သတင်း

ယမန်နေ့တွင် သေဆုံးသူအနည်းဆုံး ၃၈ ဦးရှိခဲ့၊ ယနေ့နံနက်တွင် ဖုန်းအင်တာနက်ပြတ်တောက်နေ 

အာဏာသိမ်း စစ်ကောင်စီလက်နက်ကိုင်များက အင်အားသုံးအကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခဲ့ခြင်းကြောင့် အသေအပျောက်အများဆုံးဖြစ်သော ရန်ကုန် လှိုင်သာယာမြို့နယ် အပါအဝင် အခြားသောမြို့နယ်များ တွင်လည်း သေဆုံးမှုများရှိခဲ့ရာ ယမန်နေ့ (မတ် ၁၄) တစ်ရက်တည်း၌ပင် သေဆုံးသူ ၃၈ ဦးထက်မနည်းရှိ ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ယမန်နေ့ညပိုင်းတွင် ထုတ်ပြန်ထားသည်။

ယမန်နေ့ညပိုင်း ညဉ့်နက်သည်အထိ ရန်ကုန်မြို့တွင် စစ်ကောင်စီ၏ ပစ်ခတ်ဖြိုခွင်းမှုများ၊ နောက်ဆုံးတွဲ သေဆုံးဒဏ်ရာရရှိမှုများ ကြားနေခဲ့ရပြီး ယနေ့ (မတ် ၁၅) နံနက်ပိုင်းတွင် အိမ်သုံးအင်တာနက်နှင့် ဖုန်းလိုင်း များ ရရှိသော်လည်း ဖုန်းအင်တာနက်များ ပြတ်တောက်နေသည်ဟု ရန်ကုန်မြို့ခံအချို့က Myanmar Now ကိုပြောသည်။ 

ဖုန်းအင်တာနက်ကို အကန့် အသတ်မရှိဖြတ်တောက်မည်ဟူသော သတင်းများ ယမန်နေ့ညပိုင်း ကတည်းက ထွက်ပေါ်နေခြင်းဖြစ်ပြီး ဆက်သွယ်ရေးအော်ပရေတာ ကုမ္ပဏီတစ်ခုကို ကိုးကားလျက် အစားအသောက် ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်း Foodpanda ကလည်း အင်တာနက်ပြတ်တောက်မည် ဖြစ်ကြောင်း ၎င်း၏ဖောက်သည်များကို အကြောင်းကြားခဲ့သည်။

“အခု အိမ်သုံးအင်တာနက်ပဲရတယ်။ ဖုန်းအင်တာနက်က မရဘူး။ ကြည့်ရတာ လိုက်လွှင့်တာတွေ (Livestreaming) ဓာတ်ပုံတွေ ဗီဒီယိုတွေ ရုတ်တရက်ပို့မရအောင် လုပ်တာလား မသိဘူး။ ဖုန်းကတော့ ဆက်လို့ရတယ်” ဟု ရန်ကုန်မြို့ခံတစ်ဦးက ယနေ့ နံနက်ပိုင်းတွင် ပြောကြားသည်။

လှိုင်သာယာမြို့နယ်တွင် ယမန်နေ့ နေ့လယ်ပိုင်းကတည်းက စစ်ကောင်စီလက်နက်ကိုင်များနှင့် ဒေသခံပြည်သူလူထုတို့ အပြင်းအထန် ထိပ်တိုက်တွေ့ခဲ့ပြီး စစ်ကောင်စီက စစ်တပ်နှင့် ရဲအင်အားဖြည့်တင်းကာ ညပိုင်းအထိ ပစ်ခတ်ဖြိုခွင်းခဲ့သည်။

လူအမြောက်အမြားသေဆုံးခဲ့ရသည့်အပြင် ဒဏ်ရာရသူအရေအတွက်လည်း များပြားခဲ့ပြီး စက်ရုံသုံးခု ထက်မနည်းလည်း မီးလောင်ခဲ့သည်။ အဆိုစက်ရုံများအနက် တရုတ်နိုင်ငံသားစက်ရုံနှစ်ခု ပါဝင်ကြောင်း တရုတ် နိုင်ငံပိုင်သတင်းဌာနများက ရေးသားပြီးနောက် မီးရှို့ဖျက်ဆီးသူများကို အပြစ်ပေးအရေးယူရန် မြန်မာနိုင်ငံဆိုင် ရာတရုတ်သံရုံးက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

