သတင်း

နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို ထောင်ပြေးမှုဖြင့် ထောင် ၂ နှစ် ချမှတ် 

နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းခံလိုက်ရသည့် နှင်းဆီပါတီ (ခေါ်) ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ဥက္ကဋ္ဌ ဦးကျော်မြင့်ကို လွန်ခဲ့သော၂၁ နှစ်က ထောင်ပြေးမှုအတွက် မန္တလေး ချမ်းအေးသာစံမြို့နယ်တရားရုံးက ရာဇသတ်ကြီးပုဒ်မ၂၂၄ ဖြင့် ယနေ့ (နို၀င်ဘာ ၁၂) တွင် ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်လိုက်သည်။

၁၉၉၉ တွင် မန္တလေးအိုးဘိုထောင်မှ ဦးကျော်မြင့် ထွက်ပြေးမှုကြောင့် ထောင် ၉ နှစ် ချခံခဲ့ရသူ ထောင်မှူးဟောင်း ဦးအေးချမ်း (ခေါ်) ဦးဣန္ဒြောဘာသ အပါအဝင် တရားလိုပြသက်သေ ၅ ဦးနှင့် တရားခံပြသက်သေအဖြစ် နှင်းဆီပါတီကိုယ်စားလှယ်လောင်း ၆ ဦးတို့ကို တရားရုံးက စစ်ဆေးကြားနာပြီးနောက် ယနေ့ရုံးချိန်းတွင် ယင်းသို့ အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။

ဦးကျော်မြင့် ထောင်မှထွက်ပြေးစဉ် အမှုဖွင့်တရားစွဲဆိုခဲ့သည့် အမှတ် (၈) ရဲစခန်းမှူးဟောင်း ရဲအုပ်သိန်းဌေးကိုမူ ရဲက ရှာဖွေတွေ့ရှိခြင်း မရှိသည့်အတွက် လက်ရှိ စခန်းမှူး ဦးအောင်မင်းက တရားလိုပြုကာ ထောင်ပြေးမှုကို အောက်တိုဘာ ၂ တွင် တရားစွဲဆိုခဲ့သည်။ စတင်တရားစွဲဆိုပြီး ၄၁ ရက် အကြာတွင် ထောင်ပြေးကြောင်း ပေါ်ပေါက်သည်ဆိုကာ ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။ 

ဦးကျော်မြင့် ထွက်ပြေးစဉ်က နစ်နာခဲ့သူများ ရှိနေသည့်အတွက် ပြည်သူလူထု အမြင်မမှားအောင် အမြင့်ဆုံးပြစ်ဒဏ် ချမှတ်ရခြင်းဖြစ်ကြောင်း တရားခွင်တွင် တရားသူကြီး ဦးကျော်မျိုးဝင်းက အမိန့်ချအပြီးတွင် ရှင်းပြသည်။ 

“ထောင်ဒဏ်၂ နှစ်က ယခင်ကျခံဆဲ ပြစ်ဒဏ်အပြင် အပိုပြစ်ဒဏ်ပါ။ ကျူးလွန်​ကြောင်း ပေါ်ပေါက်တဲ့အတွက်၊  နောက်ပြီး သူထွက်ပြေးတဲ့ အကျိုးဆက်အတွက်က နစ်နာသူတွေရှိလို့ စဉ်းစားပြီးတော့ အမြင့်ဆုံး ချမှတ်လိုက်တာပါ” ဟု တရားသူကြီး ဦးကျော်မျိုးဝင်းက ပြောသည်။ 

တရားခွင်၌ အမိန့်ချမှတ်လိုက်သည့်အပေါ် ဦးကျော်မြင့်က မည်သည့်စကားမျှ မဆိုဘဲ ခေါင်းအကြိမ်ကြိမ်ညိတ်ကာ လက်ခံနားထောင်ခဲ့သည်။ ၁၉၉၈ တွင် ချမှတ်ခံခဲ့ရသော ထောင် ၉ နှစ် အနက် ၎င်းသည် တစ်နှစ်သာ ကျခံရသေးပြီး ယခုအခါ ထောင် ၂ နှစ် ထပ်မံချမှတ်ခံရသဖြင့် စုစုပေါင်း ၁၀ နှစ် ကျခံရမည်ဖြစ်သည်။​

