သတင်း

တိုက်ရိုက်တင်ဆက်မှု – ဖေဖော်ဝါရီ ၂၅

၁၇ : ၀၀ အာဏာသိမ်းစစ်တပ်ထောက်ခံသူများက ပြည်သူတစ်ဦးကို ဓားဖြင့် ထိုးသတ်

ယနေ့ နံနက်ပိုင်းရန် ရန်ကုန်မြို့လယ်ကောင်မှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်၍ ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် ပြည်သူများကို တုတ်၊ ဓားလက်နက်များကိုင်ဆောင်ထားသည့် အာဏာဏာသိမ်းစစ်တပ်ထောက်ခံသူများက ဝိုင်းဝန်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။ 

အာဏာသိမ်းစစ်တပ်ထောက်ခံသူများသည် ပြည်သူတစ်ဦးကို ဓားဖြင့် ထိုး၍ အုပ်စုလိုက်တိုက်ခိုက်မှု များပြုလုပ်ခဲ့သည်။ ဓားဖြင့် ထိုးခံရသူ၏ နောက်ဆုံးအခြေအနေကိုမူ စုံစမ်း၍ မရသေးပေ။

အာဏာသိမ်းစစ်တပ်ကို ထောက်ခံသူများသည် ဆန္ဒပြသူများအပြင် သတင်းသမားများကိုပါ ရန်ပြုတိုက်ခိုက်ခဲ့သည်။

၁၆ : ၃၇ တာမွေတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ပြည်သူတစ်ယောက်ချင်းစီက သော့ခတ်ချိပ်ပိတ်

ရန်ကုန် တာမွေမြို့နယ် ဘိုးလိန်းအောင်မင်္ဂလာရပ်ကွက်တွင် စစ်ကောင်စီက ခန့်အပ်ထားသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးကို လက်မခံကြောင်းဆန္ဒပြသည့်အနေဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ရပ်ကွက်နေပြည်သူများက တစ်ယောက်ချင်းသော့ခတ်ချိပ်ပိတ်လိုက်ကြသည်။

၁၆ : ၀၀ စစ်ကောင်စီ၏ ခြိမ်းခြောက်မှုကို အန်တုလျက် လွတ်လပ်စွာ ရေးသားထုတ်လွှင့်သွားမည်ဖြစ်ကြောင်း မီဒီယာများတုံ့ပြန်

‘အာဏာသိမ်းအစိုးရ’ဟု မသုံးရန် စစ်ကောင်စီက ခြိမ်းခြောက်ပြောဆိုချက်နှင့် ပတ်သက်၍ အကြောင်းအရာနှင့် အသုံးအနှုန်းများကို လွတ်လပ်စွာ ဆက်လက်ရေးသားထုတ်လွှင့်သွားမည်ဖြစ်ကြောင်း ပြည်တွင်းအခြေစိုက် လွတ်လပ်သော မီဒီယာ ၃၆ ခုက ပြန်လည်တုံ့ပြန်လိုက်သည်။

ဖေဖော်ဝါရီ ၁ က စစ်တပ်သည် ရွေးကောက်ခံအစိုးရအဖွဲ့ဝင်များကို ဖမ်းဆီး၍ အာဏာသိမ်းယူပြီးနောက် စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာနသည် သတင်းမီဒီယာများထံ ‘ အာဏာသိမ်းအစိုးရ’၊ ‘စစ်အစိုးရ’၊ ‘စစ်ကောင်စီ’ဟု မသုံးနှုန်းရန် သတိပေးစာပေးပေးခဲ့သလို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း  ‘အာဏာသိမ်းအစိုးရ’ဟု သုံးနှုန်းပါက ထုတ်ဝေခွင့်ပိတ်မည်ဖြစ်ကြောင်း ပြောဆိုမှုများရှိခဲ့သည်။

စစ်ကောင်စီ လက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနက မေးပို့သည့် မေတ္တာရပ်ခံသတိပေးစာများသည် လွတ်လပ်စွာရေးသားထုတ်ဖော်ခွင့်ကို ထိပါးနေသည့်အပြင် ၂၀၀၈ အခြေခံဥပဒေပုဒ်မ ၃၅၄ (က)နှင့် သတင်းမီဒီယာဥပဒေ ပုဒ်မ ၄ (က)ပါ ပြဋ္ဌာန်းချက်များနှင့် ဆန့်ကျင်နေသည်ဟု ပြည်တွင်းအခြေစိုက်သတင်းဌာနများ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 အာဏာသိမ်းစစ်ကောင်စီ ထောက်ခံသူများက ဆဲဆိုရမ်းကား၍ တိုက်ခိုက်ခံရသော ရန်ကုန်ဘူတာကြီးကို ရဲတပ်ဖွဲ့က လုံခြုံရေးတင်းကျပ်ထားသည်။

