သတင်း

နှစ်ရက်ဆက်ဖြိုခွင်းခံရသည့် တောင်ဒဂုံ၌ အကျအဆုံးများပြား၊ အတည်ပြုနိုင်သူ ၂၁ ဦးရှိ 

ရန်ကုန် တောင်ဒဂုံမြို့နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက လက်နက်ကြီးများပါ အသုံးပြုကာ နှစ်ရက်ဆက် ပစ်ခတ်ဖြိုခွင်းခဲ့သဖြင့် အကျအဆုံးများပြားခဲ့သည့်အပြင် ရုပ်အလောင်း အလုခံရမည် စိုးသဖြင့် ရေးကြီးသုတ်ပျာ မီးသင်္ဂြိုဟ်လိုက်ရသူများလည်း ရှိကြောင်း သိရသည်။

ယမန်နေ့ (မတ် ၂၉) တွင် တောင်ဒဂုံမြို့နယ်၌ စစ်ကောင်စီလက်နက်ကိုင်များက ရပ်ကွက် ၂၀ နီးပါးတွင် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ကာ ညပိုင်းအထိ ပစ်ခတ်ဖြိုခွင်းခဲ့ပြီး ယနေ့တွင်လည်း ညပိုင်းအထိ ပစ်ခတ်မှုများ ရှိနေဆဲဖြစ်သည်ဟု သိရသည်။

တောင်ဒဂုံသပိတ်စစ်ကြောင်းတွင် ပါဝင်သူများ၊ ဒေသခံများ၊ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့် မိသားစုဝင်များထံမှ Myanmar Now က စုံစမ်းသိရှိရသလောက် နှစ်ရက်အတွင်း ကျဆုံးသူများအနက် ၂၁ ဦးကို အတည်ပြုနိုင်ခဲ့သည်။

ထိုသူများအနက် နာမည်နှင့်တကွ အတည်ပြုထားနိုင်သူများမှာ ကိုခင်လှိုင်(ခ)ဝေစိုးသူ (၂၇ နှစ်)၊ ကိုသက်နိုင်ထွန်း (၄၁ နှစ်)၊ ကိုနေလင်းစော (၃၇ နှစ်)၊ ကိုမျိုးကိုကိုဦး (၂၇ နှစ်)၊ ကိုကိုလွင် (၂၆ နှစ်)၊ ကိုသိန်းအောင် (၂၈ နှစ်)၊ ကိုအောင်မျိုးသန့် (၂၈ နှစ်)၊ ကိုအောင်သူ (၂၇ နှစ်)၊ ကိုဝင်းထွဋ်အောင် (၁၉ နှစ်)၊ ကိုစန်းတင့်နိုင် (၂၇ နှစ်)၊ ဖိုးလပြည့် (၂၃ နှစ်)၊ ဦးကုလား (၄၀ နှစ်)၊ ကိုကျော်သန်း (၁၉ နှစ်)၊ ကိုသားချော (၂၀ နှစ်)၊ ကိုဝင်းဦး (ပိုင်ရှင်မဲ့အလောင်း)၊ ကိုဝေဖြိုးသူ (အသက်မသိသေး)၊ ကိုမောင်ဦး (အသက်မသိ သေး)နှင့် မီးရှို့ခံရသည့် အမည်မသိရုပ်အလောင်းပိုင်ရှင် စုစုပေါင်း ၁၈ ဦးရှိသည်။ 

ယမန်နေ့တွင် ဒဏ်ရာရသူ ၂၀ ခန့်ကို ကုသပေးခဲ့ရကြောင်း တောင်ဒဂုံအခြေစိုက်ဆေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြီး ခံတပ်ရှေ့တန်းတွင် ပါဝင်ခဲ့သူ လူငယ်တစ်ဦး၏ အဆိုအရ ဒဏ်ရာရသူ အနည်းဆုံး ၄၀ ကျော်ရှိသည်ဟု သိရသည်။ 

မျက်စိရှေ့တွင် လူလေးယောက် အသက်ဆုံးရှုံးသည်ကို မြင်ခဲ့ရပြီး သုံးဦးမှာ ဆေးအဖွဲ့ထံမရောက်မီ လမ်းခုလတ်တွင် ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါလူငယ်က ပြောသည်။

