက်မဲ့ဆန္ဒပြပြည်သူလူထုကို၊ ကျောင်းသားလူငယ်တွေကို အကြမ်းဖက်နှိမ်နင်းတာနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်ပါသလဲ။ 

ဖြေ။ ။ အာဏာရှင်၊ အာဏာရှင်စနစ်နဲ့ လူမျိုးကြီးဝါဒဟာ မည်သူတစ်ဦးတစ်ယောက်ကိုမျှ၊ မည်သည့်လူမျိုးကိုမျှ လူ့အရည်အသွေးအပြည့်အဝနဲ့ ရှင်သန်နေထိုင်ဖို့အခွင့်အလမ်းကို ပေးမှာမဟုတ်ဘူး။ သူတို့အာဏာ တည်မြဲဖို့အတွက်၊ သူတို့ဘဝ ဖူလုံကြွယ်ဝဖို့လောက်ပဲ တွေးပြီး ဘယ်သူ့ကိုမဆို နှိပ်ကွပ်အနိုင်ကျင့်မှာပါပဲ။ ဒါကြောင့် ကျွန်တော်တို့ ကရင်တစ်မျိုးသားလုံးက အာဏာရှင်နဲ့ အာဏာရှင်စနစ်ကို ဆန့်ကျင်တယ်။ လက်နက်နဲ့ အကြမ်းဖက်ဖိနှိပ်တဲ့အာဏာရှင်ကို လက်နက်ကိုင်ပြီး ခုခံတော်လှန်တယ်။ ဒီအချိန်မှာ မြန်မာတစ်နိုင်ငံလုံးက ပြည်သူလူထု၊ ကျောင်းသား၊ လူငယ်မောင်မယ်တွေက ရဲရဲဝံ့ဝံ့ လမ်းပေါ်ထွက်ပြီး တော်လှန်လာကြတော့ ကျွန်တော်တို့က တော်လှန်ရေးဘက်တော်သားများအနေနဲ့ ကြိုဆိုတယ်။ ကျွန်တော်တို့ အပိုင်းကနေပြီးတော့လည်း ဒီအာဏာရှင်စနစ်နဲ့ လူမျိုးကြီးဝါဒ အမြစ်ဖြတ်ချေမှုန်းရေးတိုက်ပွဲ အောင်မြင်ဖို့ ကျွန်တော်တို့ရဲ့အခန်းကဏ္ဍကို ပီပီပြင်ပြင်ဖြစ်အောင် ကြိုးစားဆောင်ရွက်နေမှာဖြစ်တယ်။ 

မေး။ ။ အာဏာရှင်စနစ်ကို တော်လှန်တာနဲ့ပတ်သက်ပြီး လက်နက်ကိုင်တော်လှန်ရေးတပ်တစ်ခုရဲ့ ခေါင်းဆောင်အနေနဲ့ ဘာများပြောစရာရှိပါသလဲ။ 

ဖြေ။ ။ အာဏာရှင်စနစ်နဲ့ လူမျိုးကြီးဝါဒဟာ ဘယ်လူမျိုးအတွက်မှ မကောင်းပါဘူး။ လူမျိုးကြီးဝါဒကို အခြေခံတဲ့ စစ်အာဏာရှင်စနစ်ဟာ လွတ်လပ်လိုသူတိုင်းကို ရန်ပြုတဲ့စနစ်ဖြစ်တယ်ဆိုတာ မြန်မာနိုင်ငံတစ်ဝန်းက ပြည်သူလူထုတွေ နားလည်ဖို့လိုတယ်။ ဒါမှလည်း ကျွန်တော်တို့အနေနဲ့ အနှစ်သာရရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို အကောင်အထည်ဖော်နိုင်မှာ ဖြစ်သလို အင်မတန်အရေးကြီးတဲ့ စည်းလုံးညီညွတ်မှုကိုလည်း တည်ဆောက်နိုင်မှာ ဖြစ်တယ်။ မြန်မာ့သမိုင်းတလျှောက်မှာ ဘယ်သူသေသေ ငတေမာရင်ပြီးရော သဘောထားမျိုးနဲ့ နေလာခဲ့ကြတဲ့၊ အထူးသဖြင့် ဗမာတိုင်းရင်းသားလူမျိုးများရဲ့ အခန်းကဏ္ဍဟာလည်း ဒီစစ်အာဏာသိမ်းမှုအပြီးမှာ ရာသက်ပန်ပြောင်းလဲသွားခဲ့ပြီလို့ ကျွန်တော် ယုံကြည်တယ်။ လူမျိုးအားလုံးအတွက် တန်းတူမှု၊ တရားမျှတမှု၊ လွတ်လပ်မှုဆိုတာ အသက်ရှင်သန်ဖို့၊ ဖွံ့ဖြိုးတိုးတက်ဖို့ မရှိမဖြစ်လိုအပ်တဲ့ အခြေခံအနှစ်သာရတွေ ဖြစ်တယ်။ ဒီတစ်ကြိမ်မှာတော့ ဗမာလူမျိုးအပါအဝင် တိုင်းရင်းသားပြည်သူလူထုအားလုံးက ရှင်းရှင်းလင်းလင်း နားလည်လာကြပြီလို့ ကျွန်တော်မျှော်လင့်တယ်။ ဒီတစ်ကြိမ်မှာ စစ်အာဏာရှင်စနစ်ကို ကျွန်တော်တို့အားလုံး အမြစ်ဖြတ်ချေမှုန်းပစ်နိုင်ဖို့ လိုတယ်။ ဒါမှလည်း ကျွန်တော်တို့နိုင်ငံ၊ ကျွန်တော်တို့ လူမျိုးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုအလားအလာကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ကြဖို့ အခွင့်အရေးရှိလာမှာ ဖြစ်တယ်။ 