ယနေ့ (ဖေဖော်ဝါရီ ၂၅) နံနက်က အာဏာသိမ်းစစ်ကောင်စီထောက်ခံသူများသည် ဘူတာရှေ့တွင် စုရပ်အဖြစ် ရောက်ရှိလာပြီး မီးရထားဝန်ထမ်းအိမ်ရာမှ ဝန်ထမ်းများအား ဆဲဆိုရန်မူကာ တုတ်၊ စား၊ လေးခွများဖြင့် ပစ်ခတ်ရိုက်နှက်မှုများပြုလုပ်ခဲ့သည်။

စစ်ကောင်စီထောက်ခံသူများ၏ ရမ်းကားတိုက်ခိုက်မှုကြောင့် ငြိမ်းချမ်းစွာဆန္ဒပြနေသည့် ပြည်သူ ၄ ဦး ခေါင်းကွဲခဲ့ပြီး အခြား ၈ဦးမှာ ခြေ၊ လက်၊ ခါးစသည့်နေရာတို့တွင် ဒဏ်ရာရရှိခဲ့သည်။ 

ငြိမ်းချမ်းစွာဆန္ဒပြနေသူများအား တိုက်ခိုက်သဖြင့် ရပ်ကွက်နေပြည်သူများက စစ်ကောင်စီထောက်ခံသူ ၁၈ ဦးကို ဖမ်းဆီးထားသည်။ ရပ်ကွက်နေပြည်သူများက ဖမ်းဆီးထားသည့် စစ်ကောင်စီထောက်ခံသူများအား လွှတ်ပေးရန် ရဲတပ်ဖွဲ့က ပြန်တောင်းလျက်ရှိသည်။

လက်ရှိတွင်လည်း ရန်ကုန်ဘူတာကြီးအနီးမှာ အခြေအနေတင်းမာနေလျက်ရှိပြီး ဘူတာဝင်ကြီးအတွင်းသို့ မည်သူကိုမျှဝင်ခွင့်မပြုဘဲ  ရဲတပ်ဖွဲ့က ပိတ်ဆို့ထားသည်။

ရန်ကုန်ဘူတာကြီး လုံခြုံရေးတင်းကျပ်ထား

၁၄း၁၀ ဖမ်းဆီးခံ ခေါင်းဆောင်များပြန်လည်လွတ်မြောက်ရေးလှုပ်ရှားမှု

ငြိမ်းချမ်းရေးဆိုင်ကယ်စီးသူများအဖွဲ့နှင့် သန်လျင်မြို့နယ် လူငယ်များ၊ တက်ကြွလှုပ်ရှားသူများ အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊လူဘောင်သစ်လူငယ်များ၊သန်လျင်မြို့နေပြည်သူများစုပေါင်း၍ ဖမ်းဆီးခံ ခေါင်းဆောင်များပြန်လည်လွတ်မြောက်ရေးလှုပ်ရှားမှုကို သန်လျင်မြို့လယ်မှာ ပြုလုပ်နေတာဖြစ်ပါတယ်

၁၄း၀၀ တပ်ထောက်ခံသူအချို့ကို လူထုက ရဲလက်အပ်၊ မြို့နယ်ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌနှင့်အဖွဲ့မှ မီဒီယာများကို တိုက်ခိုက်

ယနေ့ပြုလုပ်ခဲ့သည့် စစ်တပ်ထောက်ခံပွဲတွင် လူထုအပေါ် အကြမ်းဖက်မှုများပြုလုပ်ခဲ့သဖြင့် လူထုမှ တပ်ထောက်သူတချို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ရာ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးက ရဲအင်အားအများအပြားဖြင့် ပြန်လည်လာရောက်ခေါ်ဆောင်ခဲ့သည်။

ထိန်းသိမ်းထားသူအားလုံးနှင့် မော်တော်ယာဥ်များကိုပါ ရဲတပ်ဖွဲ့ထံ လူထုက အပ်နှံပြီးချိန်တွင် မြို့နယ်ပြည်ခိုင်ဖြိုးဥက္ကဋ္ဌဆိုသူ ရောက်လာပြီး ၎င်းအဆက်အသွယ်မရတော့သည့် အတွင်းရေးမှူးနှင့် ပါတီဝင်များကိုပါ လွှတ်ပေးရန် ရဲတပ်ဖွဲ့ဝင်များကို ဖိအားပေးခိုင်းစေခဲ့သည်။ ထိန်းသိမ်းထားသူအားလုံး ရဲတပ်ဖွဲ့ထံ လွှဲအပ်ပြီးဖြစ်ကြောင်း ရဟန်းသံဃာများနှင့် လူထုက ရှင်းပြသော်လည်း လက်ခံခြင်းမရှိဘဲ ရဲတပ်ဖွဲ့ကို ဆက်လက်ဖိအားပေးခဲ့သည်။

ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်ဘူတာကြီး၌ ဖြစ်ပွားခဲ့သော တပ်ထောက်ခံသူများက သံပုံးတီးပြည်သူများကို လောက်လေးခွ၊ ဓားမြှောင်၊ ဆန်ထိုးပိုက်စသည်တို့ဖြင့် တိုက်ခိုက်မှုအပေါ် ပါတီမှ ညွှန်ကြားချက်ဟုတ်မဟုတ် မီဒီယာများ၏ မေးမြန်းမှုကို ပြည်ခိုင်ဖြိုး မြို့နယ်ဥက္ကဋ္ဌဆိုသူက ဒေါသတကြီး တုံ့ပြန်ခဲ့ပြီး ၎င်းနှင့် ပါလာသူအချို့မှ မီဒီယာများကို စတင်တိုက်ခိုက်ခဲ့သည်။ မီဒီယာသမားနှစ်ဦး၏ကင်မရာ ထိခိုက်ပျက်စီးခဲ့ပြီး ၎င်းပြည်ခိုင်ဖြိုးဥက္ကဋ္ဌနှင့် အပေါင်းအပါများကို ရဲတပ်ဖွဲ့မှ ပြန်လည်ခေါ်ဆောင်သွားခဲ့သည်။

မြို့နယ်ပြည်ခိုင်ဖြိုးဥက္ကဋ္ဌနှင့်အဖွဲ့မှ မီဒီယာကိုတိုက်ခိုက်

၁၃ : ၅၉  ယနေ့ နေ့ခင်းပိုင်း ရန်ကုန် ဆူးလေအခြေအနေ

ယနေ့မနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် ပြည်သူများကို စစ်ကောင်စီထောက်ခံသူများက ရန်ပြုတိုက်ခိုက်မှုဖြစ်ပွားခဲ့သည့် ဆူးလေလမ်းမတစ်လျှောက်ကို ရဲတပ်ဖွဲ့က ပြန်ဖွင့်ပေးလိုက်ပြီဖြစ်သည်။

နံနက် ၁၀ နာရီဝန်းကျင်မှာ  ဆူးလေလမ်းပေါ်တွင် အာဏာသိမ်းစစ်ကောင်စီအား ထောက်ခံသည့်လူတစုမှ တုတ်၊ ဓား၊ လေးခွများကိုင်ဆောင်ကာ ဆန္ဒပြနေသူများအား ရန်မူဆဲဆိုတာကြောင့် နှစ်ဖက်ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည်။

အခင်းဖြစ်ပြီးနောက် ဆူးလေလမ်းကို လုံခြုံရေးတာဝန်ယူထားသည့် တပ်ဖွဲ့မှ သံဆူးကြိုးများကို ပြန်လည်ဖွင့်ပေးလိုက်ကြောင်း အခင်းမဖြစ်ပွားခင် အထိ ဆူးလေလမ်းကို  ပိတ်ထားကြောင်း  နယ်မြေခံများက ပြောသည်။

ယနေ့ နေ့ခင်းပိုင်း ရန်ကုန် ဆူးလေအခြေအနေ

၁၃ : ၃၀  NLD အတွက် မဲဆွယ်ပေးခဲ့သော ကျိုက်မရောမြို့ ဒေသခံ ၉ ဦး ဖမ်းဆီးခံရ

မွန်ပြည်နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အတွက် ရွေးကောက်ပွဲ မဲဆွယ်ပေးသော ဒေသခံ ၉ ဦးကို စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) မှ ယမန်နေ့က ဖမ်းဆီးသွားသည်။

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကဒါကျေးရွာမှ ၆ ဦးနှင့် ဖနုံကျေးရွာအုပ်စုတို့မှ ၃ ဦး တို့ကို BGFတပ်ဖွဲ့  (၁၀၂၁) က  ယမန်နေ့ ည ၁၀ ကျော်ခန့် အချိန်တွင် လာ‌ရောက်ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။ 

ဖမ်းဆီးခံရသူများမှာ ကဒါကျေးရွာအုပ်ချုပ်ရေးမှူး ဦးရဲလင်းနှင့် ရာအိမ်မှူးနှစ်ဦး၊ ရပ်မိရပ်ဖတစ်ဦး အပြင် NLDပါတီ ရပ်ကျေးဥက္ကဋ္ဌ စောအောင်ကျော်နှင့် ဖနုံကျေးရွာ NLD အလုပ်အမှုဆောင်(လူငယ်) ကိုထိန်လင်း၊ ဦးတင့်ဆန်း၊ ဦးလူချောနှင့် ဦးမောင်ညွှန့်တို့ ဖြစ်ပြီး ၎င်းတို့ကို  မိကသစ်ကျေးရွာအုပ်စု မိခွမ်းကျေးရွာ BGF တပ်ဌာနချုပ်၌ အကျယ်ချုပ်ထားရှိထားကြောင်း စုံစမ်းသိရှိရသည်။

ဖမ်းဆီးထိန်းသိမ်းခံထားရသူတစ်ဦးက “မဲဆွယ်စည်းရုံးရေးတုန်းက ကျွန်တော်တို့ ပါဝင်ပြီး မဲဆွယ်တယ် ဟုတ်လား၊ အားလုံးကို ဒီမှာခေါ်ထားတယ်” ဟု ပြောသည်။