တရုတ်သံရုံးကြေညာချက် ထွက်ပေါ်လာပြီး မရှေးမနှောင်းမှာပါ စစ်ကောင်စီကလည်း လှိုင်သာယာနှင့် ရွှေပြည်သာမြို့နယ်တို့အား စစ်အုပ်ချုပ်ရေးကြေညာခဲ့သည်။ 

ယမန်နေ့က လှိုင်သာယာမြို့နယ်တွင် စစ်မြေပြင်သဖွယ်ဖြစ်ခဲ့ပြီး စစ်တပ်နှင့် ရဲများက အင်အားဖြည့်တင်းကာ ဆက်တိုက်ပစ်ခတ်မှုများကြောင့် အရပ်သား ၂၂ ဦး ကျဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၂၀ ကျော်ရှိကြောင်း AAPP က ထုတ်ပြန်ခဲ့သည်။ 

ထို့ပြင် ရွှေပြည်သာ၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ တောင်ဒဂုံ၊ မြောက်ဒဂုံ စသည့် မြို့နယ်များတွင်လည်း စစ်တပ်နှင့် ရဲများ၏ အကြမ်းပတမ်းပစ်ခတ်မှုများကြောင့် လူအမြောက်အမြားသေဆုံးခဲ့ရသည်။ 

သင်္ဃန်းကျွန်းမြို့နယ်တွင် ညနေ ၅ နာရီဝန်းကျင်မှစ၍ စစ်ကောင်စီလက်နက်ကိုင်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးသူ ၇ ဦးရှိကာ ထိခိုက်ဒဏ်ရာရသူ အနည်းဆုံး ၂၀ ဦးရှိခဲ့သည်။ 

ညအချိန်တွင် လျှပ်စစ်မီးများဖြတ်တောက်ကာ ပစ်ခတ်ဖြိုခွင်းခြင်းများလည်း ရှိခဲ့ကြောင့် မည်သူသေသည်၊ မည်မျှသေသည်ကို မသိရှိနိုင်ကြောင်း သက်ဆိုင်ရာမြို့နယ်များရှိ ဒေသခံအချို့နှင့် ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသည့် အသင်းအဖွဲ့များထံမှ သိရသည်။ 

ရန်ကုန်ဆေးရုံကြီးကို ယမန်နေ့ည ၁၁ နာရီအချိန်တွင် Myanmar Now က ဆက်သွယ်မေးမြန်းခဲ့ရာ ညနေ ၅ နာရီကျော်မှစ၍ ဒဏ်ရာရလူနာများများ ဆက်တိုက်ရောက်ရှိနေပြီး လူနာ ၅၀ ကျော်အနက် သေဆုံးသူ ၄ ဦးရှိပြီဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ဒဏ်ရာရရှိသူအများစုမှာ လှိုင်သာယာမြို့နယ်မှဖြစ်ပြီး ကြည့်မြင်တိုင်နှင့် တောင်ဒဂုံမြို့နယ်များမှ ရောက်ရှိလာသူများလည်း ရှိသည်ဟု သိရသည်။ 

ယမန်နေ့က ဖားကန့်၊ ပဲခူး၊ မန္တလေး၊ လွိုင်ကော်မြို့တို့၌လည်း ကျည်အစစ်များ အသုံးပြုကာ ပစ်ခတ်ဖြိုခွင်းခြင်းကြောင့် အရပ်သားသေဆုံးမှုများ ရှိခဲ့သည်။ 

AAPP ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ ၁ ရက်တွင် စစ်အာဏာသိမ်းပြီးနောက် ယမန်နေ့ညပိုင်းအထိ စစ်ကောင်စီလက်နက်ကိုင်များ၏ လက်ချက်ဖြင့် ကျဆုံးခဲ့ ရသူ ၁၂၆ ဦးရှိပြီဖြစ်ကာ ဖမ်းဆီးထိန်းသိမ်းခံ ထားရသူ ၂၁၅၆ ဦးရှိဖြစ်သည်။ ၎င်းတို့အနက် တရားစွဲဆိုခံထားရသူ၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ များလည်း ရှိသည်။

Show More

Related Articles

Back to top button