မေး။ ။ KNLA က ဖမ်းဆီးရမိထားတဲ့ စစ်သားများနဲ့ ပတ်သက်ပြီး ဘယ်လိုသဘောထား၊ ဘာအစီအစဉ်တွေ ရှိပါသလဲ။ 

ဖြေ။ ။ ကျွန်တော်တို့ဟာ အသက်အားလုံးကို တန်ဖိုးထားတယ်။ လူအားလုံးရဲ့ အသက်ရှင်သန်ခွင့်နဲ့ လွတ်လပ်မှုကို အလေးထားတယ်။ ထို့အတူ ကာယကံရှင်တွေကိုယ်တိုင်ကလည်း မိမိအသက်ကို တန်ဖိုးထားတတ်ဖို့ လိုပါလိမ့်မယ်။ ကျွန်တော်တို့ ကရင်ဒေသတွေမှာ အကြမ်းဖက်မြန်မာ့တပ်မတော်က စစ်သားတွေလာတဲ့အခါ၊ စခန်းချတဲ့ မြန်မာ့တပ်မတော်သားတွေဟာ ကျွန်တော်တို့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အလေးမထား၊ တန်ဖိုးမထားသလို သူတို့အသက်ကိုလည်း သူတို့တန်ဖိုးမထားတဲ့လူတွေ ဖြစ်တယ်။ မြန်မာနိုင်ငံ အမြို့မြို့အနယ်နယ်က လက်နက်မဲ့ပြည်သူလူထုကို အနိုင်ကျင့်သတ်ဖြတ်နေတာဟာ ကျွန်တော်တို့ တော်လှန်ရေးရဲဘော်တွေရဲ့ ခံယူချက်၊ ကျင့်ဝတ်များနဲ့ ဆန့်ကျင်တဲ့လုပ်ရပ်တွေ ဖြစ်တယ်။ ကရင်ဒေသမှာပဲ ဖြစ်ဖြစ်၊ အခြားဘယ်ဒေသမှာပဲဖြစ်ဖြစ် အဲ့ဒီလိုလူမဆန်တဲ့ လုပ်ရပ်မျိုးကို ကျွန်တော်တို့ လက်မခံဘူး။ ဆန့်ကျင်တယ်။ အဲ့ဒီလိုလုပ်ရပ်တွေ ကျူးလွန်တဲ့တပ်တွေနဲ့ တပ်သားတွေကိုလည်း အထူးသဖြင့် ကျွန်တော်တို့နယ်မြေမှာ မရှိစေချင်ဘူး။ အဲ့ဒီလိုလူမဆန်သူတွေအတွက် ကျွန်တော်တို့ကမ္ဘာမြေမှာ နေရာမရှိသင့်ပါဘူး။ 

