ဇီးပင်ကြီးနဲ့ ဖောင်ကြီးမှာ လေထန်နေဆဲ ဝါဒမှိုင်းစစ်ဆင်ရေးများ

နှစ်စဉ် သန်း ၆ဝဝဝ အသုံးပြုသည့် ဗဟိုဝန်ထမ်းတက္ကသိုလ်နှစ်ခုက ဌာနဆိုင်ရာအရာရှိများကို ပို့ချရာတွင် အငြင်းပွားဖွယ်အချက်များ ပါဝင်နေသည်

Published on Dec 24, 2018
ဖောင်ကြီးတက္ကသိုလ်မြင်ကွင်းတစ်ခု (ဓာတ်ပုံ - Myanmar Now)
ဖောင်ကြီးတက္ကသိုလ်မြင်ကွင်းတစ်ခု (ဓာတ်ပုံ - Myanmar Now)

၂ဝ၁၈ နိုဝင်ဘာလ၏ တနင်္လာညနေခင်းတစ်ခုတွင် ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)၏ နိုင်ငံရေးသိပ္ပံ ပါမောက္ခ ဒေါက်တာထွန်းမင်းသည် ဟန်ပန်အမူအရာမျိုးစုံဖြင့် ၎င်း၏ ပထဝီနိုင်ငံရေးသင်တန်းကို ပို့ချနေသည်။

အစိုးရဌာနပေါင်းစုံမှ ဝန်ထမ်းများဖြစ်သော ရာနှင့်ချီသည့် သင်တန်းသားများကို ထိုနေ့က ခေတ်မီ ပရိုဂျက်တာ သုံး၍ ပို့ချသော သူ၏ပို့ချချက်တွင် ရခိုင်ပြည်နယ်အရေးနှင့် နိုင်ငံတကာဆက်ဆံရေးအကြောင်း ပါဝင်သည်။ ထိုအကြောင်းအရာအား ရှင်းပြရာတွင် ဗြိတိန်နိုင်ငံသည် ဥရောပသမဂ္ဂမှ နုတ်ထွက်ရန် အမေရိကန် ဒေါ်လာ ဘီလီယံ ၆ဝ ခန့် ပေးရမည်ဖြစ်ကြောင်း၊ ထိုသို့ ပေးချေရန်အတွက် ဗြိတိန်သည်  ဆော်ဒီအာရေဗျထံမှ အကူအညီများ တစ်စိတ်တစ်ပိုင်း ယူရသည့်အတွက်  မြန်မာဘက်မှ  ရပ်တည်မည် မဟုတ်ကြောင်း ဒေါက်တာထွန်းမင်းက ပြောဆိုနေသည်။

“ဆော်ဒီဆိုတာ ကျွန်တော်တို့ဘက်မှာ ရှိမလား၊ ARSA (ဘင်္ဂါလီ/ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့) ဘက်မှာ ရှိမလား ခင်ဗျားတို့ စဉ်းစားကြည့်။ ဒါဆိုရင် ယူကေ (အင်္ဂလိပ်) မီဒီယာတွေက ဒီကိစ္စ (ရခိုင်ကိစ္စ) ကို ဘယ်လိုဘယ်ပုံ လုပ်ပေးပါ ဆိုတာကော ရှိမလာနိုင်ဘူးလား။ …ဒါ သူ့ရဲ့ နိုင်ငံရေးဘောဂဗေဒ အခြေအနေကြောင့်ပဲ” ဟု သူက ဆက်လက်ရှင်းပြသည်။

ဝန်ထမ်းများကို ဒေါက်တာထွန်းမင်း ရှင်းပြသော ဗြိတိန်က ဥရောပသမဂ္ဂမှ ထွက်ခွာရာတွင် ပေးဆပ်ရန်  ဆော်ဒီအာရေးဗျထံမှ ငွေတစ်စိတ်တစ်ပိုင်း ရယူသည်ဆိုသော အချက်မှာ  မည်သည့် ကမ္ဘာ့သတင်းမီဒီယာတွင်မှ မပါဝင်သော အကြောင်းအရာဖြစ်သည်။