အမှုအတွက် အယူခံတက်ခွင့် ရှိသေးကြောင်း၊ ၎င်း၏အမှုသည်အတွက် ဥပဒေအရ အခွင့်အရေးများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဦးကျော်မြင့်၏ရှေ့နေ ဦးနေလင်းထွန်းက အမိန့်ချမှတ်ပြီး တရားရုံးရှေ့တွင် မီဒီယာများကို ပြောသည်။

“တရားရုံးအမိန့်အပေါ်မှာတော့ ဘာမှမပြောလိုပါဘူး။ ကျွန်တော့်အမှုသည်အတွက်တော့ ဥပဒေအရ အခွင့်အရေးတွေ ဆက်လက်ဆောင်ရွက်ပေးသွားမှာပါ” ဟု ဦးနေလင်းထွန်းက ပြောသည်။ 

နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်သည် ၎င်းထူထောင်ထားသော မြန်မာကျုံယွမ်ကုမ္ပဏီကိစ္စဖြင့် ၁၉၉၈ တွင် ထောင်ဒဏ် ၉ နှစ် ချမှတ်ခံထားရစဉ် တစ်နှစ်အကြာတွင် ထောင်မှထွက်ပြေးခဲ့သူ ဖြစ်သည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြီးလျှင် ကိုယ်စားလှယ်လောင်းအရေအတွက် ဒုတိယအများဆုံးဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီအဖြစ် လူစိတ်ဝင်စားမှု ရခဲ့ပြီးနောက် ၎င်း၏ ထောင်ပြေးမှု နောက်ကြောင်းများ ပေါ်ပေါက်လာခဲ့သည်။

ထို့နောက် ရဲတပ်ဖွဲ့များက ယခုနှစ် စက်တင်ဘာ ၂၉ တွင် ဦးကျော်မြင့်ကို ရန်ကုန် ပန်းလှိုင်အိမ်ရာရှိ ၎င်း၏ နေအိမ်တွင် ဖမ်းဆီးခဲ့ပြီး ၂၄ နာရီအတွင်း မန္တလေးအိုးဘိုထောင်သို့ ပို့ဆောင် ထိန်းသိမ်းခဲ့သည်။ 

ဦးကျော်မြင့်သည် ထောင်ပြေးမှုအပြင် ၂၀၁၃ တွင် ပြည်တွင်းသို့ တရားမဝင် ပြန်ဝင်ရောက်ခဲ့ခြင်းအတွက် လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ ၁၃ (၁) ဖြင့်လည်း အောက်တိုဘာ ၂၃ တွင် ထပ်မံတရားစွဲဆိုခံထားရသည်။ 

ဦးကျော်မြင့်ကို လဝကပုဒ်မဖြင့် ထပ်မံစွဲဆိုထားသည့် ချမ်းအေးသာစံရဲစခန်းနယ်မြေသည် ဦးကျော်မြင့်နေထိုင်ရာ မဟုတ်သည့်အတွက် စွဲချက်မတင်သင့်ကြောင်း ဦးကျော်မြင့်၏ ရှေ့နေနောက်တစ်ဦးဖြစ်သည့် ဦးမျိုးချစ်က ယနေ့ရုံးချိန်းတွင် လျှောက်ထားခဲ့သော်လည်း အမှုကို လက်ခံစစ်ဆေးထားမည်ဟု တရားသူကြီးက တုံ့ပြန်သည်။ 