ဖမ်းဆီးရမိထားတဲ့ ဗမာစစ်သားများနဲ့ ပတ်သက်ပြီးတော့ ကျွန်တော် ဒီလိုပြောချင်ပါတယ် … လူသားအားလုံးရဲ့ အသက်ဟာ တန်ဖိုးရှိတယ်၊ လူသားအားလုံးမှာ အသက်ရှင်သန်ပိုင်ခွင့်ရှိတယ်ဆိုတဲ့ အခြေခံအပေါ်မှာပဲ ဒီဗမာစစ်သားတွေကို ကျွန်တော်တို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်က ဒဏ်ရာတွေကို ဆေးကုပေးနေတယ်။ သူတို့လုံခြုံရေးကို ကျွန်တော်တို့ ပြည်သူများလုံခြုံရေးနဲ့ထပ်တူ ကျွန်တော်တို့ တာဝန်ယူပေးနေတယ်။ သူတို့ရဲ့သဘောထားဆန္ဒကိုမေးမြန်းပြီး သူတို့အတွက် အကောင်းဆုံးဖြစ်ဖို့ ကျွန်တော်တို့ဘက်က အတတ်နိုင်ဆုံးကို ဆောင်ရွက်ပေးသွားဖို့ ရှိပါတယ်။ လောလောဆယ်မှာ ကျွန်တော်တို့ ကရင်အမျိုးသားထိန်းချုပ်နယ်မြေတစ်ခွင်လုံးကို အထူးသဖြင့် ကျွန်တော်တို့ KNLA တပ်မဟာ (၅) ဒေသတစ်ခွင်လုံးကို မြန်မာ့တပ်မတော်က အငြိုးတကြီး တိုက်လေယာဉ်တွေနဲ့ စစ်ဆင်ရေးလုပ်နေတဲ့အချိန်ဖြစ်လို့ ပြည်သူလူထုတွေ ပြေးလွှားပုန်းရှောင်နေရတဲ့အချိန်ဖြစ်သလို ဒီဒေသက လူအားလုံးရဲ့ (ဖမ်းဆီးရမိထားတဲ့ ဗမာစစ်သားတွေအပါအဝင်) လုံခြုံရေးကို စိုးရိမ်နေရတဲ့အချိန်ကာလလည်းဖြစ်တယ်။ ကျွန်တော်တို့ အရွေ့တစ်ချက်မှားသွားတာနဲ့ ကျွန်တော်တို့ရဲ့ လုံခြုံရေး၊ အဲ့ဒီဖမ်းဆီးရမိထားတဲ့ ဗမာစစ်သားတွေရဲ့ လုံခြုံရေးအပေါ် အများကြီးသက်ရောက်မှုတွေ ရှိသွားနိုင်တယ်။ ကျွန်တော်တို့ သတိနဲ့ ရွေ့နေပါတယ်။ အတတ်နိုင်ဆုံး၊ အမြန်ဆုံး သူတို့အတွက် လုံခြုံစိတ်ချရတဲ့ အခြေအနေတစ်ခုဆီရောက်အောင် ကျွန်တော်တို့ ကြိုးစားနေပါတယ်။

မေး။ ။ နေ့စဉ်နဲ့အမျှ မြန်မာနိုင်ငံတစ်ဝန်းက ဆန္ဒပြပြည်သူတွေ အကြမ်းဖက်နှိမ်နင်းခံနေရပါတယ်။ နေ့စဉ်နဲ့အမျှ အသက်ပေးဆပ်လိုက်ရတာတွေ အများကြီးရှိနေပါတယ်။ မြို့တွေပေါ်မှာ စစ်ဘေးရှောင်နေရတဲ့အနေအထားတွေ ဖြစ်နေပါတယ်။ ဒီလိုအခြေအနေနဲ့ပတ်သက်ပြီး ဘာများပြောစရာရှိပါသလဲ။ ပြည်သူတွေကို ဘာများပြောချင်ပါသလဲ။ 