ဖမ်းဆီးမှုနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ မသိရသေးဘဲ ကဒါကျေးရွာအုပ်စုထဲမှ NLD ပါတီဝင်များနှင့် ပါတီထောက်ခံသူများကို လိုက်လံဖမ်းဆီးနေကြောင်း ၎င်းကဆိုသည်။

“အားလုံးစုံအောင် စောင့်ရဦးမယ်။ အားလုံးတက်လာမှ သူတို့ (BGF) ပြောမယ်ပြောတာပဲ” ဟု ၎င်းက ဆက်ပြောသည်။

ရွေးကောက်ပွဲ မဲဆွယ်ပေး၍ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် NLDပါတီဝင် ၅ ဦးအား ဖမ်းဆီးထားသည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး  BGFကို ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးပေ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရခဲ့သော ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်း မှားယွင်းသည်ဟု ဆိုကာ တပ်မတော်က နိုင်ငံ့ခေါင်းဆောင်များကို ထိန်းသိမ်းကာ အာဏာရယူခဲ့သည်။

တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်များအပါအဝင် အစိုးရအဖွဲ့ဝင်များကိုပါ ဖမ်းဆီးထိန်းသိမ်းခံထားရပြီး တချို့မှာ အမှုဖွင့်ခံထားရသည်။ 

ထို့နောက် ရွေးကောက်ပွဲနှင့် ပတ်သက်သော တိုင်းနှင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ ထိန်းသိမ်းခံနေရပြီး NLD ပါတီနှင့်ပတ်သက်သူများလည်း ဖမ်းဆီးခံရမှုများ ရှိနေသည်။ 

NLD ပါတီဝင်ဖြစ်သော ဆီဆိုင်မြို့ စည်ပင်ဥက္ကဋ္ဌ ခွန်ဗွာထိုသွေး ကိုလည်း ပအိုဝ်းတပ်မတော် (PNA) တပ်ဖွဲ့ဝင်များက ဖမ်းဆီးကာ  အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ကို အပ်နှံခဲ့ကြောင်း ဒေသခံများက ပြောဆိုထားသည်။ 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဖေဖော်ဝါရီ ၂၄ အထိ စာရင်းများအရ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ ၇၂၈ ဦး ရှိပြီ ဖြစ်သည်။

၂၀၂၀ အောက်တိုဘာလအတွင်း NLD ပါတီ၏ ကဒါကျေးရွာသို့ မဲဆွယ်စည်းရုံးရေးမြင်ကွင်း။

၁၃ : ၀၀ ရင်ပြင်နီမှာလုပ်တဲ့ ကျောင်းသားသမဂ္ဂအစည်းအဝေးသို့ သွားမည့် ဗကသအဖွဲ့ချုပ်ကို ရဲတပ်ဖွဲ့တားဆီးခဲ့

ရန်ကုန်တက္ကသိုလ် ရင်ပြင်နီတွင် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက အစည်းအဝေးသို့ ဗကသများအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဝေယံဖြိုးမိုးတို့ကိုက  ရဲတပ်ဖွဲ့က ဝင်ခွင့်မပြုခဲ့ပေ။

ထို့နောက် ဗကသများအဖွဲ့ချုပ်အနေဖြင့် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ကို တက္ကသိုလ်ဂိတ်ပေါက်အပြင်ပမှ ဝန်းရံခဲ့ရသည်။ 

၁ကျောင်းသားများအစည်းအဝေးပြီးဆုံးချိန်တွင် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့နှင့် ဗကသများအဖွဲ့ချုပ်တို့ ပူးပေါင်း၍ လှည်းတမ်းတွင် ထိုင်သပိတ်ဆင်နွှဲခဲ့သည်။

နေ့လယ် ၁နာရီဝန်းကျင်အချိန်တွင်မူ ကျောင်းသားများက လူစုခွဲခဲ့ကြသည်။

၁၂ : ၂၃  အကြမ်းဖက်ဖြိုခွင်းခံရသည့် မန္တလေးမှ သေဆုံးသူ ကိုရာဇာအောင်၏ နာရေအခမ်းအနား 

လူ နှစ်ဦး သေဆုံးခဲ့သည့် မန္တလေး ရတနာပုံသင်္ဘောကျင်းအနီး  အကြမ်းဖက်ဖြိုခွင်းမှုဖြစ်စဉ်မှ အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထားချိန်တွင် သေဆုံးသွားသည့် အမျိုးသား၏ နေအိမ်တွင် အသုဘအခမ်းအနားပြင်ဆင်ထားမှု မြင်ကွင်းဖြစ်ပါသည်။

ဖေဖော်ဝါရီ ၂၀ က မန္တလေးကမ်းနားလမ်းဆန္ဒပြသူလူအုပ်အား အာဏာသိမ်းစစ်ကောင်စီက ပစ်ခတ်ဖြိုခွင်းမှုဖြစ်စဉ်အတွင်း ဒဏ်ရာပြင်းထန်သူ အသက် ၂၆ နှစ်အရွယ် ကိုရာဇာအောင်သည် ယမန်နေ့နေ့လယ်ပိုင်းက ထပ်မံ သေဆုံးခဲ့ခြင်းဖြစ်သည်။ 