၎င်းသင်တန်းပြီးသည့်ချိန်တွင် ထိုပို့ချချက်အကြောင်း Myanmar Now က မေးလိုက်သည့်အခါ ၎င်းက ထိုအချက်ကို မည်သည့်နေရာမှ ကိုးကားရယူသည်ဆိုသည်ကို တိတိကျကျ မပြောနိုင်ဘဲ  ပြည်တွင်းထုတ် သတင်းဂျာနယ်များ၊ ဘာသာပြန် နိုင်ငံတကာသတင်းများ ပါရှိသည့် အစိုးရထုတ် “နိုင်ငံတကာ သတင်းဂျာနယ်” များ ဖတ်ရှုပြီး  ပထဝီဝင်နိုင်ငံရေး ပို့ချနေကြောင်း ရှင်းပြသည်။

ထိုနေ့က သင်တန်း၏အဆုံးပိုင်း ရောက်ခါနီးတွင် မြန်မာ ထေရဝါဒ ဗုဒ္ဓသာသနာ ထာဝရ အဓွန့်ရှည်ရမည်ဆိုသော စာသား ပါရှိသည့် သာသနာ့အလံပါ ဓာတ်ပုံ၊ ရုရှားက လူနည်းစုများကို မလိုအပ်ပါဘူး။ လူနည်းစုများကသာ ရုရှားကို လိုအပ်တာပါဟူသော စာသားများ ပါရှိသော ရုရှားသမ္မတပူတင်၏ ဓာတ်ပုံ၊ ၂ဝ၁၅ ခုနှစ်က သန်လျင်မြို့နယ်တွင် တရားခံပြေး လူမိုက်တစ်ဦး၏ တိုက်ခိုက်မှုကြောင့်  သွေးအိုင်ထဲ လဲကျသေဆုံးနေသော ရဲတပ်ဖွဲ့ဝင်နှစ်ဦးတို့၏ ဓာတ်ပုံနှင့် အခြားဓာတ်ပုံအချို့အား  ပေါင်းစပ်ပြီး ပြုလုပ်ထားသောပုံကို သင်တန်းသားများအား  ပရိုဂျက်တာဖြင့် ထိုးပြခဲ့ပြီး သင်တန်း နိဂုံးချုပ်ခဲ့သည်။

အဆိုပါ ဖြတ်ညှပ်ကပ်ပုံအကြောင်း မေးသည့်အခါ ပြည်သူများ လုံခြုံရေးသတိ ရှိရမယ်၊ နိုင်ငံတော် တည်ငြိမ်မှု ပျက်ပြားတယ်လို့ ဆိုလိုချင်တာပါဟု သူက ပြန်လည်ဖြေကြားသည်။

ပါလီမန်ဒီမိုကရေစီအစိုးရကို အာဏာသိမ်း တက်လာသော ဗိုလ်ချုပ်ကြီးနေဝင်းခေတ် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် သဘောတရားများ၊ ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံအား နှိမ်နှင်းပြီး အာဏာ လွှဲပြောင်း ယူလိုက်သော စစ်ဗိုလ်ချုပ်ကြီးများ၏ ဝါဒ သဘောတရားများကို  အထက်မြန်မာပြည် (ဇီးပင်ကြီး) နှင့် အောက်မြန်မာပြည် (ဖောင်ကြီး) ဗဟိုဝန်ထမ်း လေ့ကျင့်ရေး တက္ကသိုလ်များတွင် သင်ကြားပို့ချခဲ့သည်။

၂ဝ၁၅ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အစိုးရတာဝန်များ လွှဲပြောင်းယူသည့်နောက်တွင် ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်နေပါပြီဟု ထိုဝန်ထမ်းတက္ကသိုလ်တို့၏ ထိပ်တန်း အာဏာပိုင်များက ပြောကြားသော်လည်း ၎င်းတို့၏ သင်တန်းများတွင် ခေတ်စနစ်နှင့် မကိုက်ညီသော နိုင်ငံရေးဝါဒမှိုင်းလေများ တသုန်သုန် ဆက်လက် တိုက်ခိုက်နေသည်။

