ရွေးကောက်ပွဲ

၂၀၁၅ ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းများကို ဥပဒေအတိုင်း ဖျက်ဆီးနေ

ကာလစည်းကမ်းသတ်မှတ်ချက်အရ ငါးနှစ်ကျော်လွန်နေပြီဖြစ်သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲဆိုင်ရာ မဲလက်မှတ်နှင့် စာရွက်စာတမ်းများကို ဌာနပေါင်းစုံပါဝင်သည့်အဖွဲ့က ဖျက်ဆီးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ညွှန်ကြားထားကြောင်း ပျဉ်းမနားမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသိန်းရွှေက Myanmar Now ကို ပြောသည်။

ပျဉ်းမနားမြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၏ ယာဉ်ရပ်နားစခန်း၌ ယနေ့ (ဇန်နဝါရီ ၆) နံနက်ပိုင်းတွင် မြို့နယ်ကော်မရှင်အဖွဲ့ဝင်များအပြင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဥပဒေရုံး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အရာရှိများပါဝင်သည့် စစ်ဆေးပယ်ဖျက်ရေးအဖွဲ့ ရှေ့မှောက်တွင် ၂၀၁၅ ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီးခဲ့သည်။ 

“မြို့နယ်ကော်မရှင်မှာ ဖျက်ဆီးရေးအဖွဲ့ဆိုတာဖွဲ့ပြီး ညွှန်ကြားချက်နဲ့အညီ ၂၀၁၅ ခုနှစ်မှာ အသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲဆိုင်ရာ ပစ္စည်းအဟောင်းတွေပေါ့၊ မလိုအပ်တဲ့ စာရွက်စာတမ်းတွေပေါ့၊ အဲဒါတွေကို ညွှန်ကြားချက်အရ ရွေးကောက်ပွဲဆိုင်ရာစာရွက်စာတမ်းတွေကို မီးရှို့ဖျက်ဆီးခြင်း ဖြစ်တယ်။ လွန်ခဲ့တဲ့ ငါးနှစ်ကာလကဟာလည်း ဖြစ်တယ်” ဟု ဦးသိန်းရွှေက ပြောသည်။

ဖျက်ဆီးသည့်လုပ်ငန်းနှင့် ပတ်သက်ပြီး UEC သို့ ဇန်နဝါရီ ၁၁ နောက်ဆုံးထား ပြန်လည်တင်ပြရမည်ဟု ဆိုသည်။

လွှတ်တော်အသီးသီး၏ ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေများတွင် ကော်မရှင်အဖွဲ့ခွဲများသည် မဲစာရင်းနှင့် ရွေးကောက်ပွဲမှတ်တမ်းများ၊ စာရွက်စာတမ်းများကို ရွေးကောက်ပွဲပြီးသည့် နေ့မှစ၍ နောက်တစ်ကြိမ် အထွေထွေရွေးကောက်ပွဲပြီးစီးသည်အထိ မပျောက်မပျက်စေရန် ထိန်းသိမ်းစောင့်ရှောက်ထားရမည်ဟု ပြဋ္ဌာန်းထားသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုခဲ့သည့် ပစ္စည်းနှင့် စာရွက်စာတမ်းများမှာ ကာလစည်းကမ်းသတ်မှတ်ချက် ကျော်လွန်နေပြီဖြစ်သဖြင့် ဥပဒေနှင့်အညီ ဖျက်ဆီးခြင်းသာဖြစ်ကြောင်း၊ ၂၀၂၀ နိုဝင်ဘာတွင် ကျင်းပပြီးစီးခဲ့သော အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုခဲ့သည့် အထောက်အထားနှင့် ပစ္စည်းများအားလုံးကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲအလိုက် လုံခြုံစွာ စနစ်တကျ သိမ်းဆည်းထားကြောင်း ဦးသိန်းရွှေက ဆက်လက်ပြောသည်။

ရွေးကောက်ပွဲဆိုင်ရာ အထောက်အထားများကို ထိုသို့ဖျက်ဆီးနေခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုဥက္ကဋ္ဌ ဦးခင်ရီက ယမန်နေ့ (ဇန်နဝါရီ ၅) တွင် ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် လူသိရှင်ကြား ဝေဖန်ခဲ့သည်။ 

“ဘယ်အဖွဲ့နဲ့ ဘယ်လိုသက်သေခံပစ္စည်းတွေကို မှန်သလား၊ မမှန်သလား ဘယ်လိုအထောက်အထားနဲ့ မီးရှို့တယ်ဆိုတာကို ကျွန်တော်တို့ မသိဘူး။ ကျွန်တော်တို့မှာလည်း သံသယရှိတယ်” ဟု ဦးခင်ရီက ပြောခဲ့သည်။

ပျဉ်းမနားမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းရွှေကမူ ထိုသို့ ဝေဖန်နေခြင်းများမှာ မှန်ကန်မှုမရှိကြောင်း၊၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုခဲ့သည့် မဲလက်မှတ်အရောင်မှာ အဝါဖြစ်ပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုခဲ့သည့် မဲလက်မှတ်မှာ အဖြူရောင်ဖြစ်သဖြင့် ကွဲပြားခြားနားစွာ သိနိုင်ကြောင်း မှတ်ချက်ပြုသည်။

ထိုသို့ဖျက်ဆီးရာတွင် ဆန္ဒပြုခန်း (ဆန္ဒမဲပေးသူ၏ ရှေ့နှင့် ဘေးနှစ်ဖက်ကို ကာရံရာတွင် အသုံးပြုသည့်ပစ္စည်း)၊ ရပ်ကွက်မဲရုံများမှ ပေးပို့သော အသုံးမလိုသည့် မဲရုံသုံးပစ္စည်းများ၊ မဲဆန္ဒရှင်စာရင်းစာအုပ်၊ ကိုယ်စားလှယ်လောင်းများရရှိသော ဆန္ဒမဲစာရင်းပုံစံနှင့် မဲလက်မှတ်အဟောင်းများ ပါဝင်ပြီး စနစ်တကျမှတ်တမ်းတင်ကာ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံ အစီရင်ခံစာပေးပို့၍ ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဦးသိန်းရွှေက ဆိုသည်။

လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၈၃ ရာခိုင်နှုန်းကျော် အနိုင်ရခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် မဲစာရင်း ကွဲလွဲမှုများရှိနေသဖြင့် စုံစမ်းစစ်ဆေးပေးရန် ပြည်ခိုင်ဖြိုးပါတီက အစဉ်တစိုက်တောင်းဆိုနေသကဲ့သို့ တပ်မတော်ကလည်း ယင်း၏ မြို့နယ်အလိုက် မဲစာရင်းစစ်ဆေးချက်များကို‌ ဆက်တိုက်ထုတ်ပြန်လျက်ရှိသည်။

Show More

Related Articles

Back to top button