သတင်း

မန္တလေးတွင် မတ် ၂၁ ညပိုင်းက ပစ်ခတ်မှုများကြောင့် ပြည်သူ ၅ ဦး အနည်းဆုံး သေဆုံး 

မန္တလေးမြို့တွင် ယမန်နေ့ (မတ် ၂၁) ညပိုင်းက စစ်ကောင်စီလက်နက်ကိုင်များ၏ ပစ်ခတ်မှုကြောင့် ဖမ်းဆီးခံရသူများ၊ ဒဏ်ရာရသူများရှိခဲ့ပြီး သေဆုံးသူ အနည်းဆုံး ၅ ဦးရှိခဲ့ကြောင်း ယနေ့နံနက်ပိုင်းတွင် သိရှိရသည်။ 

သေဆုံးသူတစ်ဦးမှာ ချမ်းအေးသာစံမြို့နယ် ပြည်ကျော်ဈေးအနီး ‘စီယာတိုင်’ ကဖေးမှ အသက် ၁၅ နှစ်အရွယ် စားပွဲထိုးဝန်ထမ်း မောင်ဇော်မျိုးထက်ဖြစ်ပြီး ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခတ်ခံရကာ ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်သည်။

မောင်ဇော်မျိုးထက်သည် ပဲခူးတိုင်း နတ္တလင်းမြို့မှ မန္တလေးမြို့သို့ အလုပ်လုပ်ရန် ရောက်လာသည်မှာ ၂ ရက်သာရှိပြီး ယမန်နေ့ညက စစ်ကောင်စီလက်နက်ကိုင်များ ပစ်ခတ်ချိန် လက်ဖက်ရည်ဆိုင်အပြင်ဘက် အပေါက်ဝကို ထွက်ကြည့်ရာမှ သေနတ်ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်။

“ဆိုင်ရှေ့လေးမှာခွေခွေလေးသေနေတာ။ ကျွန်မသားလေးကဘာအပြစ်ရှိလို့လဲရှင် ဆန္ဒပြသူလည်း မဟုတ်ဘူး။ ကျွန်မသားလေး ဒီလိုအသေဆိုးနဲ့ သေရသလို နင်တို့စစ်အာဏာရှင်တွေ ကျဆုံးကြပါစေ” ဟု မောင်ဇော်မျိုးထက်၏မိခင် ဒေါ်လှလှရီက အော်ဟစ်ငိုယိုရင်းပြောသည်။

သေဆုံးသူ မောင်ဇော်မျိုးထက်၏ အလောင်းကို မန္တလေးပြည်ကျော်စျေးနှင့်မျက်နှာချင်းဆိုင် စီယာတိုင် ကဖေးရှေ့မှ ယနေ့နံနက် ၁၀ နာရီတွင် အေးရိပ်ငြိမ်သုသာန်သို့ပို့ဆောင်သင်္ဂြိုဟ်နေပြီဖြစ်သည်။

နောက်ထပ်အတည်ပြုနိုင်သည့် သေဆုံးသူတစ်ဦးမှာ အသက် ၂၆ နှစ်အရွယ် ကိုဖြိုးဝေထွန်းဖြစ်ပြီး ပြည်ကြီးတံခွန် မြို့နယ် ၅၆ လမ်းနှင့် ၁၂၂ လမ်းထောင့် တွင် သေနတ်ပစ်ခံရပြီး ဘယ်ဘက်ခါးမှ ညာဘက်ခါးအထိ ထုတ်ချင်းပေါက် ဒဏ်ရာဖြင့် ပွဲချင်းပြီးသေဆုံးခဲ့ခြင်းဖြစ်သည်ဟု မိသားစုဝင်တစ်ဦး က Myanmar Now ကို အတည်ပြုသည်။ 