“ပွဲချင်းပြီးပေါ့ဗျာ ဆေးတောင်မကုလိုက်ရဘူး။ ခေါင်းပွင့်တဲ့တစ်ယောက်ဆို ဦးနှောက်တောင်ပါမလာဘူး” ဟု ၎င်းက ပြောသည်။

အလောင်းလုခံရသည့် ဖြစ်စဉ်များကြောင့် နာရေးကူညီမှုအသင်းများနှင့် ဆေးကုသသည့်အဖွဲ့များ က သေဆုံးသူများ၏ အမည်နှင့် နေရပ်ကို ချက်ချင်းထုတ်ပြန်ရန် တွန့်ဆုတ်လျက်ရှိသည်။ 

“အခြေအနေတွေ ကျွန်မတို့ ဘာမှ အတည်မပြုနိုင်ဘူး။ ကျွန်မတို့က ကိုယ်ကုသပေးရတဲ့လူတွေရဲ့ အခြေအနေကိုပဲ သိရတာ အခု ဒဏ်ရာရတဲ့သူတွေက အများကြီး၊ ကယ်ဆယ်ရေးလုပ်နေတဲ့အဖွဲ့တွေကလည်းအများကြီး ဘာကိုမှ တိတိကျကျပြောပေးလို့ မရဘူး” ဟု ဒဏ်ရာရရှိသူများကို ကူညီပေးနေသည့် တောင်ဒဂုံအခြေစိုက်ဆေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။ 

သေဆုံးသူများအနက် ယမန်နေ့ မွန်းလွဲပိုင်းက တောင်ဒဂုံ၊ ၁၀၇ ရပ်ကွက် သပိတ်စစ်ကြောင်းဖြိုခွင်းခံရမှုအတွင်း ဘယ်ဘက်ရင်အုံ ထုတ်ချင်းပေါက်ကာ ပွဲချင်းပြီး ကျဆုံးခဲ့သူ အသက် ၃၇ နှစ်အရွယ် ကိုနေလင်းစောကို နေ့ချင်းပြီး သင်္ဂြိုဟ်ခဲ့ရကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။ 

“အလောင်းက မိသားစုမပါဘဲ ကျီစုသုသာန်မှာ ချက်ချင်း အမြန်သင်္ဂြိုဟ်လိုက်ရပါတယ်။ မိသားစုက အိမ်သော့ပိတ်ပြီး ရှောင်နေရတယ်။ အလောင်းလိုက်ရှာနေတယ်ဆိုလို့” ဟု ကိုနေလင်းစော၏ ညီဝမ်းကွဲ ဖြစ်သူက ပြောသည်။ 

ကိုနေလင်းစော၏ ခန္ဓာကိုယ်အား ထုတ်ချင်းပေါက် ထိမှန်ခဲ့သည့် ကျည်ဆန်သည် အနောက်ကလူ၏ ခြေထောက်ကိုပါ ထိမှန်ခဲ့ပြီး ကျည်တစ်တောင့်ဖြင့် လူနှစ်ဦးမှန်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယမန်နေ့တွင် တောင်ဒဂုံရပ်ကွက်အများစုရှိ သပိတ်စစ်ကြောင်းခံတပ်များကို စစ်ကောင်စီလက်နက်ကိုင်များက လက်နက်ကြီးအသုံးပြုကာ အင်အားသုံးဖြိုခွင်းခဲ့သည့်နည်းတူ ယနေ့တွင်လည်း ဆက်လက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။ 

တောင်ဒဂုံ ၇၂ ရပ်ကွက်မှ အသက် ၂၇ နှစ်အရွယ် ကိုမျိုးကိုကိုဦးသည်လည်း စစ်ကောင်စီလက်နက်ကိုင်များက အကြမ်းဖက်ပစ်သတ်မှုကြောင့် ခေါင်းပွင့်ထွက်ကာ သင်္ဃန်းကျွန်းစံပြဆေးရုံ၌ ယမန်နေ့ မွန်းလွဲပိုင်းတွင် ကျဆုံးခဲ့သည်။

၎င်း၏ ရုပ်အလောင်းကို ယနေ့မွန်းလွဲ ၂ နာရီထိုးမှ ထုတ်ယူရရှိခဲ့ပြီးပြီးချင်း ကျီစုသုသာန်သို့ မိသားစုဝင်နှင့် မိတ်ဆွေအနည်းငယ်က လိုက်ပါပို့ဆောင်ခဲ့သည်ဟု ဇနီးဖြစ်သူ မခိုင်ဇင်ဦးက ပြောသည်။

