သတင်း

တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့ ဝဒေသတွင် တိတ်တဆိတ်တွေ့ဆုံဆွေးနွေး 

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်းတွင် ၂ နှစ်ကြာ အပြင်းအထန်တိုက်ခိုက်ခဲ့ကြသည့် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တာဝန်ရှိသူများနှင့် ‘ဝ’တပ်ဖွဲ့ထိန်းချုပ်ဒေသ ပန်ဆန်းတွင် ယမန်နေ့ (ဒီဇင်ဘာ ၉) တိတ်တဆိတ်တွေ့ဆုံခဲ့ကြကြောင်း သိရသည်။ 

‘ဝ’ ‌ဒေသတွင် ၁ နာရီခန့်ကြာ တွေ့ဆုံခဲ့ရာ၌ အပစ်အခတ်ရပ်စဲထားမှုအခြေအနေ ပိုမိုခိုင်မာရန်နှင့် ငြိမ်းချမ်းရေးကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း AA တာဝန်ရှိသူက ဆိုသည်။ 

“ငြိမ်းချမ်းရေးနဲ့ ရွေးကောက်ပွဲဆိုင်ရာကိစ္စတွေကို ဆောင်ရွက်နိုင်ဖို့နဲ့ နှစ်ဖက်အပစ်အခတ်ရပ်စဲရေးကိစ္စ သေချာအောင် လုပ်ဆောင်နိုင်ဖို့ကိစ္စတွေကို အဓိကထားပြီး လုပ်ဆောင်ခဲ့ကြတာဖြစ်တယ်” ဟု AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ဆိုသည်။ 

အွန်လိုင်းမှတစ်ဆင့် တပ်မတော်နှင့် ငြိမ်းချမ်းရေးကိစ္စများကို ဆွေးနွေးခဲ့သည်ဟု AA က ပြီးခဲ့သည့် ဒီဇင်ဘာ ၂ တွင် ထုတ်ပြန်ကြေညာလိုက်ပြီးနောက် တစ်ပတ်အကြာတွင် ထိုသို့ လူချင်းတွေ့ဆုံညှိနှိုင်းခဲ့ကြခြင်း ဖြစ်သည်။ 

လတ်တလော AA နှင့် နှစ်ကြိမ်တိုင်ဆွေးနွေးမှုများနှင့် ပတ်သက်၍ တပ်မတော်က တစ်စုံတစ်ရာ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းကို Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

တပ်မတော်နှင့် AA တို့၏ တွေ့ဆုံမှုသည် ရပ်ဆိုင်းနေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အလားအလာကောင်း ကြောင်းနှင့် တွေ့ဆုံမှုဆွေးနွေးမှုကို ဆက်လက်ထိန်းသိမ်းကြဖို့လိုကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

“NCA (အပစ်ရပ်) လမ်းကြောင်းပေါ်ကို တိုင်းရင်းသားလက်နက်ကိုင်အားလုံးနီးပါးလောက် ဝင်ရောက်လာနိုင်တဲ့ တံခါးကို တွန်းဖွင့်လိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကိစ္စကို အလေးအနက်ထားပြီး ကြိုဆိုသင့်တဲ့လုပ်ငန်းစဉ်လို့ ကျွန်တော်က ယူဆပါတယ်” ဟု ၎င်းက ပြောသည်။

ထို့ပြင် ရရှိထားသည့် ငြိမ်းချမ်းရေးအခြေအနေများကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် ရခိုင်မြောက်ပိုင်းတွင် ရွေးကောက်ပွဲ ပြန်ကျင်းပပေးရန် ဆောင်ရွက်သင့်ပြီး AA ကလည်း ဖမ်းဆီးထားသည့် NLD လွှတ်တော်အမတ် သုံးဦးကို ပြန်လွှတ်ပေးရန် လိုအပ်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။ 

ပြီးခဲ့သည့်ရက်အနည်းငယ်က နေပြည်တော်တွင် ပြုလုပ်သည့် အစိုးရ၊ တပ်၊ လွှတ်တော်အမတ်တို့ပါဝင်သည့် ဆွေးနွေးပွဲများအတွင်း AA ပါဝင်သော မြောက်ပိုင်းလက်နက်ကိုင် ၄ ဖွဲ့တို့နှင့် ပြန်လည်ဆွေးနွေးနိုင်ရေးများကိုပါ ထည့်သွင်းဆွေးနွေးခဲ့ကြသည်ဟု ငြိမ်းချမ်းရေးကော်မရှင်(PC) ၏ အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောသည်။

“ကျွန်တော်တို့ဆိုရင် ပဋိပက္ခက မရှိလေကောင်းလေပေါ့ဗျာ။ အခုပဲ သတင်းဌာနတွေ ဖော်ပြချက်အရ တစ်လကျော် ပစ်ခတ်တိုက်ခိုက်မှုတွေ မရှိတဲ့အတွက် စစ်ဘေးရှောင် ၇၀,၀၀၀ ကျော်လောက်လည်း နေရပ်တွေပြန်တယ်၊ ရင့်မှည့်နေတဲ့စပါးတွေလည်း ရိတ်နိုင်တယ်ဆိုတော့ ဒါတွေကတော့ ကောင်းတာပေါ့ဗျာ ကျွန်တော်တို့က ကြိုဆိုတယ်” ဟု ဦးလှမောင်ရွှေက ပြောသည်။

ရက္ခိုင့်တပ်တော်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာသတ်မှတ်ခဲ့ပြီးနောက် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်ခွင့်မပြုခဲ့သည့်အတွက် ငြိမချမ်းရေးလုပ်ငန်းစဉ်တွင် AA ပါဝင်သော မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် မကျေမလည်ဖြစ်ခဲ့သည်။ 

မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့ဖြစ်သည့် ကချင်လက်နက်ကိုင်အဖွဲ့ (KIA) ၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) ၊ တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့နှင့် အစိုးရက ၂၀၁၉ ခုနှစ်အတွင်း ၆ ကြိမ်အထိ ဆွေးနွေးခဲ့ကြသော်လည်း ပြေလည်မှု မရခဲ့ပေ။

၂၀၁၈ နိုဝင်ဘာမှစ၍ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်းတွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး အရပ်သားများသေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှုများအပြင် နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့များ၏ ဖမ်းဆီးခံရသူများလည်း ရှိနေသည်။ အဆိုပါတိုက်ပွဲများကြောင့် ဒေသခံနှစ်သိန်းကျော်သည် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ 

၂၀၂၀ အထွေထွေရွေးကောက်ပွဲ မတိုင်ခင် နှစ်ဖက်လက်နက်ကိုင်များအကြား တိုက်ပွဲများမရှိသလောက် လျော့နည်းခဲ့ပြီး ရွေးကောက်ပွဲကျင်းပသည့် နိုဝင်ဘာ ၈ မှစ၍ တိုက်ပွဲမဖြစ်ပွားသည်မှာလည်း တစ်လခန့် ကြာမြင့်နေပြီ ဖြစ်သည်။

၂၀၁၈ နိုဝင်ဘာနှင့် ဒီဇင်ဘာမှစ၍ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့မှုကြောင့် နှစ်ဖက်လက်နက်ကိုင်များအပြင် အရပ်သားများ သေဆုံး၊ ဒဏ်ရာ ရခဲ့ကြပြီး ဒေသခံနှစ်သိန်းကျော် စစ်ရှောင်ခဲ့ရသည်။

Show More

Related Articles

Back to top button