ပြည်ကြီးတံခွန်မြို့နယ် ပြည်ကျော်ဈေးအနီးတွင် ယမန်နေ့ညပိုင်းက စစ်ကောင်စီလက်နက်ကိုင်များပစ်ခတ်မှုကြောင့် ထပ်မံသေဆုံးခဲ့သူတစ်ဦးမှာ အသက် ၄၄ နှစ်အရွယ် ကိုဇော်မျိုးဦးဆိုသူ သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့သည်ဟု မိသားစုဝင်တစ်ဦးက အတည်ပြုသည်။

“သူလည်း ရပ်ကွက်ကင်းသမားပဲ။ သေနတ်သံကြားလို့လမ်းထိပ်ထွက်ကြည့်ရင်း လည်ပင်းကိုမှန်သွားတာ။ ကျွန်တော်တို့လက်ပေါ်တင် သူကအသက်မရှိတော့ဘူး။ သူ့ကိုရပ်ကွက်ကပြန်သယ်နေချိန် စစ်တပ်ကလူတွေက သေနတ်နဲ့ပစ်ပြီး သူ့အလောင်းကိုဆွဲသွားကြတာမို့ ကျွန်တော့်အကိုတစ်ယောက်ပဲ အသေခံမယ်။ အများတော့ အသေမခံနိုင်တော့ဘူးဆိုပြီး ရပ်ကွက်က လူတွေကို လက်လွှတ်ခိုင်းလိုက်တော့တာ” ဟု သေဆုံးသူ ကိုဇော်မျိုးဦး၏ ညီမမစုစုထွေးက Myanmar Now ကိုပြောသည်။ 

အခြားသေဆုံးသူ တစ်ဦးမှာ အသက် ၄၃ နှစ်အရွယ် ကိုဖြိုးမောက်မောင်ဖြစ်ပြီး ယမန်နေ့ည ၁၁ နာရီခွဲအချိန်တွင် ‘ကယ်ကြပါဦး’ ဟု အော်သံကြားစဉ် ထွက်ကြည့်ရာ၌ အရပ်ဝတ်လက်နက်ကိုင်များက ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ရပ်ကွက်နေထိုင်သူတစ်ဦးက Myanmar Now ကို ပြောသည်။ ကိုဖြိုးမောက်မောင်၏ ဈာပနကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သည်ဟု သိရသည်။

ထပ်မံသိရှိရသည့် သေဆုံးသူတစ်ဦးမှာ အသက် ၃၉ နှစ်အရွယ် မင်းသူအောင် (ခ) ပြောင်ကြီးဆိုသူဖြစ်ပြီး ယမန်နေ့ည ၁၁ နာရီခွဲအချိန်က သင်ပန်းကုန်းရပ်ကွက် မင်းကြီးရန်နောင်လမ်းတွင် သေနတ်ပစ်ခံရပြီးနောက် ရင်ဘတ်ထုတ်ချင်းပေါက် ဒဏ်ရာဖြင့်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ၎င်း၏ရုပ်အလောင်းကို မိသားစုက ဝှက်ထားခဲ့ရပြီး ယနေ့ နံနက် ၁၁ နာရီအချိန်တွင် မီးသင်္ဂြိုဟ်ခဲ့ရသည်ဟု သိရသည်။ 

ထို့ပြင် ၃၃ လမ်းနှင့် ၈၆ လမ်းအနီး လမ်းကြားအတွင်း သေနတ်ထိမှန်ဒဏ်ရာရရှိသော အမျိုးသားတစ်ဦး ကို လက်နက်ကိုင်တပ်ဖွဲ့ဝင်များက တရွတ်တိုက်ဆွဲခေါ်သွားပြီး ဒဏ်ရာရအမျိုးသားက ၎င်းအား ဆေးရုံသို့ ပို့ပေးရန် အော်ဟစ်တောင်းဆိုခဲ့သည်ဟု မျက်မြင်အမျိုးသားတစ်ဦးက ပြောပြသည်။ 