သေဆုံးသူ အသက် ၂၆ နှစ်အရွယ် ကိုရာဇာအောင်သည် မန္တလေးမြို့၊ အရှေ့ပတ္တာရပ်ကွက်တွင် နေထိုင်သူ ဖြစ်ပြီး ပန်းရန်လုပ်ကိုင်သူတစ်ဦးဖြစ်သည်။

၄င်းသေဆုံးချိန်တွင်အသက်(၅)နှစ်အရွယ်သမီးတစ်ဦးကျန်ရစ်ခဲ့သည်၊၄င်းသည် ခန္ဓာကိုယ်အောက်ပိုင်း သေနတ်မှန်ဒဏ်ရာနှင့် ခေါင်း၊ မျက်နှာတို့၌ ညိုမည်းဒဏ်ရာများရှိနေပြီး စစ်ဆေးရုံရှိ ဆရာဝန်များနှင့် စစ်သားများက ကိုဗစ်နိုင်တင်းရောဂါကြောင့်ဟု အကြောင်းပြကာ ရုပ်အလောင်းကို မိသားစုအား အနီးကပ်တွေ့ခွင့်မပေးဘဲ ကြာနီကန်သုသာန်၌ ချက်ချင်း သင်္ဂြိုဟ်ခဲ့သည်။

စစ်တပ်ဖြိုခွင်းမှုကြောင့် သေဆုံးသွားသည့် မန္တလေးမှ ကိုရာဇာအောင်

၁၁ : ၅၂  ငြိမ်းချမ်းစွာဆန္ဒပြနေသည့် ပြည်သူများအား တိုက်ခိုက်သော စစ်တပ်ထောက်ခံသူ ၁၈ ဦးကို ပြည်သူများက ဖမ်းဆီး

ရန်ကုန်ဘူတာကြီးအနီးတွင် အာဏာသိမ်းစစ်တပ်ထောက်ခံသူများက ဆန္ဒပြနေသော အာဏာဖီဆန်လှုပ်ရှားမှု (CDM)တွင် ပါဝင်နေသည့် မီးရထားဝန်ထမ်းများအား ရန်ကုန် သိမ်ဖြူဈေးအနီးမြန်မာ့မီးရထားဝင်းထဲ ဝင်ရောက်ရိုက်နှက်ခဲ့ကြသည့် အာဏာသိမ်းစစ်တပ်ထောက်ခံသူ ၁၈ ဦးကို  သာသနာ့ဟိတဓရဓမ္မာရုံမှာ ပြည်သူများက ဖမ်းဆီးထားသည်။

ငြိမ်းချမ်းစွာဆန္ဒပြနေသည့် ပြည်သူများအား တိုက်ခိုက်သော စစ်တပ်ထော

ယနေ့မနက်ပိုင်းက တုတ်၊ ဓား၊ လေးခွ ကိုင်ဆောင်ထားသော အာဏာသိမ်းစစ်တပ်ထောက်ခံသူများသည်  CDM ရထားဝန်ထမ်းများကို ရန်ပြုတိုက်ခိုက်ခဲ့ကြသည်။ 

စစ်တပ်ထောက်ခံသူများ၏ တိုက်ခိုက်မှုကြောင့် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေသည့် မီးရထားဝန်ထမ်း ၄ဦး ခေါင်းကွဲသွားခဲ့သည့်အပြင် အခြား ပြည်သူ ၈ဦးမှာလည်း ခြေ၊ လက်၊ ခါးတို့တွင် ဒဏ်ရာရရှိခဲ့သည်။ 

ထိုသို့တိုက်ခိုက်ခံရပြီးနောက် စစ်တပ်ထောက်ခံသူများအား ပြည်သူများက ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်သည်။

ကနဦး ဖမ်းဆီးရမိသော စစ်တပ်ထောက်ခံသူ ၇ ဦးကို  ပြန်လွှတ်ပေးရန် ရဲတပ်ဖွဲ့က ပြောဆိုခေါ်ဆောင်သွားခဲ့သည်။ ထို့နောက် ပြည်သူများအား ရန်ပြုတိုက်ခိုက်ရန် ကြံစည်နေသည့် စစ်တပ်ထောက်ခံသူ ၁၈ ဦးကို ပြည်သူများက ပဋိပက္ခ ထပ်မံမဖြစ်ပေါ်စေရန်  ဖမ်းဆီးထိန်းသိမ်းလိုက်ကြသည်။

အဆိုပါ စစ်တပ်ထောက်ခံသူ ၈ ဦးကို ပြန်လွှတ်ပေးရန် ရဲတပ်ဖွဲ့က ဆက်လက်ဖိအားပေးနေဆဲဖြစ်သည်ဟု သိရသည်။

၁၁ : ၃၄ မြိတ်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်သည့် သပိတ်ခေါင်းဆောင် လေးဦး အဖမ်းခံရ 