အဆိုပါပုဒ်မအတွက် အမှုကြားနာခြင်းကို နိုဝင်ဘာ ၂၅ သို့ တရားသူကြီးက ချိန်းဆိုခဲ့သည်။ 

တရားခွင်တွင် အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးတို့ ဝင်ရောက်နားထောင်သည်ကို တွေ့ခဲ့ရပြီး ၎င်းတို့နှင့်အတူ တရားလိုရှေ့နေ နှစ်ဦး၊ တရားခံရှေ့နေ နှစ်ဦး၊ ရဲအရာရှိနှစ်ဦး အရပ်ဝတ်ရဲအရာရှိတစ်ဦး၊ သတင်းထောက်နှစ်ဦးတို့ ဝင်ရောက်နားထောင်ခွင့် ရကြသည်။

ယနေ့ရုံးချိန်းအပြီး ဦးကျော်မြင့်၏ အချုပ်ကား တရားရုံးမှ ပြန်အထွက်တွင် နှင်းဆီပါတီတံဆိပ်ပါ အင်္ကျီများ ဝတ်ဆင်ထားသူ အယောက် ၂၀ ခန့်က “ဥက္ကဋ္ဌကြီး ကျန်းမာပါစေ” ဟု သုံးကြိမ်တိုင် အော်ဟစ်နှုတ်ဆက်ခဲ့ကြသည်။ 

ဦးကျော်မြင့်သည် ၁၉၉၉ တွင် မန္တလေးအိုးဘိုထောင်မှ ထွက်ပြေးလွတ်မြောက်ပြီးနောက် ကနေဒါနှင့် အမေရိကန်နိုင်ငံတို့တွင် ခိုလှုံခဲ့သည်။ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ကို ကနေဒါနိုင်ငံ၌၂၀၀၇ တွင် ထူထောင်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီအချိန်တွင် နိုင်ငံရေးပါတီအဖြစ် ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်ခွင့် လျှောက်ထားခဲ့သည်။ 

၂၀၁၃ တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာကာ UDP ပါတီဥက္ကဋ္ဌအဖြစ် ဆက်လက်ရပ်တည်ခဲ့သည်။ ၎င်း၏ ပါတီသည် ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း တစ်နေရာမှ အနိုင်ရခဲ့ခြင်း မရှိပေ။ 

နှင်းဆီပါတီသည်၂၀၂၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၁,၁၀၀ ကျော်ဖြင့် နိုင်ငံတစ်ဝန်းရှိ မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ရှိခဲ့သော်လည်း ပါတီဥက္ကဋ္ဌ ဦးကျော်မြင့် ဖမ်းဆီးခံရပြီးနောက် ပါတီကိုလည်း ရွေးကောက်ပွဲကော်မရှင်က ဖျက်သိမ်းခဲ့သည်။ 

ဦးကျော်မြင့်၏ နောက်ကြောင်းရာဇဝင်နှင့် စီးပွားရေးလုပ်ငန်းများကို အစိုးရက စစ်ဆေးခဲ့ပြီးနောက် ကျပ်ဘီလျံပေါင်းများစွာကို တရုတ်နိုင်ငံဘက်ခြမ်းမှတစ်ဆင့် တရားမဝင် လွှဲပြောင်းရယူခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့သည်။

လက်ရှိတွင် ဖျက်သိမ်းခံခဲ့ရသည့် နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ပိုင် စီးပွားရေးလုပ်ငန်းများနှင့် အိမ်ခြံမြေပစ္စည်းများကို ယာယီသိမ်းဆည်းထားပြီးဖြစ်သည်ဟုလည်း နိုင်ငံတော်သမ္မတရုံးက ထုတ်ဖော်ပြောကြားထားသည်။ 

ငွေကြေးခဝါချမှုအတွက်မူ ဦးကျော်မြင့်ကို မည်သည့်တရားရုံးတွင် တရားစွဲဆိုသွားမည်ကို မသိရှိရသေးပေ။ 

Show More

Related Articles

Back to top button