“ညကင်းသမားတွေကို လိုက်ပြီး ရှင်းလင်းရေးလုပ်တာနဲ့ လမ်းပိတ်ဆို့တာတွေ လိုက်ရှင်းပုံရပါတယ်။ သေနတ်သံတွေကတော့ ၁၀ နာရီခွဲလောက်ကနေ စကြားတယ်။ အသံကြားရင်ကို လန့်နေရတယ်။ အားလုံး က မီးပိတ်ပြီး ကိုယ့်အိမ်ထဲကိုယ် အသံတိတ်ပုန်းနေရတယ်။ တောင်မင်းမြောက်မင်းမကယ်နိုင်တဲ့ဘ၀ ဖြစ်နေတယ်” ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ယမန်နေ့ညပိုင်းအခြေအနေကို ပြန်ပြောပြသည်။

ညပိုင်းပစ်ခတ်မှုများကြောင့် သေဆုံးသူ (Dead Body) ရောက်လာခြင်းမရှိသော်လည်း ကျည်ထိမှန်ဒဏ်ရာ ရရှိသူများကို မြို့ခံပရဟိတဆေးခန်းသို့ ယနေ့နံနက် ၉ နာရီခွဲ အချိန်အထိ ဆက်တိုက်လာရောက် ပို့ဆောင် လျက်ရှိရာ ဒဏ်ရာရသူဦးရေအတိအကျ အတည်မပြုနိုင်သေးကြောင်း ဆရာဝန်ကြီးတစ်ဦးက Myanmar Now ကို ပြောသည်။ 

ယမန်နေ့ညပိုင်းတွင် ဒဏ်ရာရရှိသူ ၈ ဦးရှိခဲ့ပြီး ယနေ့နံနက်ပိုင်းရောက်လာသည့် ဒဏ်ရာရလူနာ ၁၈ ဦးရှိသည်ဟု နာရေးကူညီမှုအသင်းတစ်ခုထံမှ သိရသည်။ 

မန္တလေး အောင်ပင်လယ်ရပ်ကွက်တွင်လည်း ယမန်နေ့ နေ့ခင်းပိုင်းက စစ်ကောင်စီလက်နက်ကိုင်များ၏ ပစ်ခတ်ဖြိုခွင်းမှုကြောင့် ပြည်သူတစ်ဦး သေဆုံးခဲ့ပြီး အနည်းဆုံး ခြောက်ဦးဒဏ်ရာရရှိခဲ့သည်။

မန္တလေး ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက် ယမန့်နေ့လယ်ပိုင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရပ်ကွက်အတွင်းရှိ သဲအိတ်နှင့် အကာအရံများကို လာရောက်ဖယ်ရှားစဉ် ရပ်ကွက် နေပြည်သူများက ခုခံ၍ သေနတ်ဖြင့်ပစ်ခတ်ဖြိုခွင်းခဲ့ခြင်းဖြစ်သည်။

သေဆုံးသူမှာ ချဉ်ပေါင်းရောင်းသည့် အသက် ၅၃ နှစ်အရွယ် ဦးတွတ်ကြီးဆိုသူဖြစ်ပြီး ဒဏ်ရာရရှိသူ များမှာ အသက် ၂၁ နှစ်အရွယ် ကိုလင်းဇော်ကို၊ ၂၇ နှစ်အရွယ် ကိုသက်ကြီး၊ ကိုဇော်ကြီး (အသက်မသိရ)၊ အသက် ၂၈ အရွယ် ကိုစိုးမင်းဦး၊ ၅၆ နှစ်အရွယ် ဦးအောင်ဒင်နှင့် ၂၈ နှစ်အရွယ် ကိုဇွဲကိုကိုတို့ဖြစ်သည်ဟု သိရသည်။ ဝမ်းဗိုက်၊ ပေါင်၊ လည်ပင်း၊ လက်မောင်းတို့တွင် သေနတ်ဒဏ်ရာရရှိထားသည်ဟု သိရသည်။

Show More

Related Articles

Back to top button