သတင်း

စစ်ကောင်စီလက်ချက်ကြောင့် မန္တလေး၌ ၇ နှစ်အရွယ်မိန်းကလေးတစ်ဦးအပါအဝင် ၃ ဦးကျဆုံး

မန္တလေး ချမ်းမြသာစည်မြို့ နယ် အောင်ပင်လယ်ရပ်ကွက်တွင် ယနေ့ (မတ် ၂၃) ၌ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးနှင့် အမျိုးသားနှစ်ဦး သေဆုံးခဲ့ရသည်။ 

စစ်ကောင်စီလက်နက်ကိုင်များ ပစ်ခတ်မှုကြောင့် ဗိုက်ပွင့်ဒဏ်ရာဖြင့် သေဆုံးခဲ့ရသူမှာ အသက် ၇ နှစ်အရွယ် မခင်မျိုးချစ်ဖြစ်သည်။ 

ယနေ့ ညနေ ၄ နာရီခန့် အချိန်တွင် ဆိုင်ကယ်များ၊ ကားများဖြင့် စစ်သားများရောက်ရှိလာကာ အိမ် တံခါများဖွင့်ခိုင်းကာ ခြေထောက်ဖြင့် ကန်ကျောက်ကာ အိမ်တံခါးကို ဝိုင်းဝန်းဖျက်ဆီးကြသည်ဟု သေဆုံးသူ မိန်းကလေးငယ်၏ အစ်မဖြစ်သူက Myanmar Now  ကိုပြောသည်။

“အိမ်ရှိလူကုန် ငုတ်တုတ်ထိုင်နေရတယ်။ အိမ်ပေါ်မှာ တက်ပြီးတော့ စော်ကားပြီးတော့ ကန်ကျောက်ပြီးတော့ အိမ်ရှိ လူအကုန်လားလို့ မေးတယ်။ အဖေက ဟုတ်ကဲ့၊ လူရှိအကုန်ပါလို့ပြောတယ်။ အဲချိန် မှာ ခင်မျိုးချစ်လေးက အဖေ့ပေါင်ပေါ်မှာ ထိုင်နေတာ။ ခင်ဗျားကြီးလိမ်နေတာလို့ပြောပြီး ပြတင်းပေါက်တွေကို လိုက်ကြည့်တယ်” ဟု ၎င်းက ပြောသည်။

ဖခင်ဖြစ်သူက “ဒါ အိမ်ရှိ လူကုန်ပါပဲ” ဟု ထပ်မံရှင်းပြသည်ကို “ခင်ဗျားကြီးလိမ်တာ” ဟု ဆိုပြီး သေနတ်ဖြင့် ပစ်လိုက်ရာ ဖခင်ဖြစ်သူ ဦးမောင်ဗိုလ်၏ ရင်ခွင်တွင်းရှိ အသက် ၇ နှစ်အရွယ် မိန်းကလေးကို ကျည်ဆန်ထိမှန်ဖြစ်ကြောင်း သေဆုံးသူ ခင်မျိုးချစ်၏ အစ်မဖြစ်သူက ပြောသည်။

ထို့နောက်တွင် အသက် ၁၉ နှစ်အရွယ် ၎င်း၏မောင်ဖြစ်သူကိုလည်း သေနတ်ဒင်များဖြင့် ဝိုင်းရိုက်ကာ သွေးသံတရဲရဲဖြင့်ပင် ဖမ်းဆီးခေါ်ဆောင်သွားသည် ၎င်းက ဆက်လက်ပြောသည်။ 

“လှမ်းဆွဲတာကို မရဘူး။ ခင်ဗျားတို့ကို သေနတ်နဲ့ ထပ်ပစ်ရမလားလို့ ပြောတာ။ အဖေကလည်း ကလေးက ရင်ခွင်ထဲမှာဆိုတော့ ဘာလုပ်လို့ လုပ်ရမှန်းမသိဘူး။ ကလေးကြည့်ရမလား။ ဘာလုပ်ရမလဲ။ နောက်ပြီး ကလေးကို သူတို့က တောင်းတယ်” ဟု ခင်မျိုးချစ်၏ အစ်မဖြစ်သူက ပြောသည်။ 

ထို့နောက်တွင် သေနတ်ဒဏ်ရာ ရရှိထားသော မိန်းကလေးငယ်ကို သယ်​ဆောင်ကာ ဆေးရုံသို့ အပြေးသွားရောက်ခဲ့သော်လည်း ၇ နှစ်အရွယ် ခင်မျိုးချစ်၏ အသက်ကို ကယ်ဆယ်နိုင်ခြင်း မရှိခဲ့ကြောင်း ၎င်းက ပြောသည်။ 

“ကလေးအတွက်အတွက် ပူဆွေးရတာတော့ ဒီကလေးရော ဟိုကလေးရော (ဖမ်းခံရသည့် ၁၉ နှစ်အရွယ်မောင်ဖြစ်သူ) တအားကို ဒုက္ခခံနေရတယ်” ဟု ခင်မျိုးချစ်၏ အစ်မဖြစ်သူက ပြောသည်။

စစ်ကောင်စီအကြမ်းဖက်အဖွဲ့က မန္တလေးမြို့တွင် သုံးရက်ဆက်တိုက် နေ့ရောညပါ ပစ်ခတ်မှုကြောင့် အသက် ၇ နှစ်အရွယ် ခင်မျိုးချစ်အပါအဝင် ၁၄ နှစ်၊ ၁၅ နှစ်အရွယ် ဆယ်ကျော်သက်များနှင့် ဒဏ်ရာရရှိသူများ၊ သေနတ်ပစ်ခံရသဖြင့် သေဆုံးသူများ၏ အလောင်းကို လိုက်လံကောက်ယူစဉ် ၎င်းတို့ပါ သေနတ်ပစ်ခံရသဖြင့် ပရဟိတသမားများပါ သေဆုံးခဲ့ရသည်။ 

ယနေ့ မတ် ၂၃ ည ၇ နာရီခွဲထိ အတည်ပြုနိုင်သော စာရင်းများအရ သုံးရက်အတွင်း မန္တလေးမြို့တွင် စစ်ကောင်စီလက်နက်ကိုင်များ၏ လက်ချက်ကြောင့် အရပ်သာ ပြည်သူ ၂၂ ဦး ကျဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူ ၃၅ ဦး ကျော် ရှိခဲ့သည်။ 

ယမန်နေ့တွင် ရင်ဘတ်ထုတ်ချင်းပေါက်ဒဏ်ရာဖြင့် သေဆုံးခဲ့သူ အသက် ၁၄ နှစ်အရွယ် မောင်ထွန်းထွန်းအောင်၏ ရုပ်အလောင်းကို စစ်အုပ်စုက လုရန် ကြိုးစားသည့်အသွင်ဖြင့် နာရေးအိမ်သို့ ရောက်လာသည့်အတွက် အလောင်းကို နေရာပြောင်းရွှေ့ကာ မိသားစုဝင်အနည်းငယ်ဖြင့်သာ အလျင်အမြန်သင်္ဂြိုဟ်ခဲ့ရသည်ဟု သိရသည်။

ကျောင်းပိတ်ရက်တွင် ကျောက်သွေးလုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်၍ မိသားစုကို ရှာကျွေးနေသူ ၈ တန်းကျောင်းသား မောင်ထွန်းထွန်းအောင်မှာ မိခင်အတွက် ရေခပ်ရန် အပြင်သို့အထွက် တံခါးဝအရောက်တွင် ကျည်ဆန်ထိမှန်ခဲ့ခြင်းဖြစ်သည်။ 
 

Show More

Related Articles

Back to top button