တနင်္သာရီတိုင်း မြိတ်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု သပိတ်ခေါင်းဆောင် လေးဦး ယနေ့နံနက်တွင် အဖမ်းခံလိုက်ရကြောင်းသိရသည်။ 

မြိတ်ခရိုင် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ နှစ်ဦးနဲ့ မြိတ် တကသ ခေါင်းဆောင် နှစ်ဦးသည် စစ်အာဏာရှင်ဆန့်ကျင်မည့် သပိတ်စစ်ကြောင်း စထွက်မည့်နေရာသို့သွားနေချိန်တွင် ကျွဲကူးတံတားအနီးတွင် အဖမ်းခံရခြင်းဖြစ်‌သည်ဟု ဖမ်းဆီးခံရသူများထဲမှ ကိုမိုးသူအောင် ဇနီး မရှင်ဌေးက ၎င်း၏လူမှုကွန်ရက်တွင် ရေးသားထားသည်။ 

ဖမ်းဆီးခံရသူများမှာ ဦးမိုးသူအောင်(၈၈ ငြိမ်းပွင့်)၊ ဦးတူးတူး(၈၈ ငြိမ်းပွင့်)၊ ကိုရဲကျော်ဖြိုး(ခ)ရဲငယ် (တကသ)နှင့် ကိုချမ်းမြေ့နိုင် (တကသ) တို့ ဖြစ်ကြောင်းသိရသည်။

၁၁ : ၁၆ တပ်ကုန်းမြို့တွင် ရဲနှင့် စစ်တပ်က လုံခြုံရေးယူ

ယနေ့ နံနက်ပိုင်းက နေပြည်တော် တပ်ကုန်းမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေသည့် သိန်းနှင့် ချီသော ပြည်သူများအား မြို့နယ်ထွေအုပ်က ဆန္ဒပြသူများကို လူစုခွဲခိုင်းပြီး အဓိကရုဏ်းနှိမ်နင်းသည့် ရေကားအပါအဝင် ရဲကားနှင့် စစ်ကား ၁၀စီးခန့်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အသင့်အနေအထားဖြင့် မြို့ထဲတွင် နေရာယူထားလိုက်ပြီဖြစ်သည်။

တပ်ကုန်းမြို့တွင် သိန်းနှင့်ချီသော ပြည်သူများသည်  နေ့စဉ်ရက်ဆက်စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေကြသည်။ 

ယနေ့ နံနက်ပိုင်းတွင်မူ တပ်ကုန်းမြို့ အထက(၁)ရှေ့တွင် စုရပ်လုပ်ပြီး စစ်အာဏာရှင်ကျဆုံရေးနှင့် ဖမ်းဆီးခံထားရသည့် ခေါင်းဆောင်များကို လွှတ်ပေးရေးကို ၁၅မိနစ်ခန့် ကြွေးကြော်ဆန္ဒပြပြီးနောက် မြို့နယ်အုပ်ချုပ်ရေးမှူးက လူစုခွဲရန် လာပြောခဲ့ပြီး နာရီဝက်ခန့်အကြာတွင် ရဲကားနှင့်စစ်ကား ၁၀စီးခန့် မြို့ထဲသို့ ဝင်လာပြီး နေရာယူထားခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ဆန္ဒပြသူများလည်း လူစုခွဲသွားပြီဖြစ်သည်။

တပ်ကုန်မြို့ပြည်သူများ စစ်အာဏာရှင်ဆန့်ကျင်ရေး

၁၁ : ၀၉ မန္တလေး သိပ္ပံလမ်းတွင်လည်း သနပ်ခါးသပိတ်ဆင်နွှဲ

မန္တလေးမြို့ သိပ္ပံလမ်းပေါ် တွင် “အာဏာဖီဆန် CDM, CDM ကိုထောက်ခံလို့ သနပ်ခါးပူးပေါင်းလိမ်းကြစို့” ကမ်ပိန်းအမည်ဖြင့် အာဏာဖီဆန်ရေးလှုပ်ရှားမှုကို လုပ်ဆောင်လျက်ရှိသည်။ လမ်းသွားလမ်းလာများ သနပ်ခါးသွေးလိမ်းနိုင်ရန် ကျောက်ပျဉ်၊ သနပ်ခါးတုံးများနှင့် မှန်များ ပြင်ဆင်ချထားပေးသည်။

မန္တလေး သနပ်ခါးကမ်ပိန်း

၁၁ : ၅ လှည်းတန်းတွင် အာဏာရှင်ဆန့်ကျင်ရေး လူအင်အာပိုများလား

လှည်းတန်းတွင် သောင်းချီသည့်ပြည်သူများသည် စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် ဆက်လက် ဆန္ဒပြနေကြသည်။