ဖြေ။ ။ မြန်မာနိုင်ငံတစ်ဝန်းက ဖက်ဆစ်စစ်အာဏာရှင်ကို တော်လှန်ဆန့်ကျင်နေကြတဲ့ မြန်မာပြည်သူလူထု၊ ကျောင်းသားလူငယ်မောင်မယ်များနဲ့အတူ ကျွန်တော်တို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ကလည်း ဆက်လက်တိုက်ပွဲဝင်နေပြီး လူမျိုးကြီးဝါဒနဲ့ အာဏာရှင်စနစ်ကို ချေမှုန်းနိုင်ဖို့ ကြိုးစားနေပါတယ်။ ကျွန်တော်တို့အားလုံး၊ ပြည်သူလူထုအားလုံး၊ ကိုယ်ရှိတဲ့နေရာကနေ ကျရာတာဝန်၊ လုပ်ဆောင်နိုင်တာကို ရွပ်ရွပ်ချွံချွံ ပါဝင်လုပ်ဆောင်နေကြဖို့ အရေးကြီးပါတယ်။ ကျွန်တော်တို့ ထင်ယောင်ထင်မှားနဲ့ အားမလျှော့ကြဖို့လည်း လိုပါတယ်။ ကျွန်တော်တို့အားလုံး ကိုယ့်အခန်းကဏ္ဍ ကိုယ်စီကနေ တော်လှန်နေကြတယ်ဆိုတဲ့ ယုံကြည်မှုနဲ့ အားတင်းပြီး အောင်ပွဲခံနိုင်တဲ့အထိ ညီညီညွတ်ညွတ်ညွတ် ချီတက်သွားနိုင်ကြဖို့ လိုပါတယ်။ လမ်းခုလတ်မှာ ကျဆုံးသွားတဲ့ ကျောင်းသားလူငယ် ပြည်သူများကိုလည်း မှတ်တမ်းများနဲ့တကွ အသိအမှတ်ပြုကြဖို့ လိုပါတယ်။ ပေးဆပ်ကျဆုံးမှုတွေဟာ ကျွန်တော်တို့ကရင့်တော်လှန်ရေးမှာတော့ မရေတွက်နိုင်အောင်ပါပဲ။ ကျွန်တော်တို့ အောင်ပွဲမခံနိုင်သရွေ့ ဆက်ပြီး ပေးဆပ်ကြရဦးမှာဖြစ်တယ်။ လွတ်လပ်မှုကို အသက်နဲ့ရင်းပြီး တိုက်ယူရတယ်ဆိုတာ နောင်လာနောက်သားတွေအတွက် သင်ခန်းစာယူနိုင်ဖို့ စနစ်တကျ မှတ်တမ်းတင်ထားရမယ်။ အဲ့ဒါမှလည်း နောင်လာနောက်သားတွေအနေနဲ့ အာဏာရှင်နဲ့ အာဏာရှင်စနစ်ကို ဘယ်တော့မှ ယောင်ယောင်မှားမှား မမွေးမြူမိဖို့လိုတယ်။ အမှိုက်ကစ၊ ပြသာဒ်မီးလောင်တတ်တယ်ဆိုတဲ့ အသိနဲ့ မတရားမှု သေးသေးကြီးကြီး အားလုံးကိုလည်း တော်လှန်တတ်ဖို့လိုတယ်။  ဒီတစ်ခေါက် ၂၀၂၁ နွေဦးတော်လှန်ရေးကနေပြီး ကျွန်တော်တို့အားလုံး လူမျိုးကြီးဝါဒနဲ့ အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းနိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်တယ်။ ကျဆုံးသွားခဲ့ကြတဲ့ လူငယ်မောင်မယ်၊ ကျောင်းသား၊ ကျောင်းသူများနဲ့ ပြည်သူလူထုအားလုံးအတွက်ကိုလည်း ကျွန်တော် အလွန်ဝမ်းနည်းကြေကွဲမိပါကြောင်း ပြောကြားလိုတယ်။  

စကားလုံးတွေဟာ ဆုံးရှုံးလိုက်ရတဲ့ အသက်တွေအတွက် သိပ်ပြီးအရာမရောက်တာကို ကျွန်တော် သဘောပေါက်ပါတယ်။ ကျွန်တော်တို့ဟာ ငြိမ်းချမ်းသာယာဝပြောတဲ့ ပြည်ထောင်စုနိုင်ငံတော်ကို ထူထောင်နိုင်သူတွေဖြစ်ဖို့ လိုပါတယ်။ ကျွန်တော်တို့ ဆက်လက်ချီတက် တိုက်ပွဲဝင်ကြရအောင်ပါ။ အကောင်းဆုံးကြိုးစားသူများအတွက် အကောင်းဆုံးရလဒ်ကို ရရှိလိမ့်မယ်လို့ ကျွန်တော်တို့ အတူတကွ ယုံကြည်ကြရအောင်ပါ။

(အင်တာဗျူး ဒုတိယပိုင်းကို ဆက်လက်ဖော်ပြပါမည်)
 

Show More

Related Articles

Back to top button