“အားလုံးက အခုသေ အခုသင်္ဂြိုဟ်တာချည်းပဲ သူတို့တွေကို အလောင်းကို အပေးမခံဘူး။ တချို့ အလောင်းပြန်မရတဲ့မိဘတွေရှိတယ် ကြားတယ်။ တချို့ဆို သေသေချင်း ဆေးရုံမှာတောင် မထားတော့ဘူး တစ်ခါတည်း သင်္ဂြိုဟ်တာ” ဟု ၎င်းက ပြောသည်။

ယနေ့တွင် စံပြဆေးရုံ၌ အလောင်းသွားထုတ်ရာတွင် တောင်ဒဂုံမြို့နယ်အတွင်း ပစ်ခတ်နှိမ်နင်းခံရမှုများအတွင်း ကျဆုံးခဲ့သည့်  ရုပ်အလောင်းငါးလောင်းတွေ့ရှိခဲ့ပြီး အားလုံးကို တောင်ဒဂုံ၊ ကျီစုသုသာန်တွင် ချက်ချင်းသင်္ဂြိုဟ်ခဲ့ကြောင်း မခိုင်ဇင်ဦးက ဆိုသည်။

ကျဆုံးသူ ကိုမျိုးကိုကိုဦးသည် သံပန်းသံတံခါးဆိုင် နေ့စားအလုပ်သမားတစ်ဦးဖြစ်ပြီး ဇနီးဖြစ်သူနှင့်အတူ လူမမည် သမီးနှစ်ယောက်ကျန်ရစ်ခဲ့သည်။

“ကမ္ဘာကြီးတစ်ခုလုံး ပြိုသွားသလိုပဲ။ သူ့ကိုပဲ မှီခိုနေရတာလေ။ ရှေ့ဆက် ဘာလုပ်လို့လုပ်ရမှန်း မသိဘူး ဘာမှလည်း မစဉ်းစားရသေးဘူး” ဟု မခိုင်ဇင်ဦးက ပြောသည်။

ယမန်နေ့  မွန်းလွဲ  ၁ နာရီခန့်တွင် တောင်ဒဂုံမြို့နယ် လှော်ကာလမ်းမကြီးပေါ်ရှိ သပိတ်ခံတပ်များကို ဖြိုခွင်းရန် ရောက်လာသော စစ်ကားများသည် ရောက်ရောက်ချင်း လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ၅၆ ရပ်ကွက် ခံတပ်ရှေ့တန်း၌ ခုခံနေသည့် လူငယ်တစ်ဦးက Myanmar Now ကို ပြောသည်။

“နားတွေဘာတွေ အူပြီးတော့ လူတွေအကုန်လုံးက ကြောင်တောင်တောင်ဖြစ်သွားတာ၊ လှုပ်တောင်မလှုပ်တော့ဘူး၊ ထကြည့်ပြီးတော့ ပြန်ထိုင်တဲ့အချိန်မှာ ပစ်တာ၊ လူတွေပါ လွင့်ထွက်သွားမလိုဖြစ်တာ” ဟု အဆိုပါလူငယ်က ပြောသည်။

ရပ်ကွက်တိုင်းရှိ သဲအိတ်ခံတပ်များကို လက်နက်ကြီးဖြင့် ဖြိုခွင်းပြီးတိုင်း အတွင်းရှိလူများကို သေနတ်ဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။

“ကျည်ဆန်သံက ကျွန်တော်တို့ကို စပြီးဖြိုခွင်းသွားပြီးကတည်းက ညဘက်ထိကို လုံးဝမပြတ်သွားဘူး၊ ပြတ်သွားလည်း ငါးမိနစ်လောက် ၁၀ မိနစ်လောက်ပဲ ပြန်တက်လာလို့ကို မရဘူး တက်တဲ့လူက အသေပဲ” ဟု ၎င်းက ပြောသည်။

ယနေ့နံနက် အစောပိုင်း၌လည်း ၅၆ ရပ်ကွက် လမ်းဆုံတွင် စစ်ကောင်စီလက်နက်ကိုင်များ မီးရှို့ခဲ့သည့် ရုပ်အလောင်းတစ်ခုကို တွေ့ရှိခဲ့ရပြီး မည်သူမည်ဝါမှန်း ယခုအချိန်ထိ အတည်မပြုနိုင်သေးပေ။

Show More

Related Articles

Back to top button