လှည်းတန်းတွင် ပြည်သူများ ဆက်လက်ဆန္ဒပြ

၁၀ : ၃၆ မန္တလေး စစ်အာဏာရှင်ဆန့်ကျင်ရေးထိုင်သပိတ်

မန္တလေး ၇၈လမ်းပေါ်ရှိ ဒိုင်းမွန်းပလာဇာရှေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြနေသည့် ပြည်သူတစ်ထောင်ဝန်းကျင်သည်  ၃၃လမ်းမှ ၃၄ လမ်းအပြည့် နံနက်၉နာရီခွဲအချိန်ကစပြီး အာဏာရှင်ဆန့်ကျင်ရေးထိုင်သပိတ်ဆန္ဒပြလျက်ရှိသည်။ ဆန္ဒပြအဖွဲ့တွင် ပါဝင်သော ဘင်ခရာတီးဝိုင်းများက အရေးကြီးပြီ သီချင်းဖြင့်တီးမှုတ်ဖျော်ဖြေလျက်ရှိပြီး “ဒီမိုကရေစီရရှိရေး ဒို့အရေး”ကြွေးကြော်နေကြသည်။

မန္တလေးထိုင်သပိတ်.

၁၀ : ၃၅ ဆေးနှင့် ဆေးနှီးနွှယ်တက္ကသိုလ်များသပိတ်စစ်ကြောင်

အင်အားတစ်သောင်းခန့်ရှိသည့် ဆေးနှင့် ဆေးနှီးနွှယ်တက္ကသိုလ်များသပိတ်စစ်ကြောင်းသည် ရန်ကုန် လှည်းတန်းမှ မြေနီကုန်းသို့  ချီတက်၍ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြလျက်ရှိသည်။

ဆေးနှင့် ဆေးနှီးနွှယ်တက္ကသိုလ်များသပိတ်စစ်ကြောင်း

၁၀ : ၂၉ တောင်ငူမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး

တောင်ငူမြို့တွင်လည်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ဆက်လက်ပြုလုပ်လျက်ရှိသည်။

တောင်ငူမြို့တွင် အာဏာရှင်ဆန့်ကျင်ရေးကန့်ကွက်ဆန္ဒဖော်ထုတ်မှုများကို ၁၆ ရက်မြောက်အဖြစ် ယနေ့နံနက်က ဆက်လက်ပြုလုပ်ခဲ့ကြသည်။

၁၀ : ၁၅  စစ်ကောင်စီကို ထောက်ခံသူများက CDMရထားဝန်ထမ်းများအား တိုက်ခိုက်

ရန်ကုန်ဘူတာကြီးအနီးတွင် အာဏာသိမ်း စစ်တပ်ထောက်ခံသူများက ဆန္ဒပြနေသော အာဏာဖီဆန်လှုပ်ရှားမှု (CDM)တွင် ပါဝင်နေသည့်  ရထားဝန်ထမ်းများအား သိမ်ဖြူဈေးအနီးမြန်မာ့မီးရထားဝင်းထဲ ဝင်ရောက်ရိုက်နှက်ခဲ့ကြသည်။

တုတ်၊ ဓား၊ လေးခွ ကိုင်ဆောင်ထားသော အာဏာသိမ်းစစ်တပ်ထောက်ခံသူများသည်  CDM ရထားဝန်ထမ်းများကို ရန်ပြုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်တပ်ထောက်ခံသူ တစ်ထောင်ခန့်ရှိပြီး မီးရထားဝန်ထမ်းများဘက်မှ လူဦးရေ နှစ်ရာခန့်ရှိကြောင်း အခင်းဖြစ်ပွားရာတွင်ရောက်နေသည့် ဝန်ထမ်းတစ်ဦးကပြောသည်။

“သူတို့နဲ့ကျွန်တော်တို့နဲ့ ပန်းခြံတစ်ခုလောက်ခြားသေးတယ်။ သူတို့ထဲကတစ်ကောင်က ထုကွာ ဆိုပြီး လှမ်းပြောတာ ကြားတယ်။ အဲဒါ ကလေးတွေရော မိန်းမတွေရော အကုန်လုံးကို ခဲတွေနဲ့ထု လေူခွတွေနဲ့ပစ်တာ” ဟု ၎င်းကဆိုသည်။

ရထားဝန်ထမ်းများဘက်မှ သုံးဦး ဦးခေါင်းပေါက်သွားကာ အခြားဒဏ်ရာရသူများရှိ‌ေကြာင်း၊ အဆိုပါ စစ်တပ်ထောက်ခံသူများသည် နေရာမှ ဆုတ်ခွာသွားပြီး ၎င်းတို့ထဲမှ ခြောက်ဦးခန့်ကို ဖမ်းဆီးရမိထားကြောင်း ဝန်ထမ်းကပြောသည်။

လက်ရှိတွင် ရဲများရောက်ရှိနေပြီဟုလည်း သိရသည်

၀၉ : ၅၈ ဆူးလေသို့ အာဏာသိမ်းစစ်ကောင်စီကို ထောက်ခံသူများ ရောက်လာ

ယနေ့မနက်ပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီကို ထောက်ခံသူများသည် ရဲတပ်ဖွဲ့က ပိတ်ဆို့ထားသည့် ရန်ကုန်မြို့ ဆူးလေသို့ ရောက်ရှိလာခဲ့သည်။ စစ်ကောင်စီထောက်ခံသူများအား အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသူများက သံပူးတီး မောင်းထုတ်လျက်ရှိသည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်နေသည့် ပြည်သူများသည် စစ်ကောင်စီအဖွဲ့ကို ထောက်ခံသူများနှင့် ပဋိပက္ခမဖြစ်ပေါ်စေရန် အချင်းချင်းလက်ချင်းချိတ်၍ ထိန်းထိန်းသိမ်းသိမ်း တုံ့ပြန်နေကြသည်။ 

စစ်ကောင်စီကို ထောက်ခံသူများသည် စစ်တပ်အလံနှင့် ၂၀၀၈ အခြေခံဥပဒေအလံတို့ကို ကိုင်မြှောက်၍ လက်ခုပ်တီး၍ လမ်းလျှောက်နေကြခြင်းဖြစ်သည်။

ပြီးခဲ့သည့် ရက်များတွင်မူ ဆူးလေအနီးပတ်ဝန်းကျင်လမ်းမများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့ထားတာဖြစ်သည်။

၀၉ : ၅၀ ရန်ကုန်လှည်းတန်းတွင်လည်း သနပ်ခါး တိုက်ပွဲဆင်နွှဲ

ရန်ကုန်လှည်းတန်းခုံးကျော်တံတားအောက်တွင်လည်း စစ်အာဏာသိမ်းမှုအပေါ် ပြည်သူများက ဆန့်ကျင်ဆန္ဒပြလျက်ရှိသည်။ 

ထောင်နှင့်ချီသည့် ပြည်သူများသည် လှည်းတန်းခုံးကျော်တန်းတားအောက်တွင်လည်း သနပ်ခါးတိုက်ပွဲဆင်နွှဲလျက်ရှိသလို ထိုင်သပိတ်ဆင်နွှဲနေသူများလည်း ရှိသည်။

၀၉ : ၀၀ – ရန်ကုန်မြို့သနပ်ခါးတိုက်ပွဲ

နေ့စဉ်လူဦးရေသိန်းချီဆန္ဒပြလေ့ရှိသည့် ရန်ကုန်မြို့၊ မြေနီကုန်းတွင် ဖေဖော်ဝါရီ ၂၅ရက် မနက်ပိုင်းက စစ်အာဏာရှင်စနစ်  ဆန့်ကျင်ရေး “မြန်မာ့သနပ်ခါးတိုက်ပွဲ” ဆင်နွှဲနေပြီဖြစ်သည်။

သနပ်ခါးလိမ်း၍ စစ်အာဏာရှင်တော်လှန်ရခြင်းသည် အဆိုးအညံများကို တိုက်ထုတ်ရန် ဖြစ်ကြောင်းနှင့် အာဏာသိမ်းစစ်ကောင်စီကို အထုပ်သိမ်းပြီး ပြန်ကြရန် ဆန္ဒပြပွဲတွင် ပါဝင်နေသူများက ပြောဆိုကြသည်။

သနပ်ခါးသပိတ်မှာ ပါဝင်နေသူများသည် စစ်အာဏာရှင်ဖီဆန်လှုပ်ရှားမှု( CDM)မှာ ပါဝင်နေသည့် ဝင်ထမ်းများကို ထောက်ခံသည့် အမှတ်သားများ၊ လက်သုံးချောင်းသင်္ကေတ များကို လိမ်းခြယ်ပေးနေကြသည်။


၀၈ : ၄၅ – ရန်ကုန်မြို့အချက်အချာနေရာများကို ရဲတပ်ဖွဲ့ပိတ်ဆို့ထား

အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သူတို့ စု၀ေး ဆန္ဒပြသည့် ရန်ကုန်မှ နေရာအများအပြားတွင် လုံခြုံရေး အရံအတားချပြီး ဆက်လက် ပိတ်ဆို့ထားသည်ကို ဖေဖော်ဝါရီ ၂၅ နံနက်ပိုင်းတွင် တွေ့ရသည်။ အထူးသဖြင့် သံရုံးရှေ့ လမ်းများ၊ ဆူးလေဘုရားလမ်းတို့ကို ပိတ်ထားသည်။

အာဏာသိမ်းမှုကန့်ကွက်ရာတွင် အများအာရုံပိုစိုက်စေရေးအတွက် ယနေ့ ဆန္ဒပြကြရာတွင် သနပ်ခါးလိမ်းထားကြရန် တိုက်တွန်းသူများလည်း ရှိသည်။

ယနေ့မနက် ၆ နာရီဝန်းကျင်ကတည်းက ဂျပန်သံရုံး၊ အင်ဒိုနီးရှားသံရုံး၊ ဗြိတိသျှသံရုံးနှင့် ရုရှားသံရုံးတို့အနီးပတ်ဝန်းကျင်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့ထားပြီးဖြစ်သည်။

ရန်ကုန် မနက်ခင်း

Show More

Related Articles

Back to top button