စစ်အုပ်ချုပ်ရေးကာလ ထိုတက္ကသိုလ်များတွင် ဒို့တာဝန်အရေးသုံးပါး၊ ပြည်တွင်း လက်နက်ကိုင် သောင်းကျန်းမှု သမိုင်း၊ အနောက်နိုင်ငံနှင့် မီဒီယာများက မြန်မာပြည်ကို သပ်လျှိုသွေးခွဲနေပုံနှင့် တပ်မတော်၏သမိုင်းကြောင်း စသည်များကို သင်ကြားပို့ချခဲ့ပြီး ယခုအချိန်တွင်တော့ နိုင်ငံတကာနှင့် ရခိုင်ပြည်နယ်အရေး၊ အနောက်နိုင်ငံများက သတင်းမီဒီယာများကတစ်ဆင့်တိုင်းပြည်ကို နှောင့်ယှက်နေပုံနှင့် ရွေးကောက်ပွဲမှတက်လာသည့် NLD ပါတီကို ပါးနပ်စွာ တိုက်ခိုက်ဝေဖန်သည့် ဝါဒမှိုင်းများကို အစိုးရအရာရှိများအား  ပို့ချနေသည်။

ပုန်ကန်သူဆရာဝန်များ

မန္တလေး-ပြင်ဦးလွင်ကားလမ်းအတိုင်း တက်သွားလျှင် မိုင်တိုင် ၂၄ ခန့်အရောက်  ကြီးမားသည့်  ကွန်ကရစ်မုခ်ဦးကြီးပေါ်တွင် အပြာရောင်နောက်ခံဖြင့် ရေးသားထားသော  ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)ဆိုသော ဂိတ်ပေါက်ဝကို တွေ့မြင်ရမည်ဖြစ်သည်။

ပြင်ဦးလွင်မြို့နယ် ဇီးပင်ကြီးကျေးရွာအနီးတွင် တည်ရှိသောကြောင့် ဇီးပင်ကြီးဟုအလွယ်ခေါ်ဆိုသော အထက်မြန်မာပြည် ဗဟိုဝန်ထမ်းတက္ကသိုလ်ကို ၁၉၉၉ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သည်။

အကျယ်အဝန်း မြေ ဧက ၉ဝဝ ပေါ်တွင် တစ်ထပ်တိုက် သွပ်မိုးအုတ်ခံ အဆောက်အအုံများ ဆောက်လုပ်ထားသော ထိုတက္ကသိုလ်အတွင်း နိုင်ငံအနှံ့အပြားမှ ထောင်နှင့်ချီသော ဌာနဆိုင်ရာ ဝန်ထမ်းများကို သင်တန်းများ လစဉ် ပို့ချနေသည်။

ဂိတ်ပေါက်မှ ကွန်ကရစ်လမ်းမအတိုင်း အထဲသို့ ကားဖြင့် ဝင်သွားပြီး မိနစ်အနည်းငယ်အတွင်း ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်ဆိုသည့် စာသားရေးထားသည့် အပြာရောင် ဆိုင်းဘုတ်ကြီးတစ်ခုကို စိမ်းမြမြကျွန်းပင်များ နောက်ခံထားလျက် အနေထားဖြင့် တွေ့မြင်ရသည်။

ထိုဆိုင်းဘုတ်ပါသဘောတရားကို ၂ဝ၁၇  ဒီဇင်ဘာတွင် ဇီးပင်ကြီးသင်တန်းသားတစ်ဦးအဖြစ် ရောက်ရှိလာသော အရပ် ၅ ပေ၊ ၈ လက်မခန့်ရှိ စူးရှထက်မြက်သည့် လူငယ်ဆရာဝန် ဒေါက်တာစိုးသူရဇော် နှစ်နှစ်ခြိုက်ခြိုက် လက်ခံသည်။

ဝန်ထမ်းသည် နိုင်ငံ၏ ကျောရိုးဖြစ်သည်၊ ကျန်းမာရေးကဏ္ဍအတွက် အစိုးရယန္တရားထဲ ဝင်ရောက် လုပ်ကိုင်လျှင် တိုင်းပြည်ကို ပိုမိုအကျိုးပြုနိုင်မည်ဟု ယူဆသောကြောင့်  ၂ဝ၁၆ခုနှစ် ဆေးတက္ကသိုလ်မှ ဘွဲ့ရပြီး တစ်နှစ်အကြာ ကျန်းမာရေးဦးစီးဌာန ဦးစီးအရာရှိ လစ်လပ်ရာထူးတွင် တာဝန်ထမ်းဆောင်ရန် ပြည်ထောင်စု ရာထူးဝန်အဖွဲ့သို့ လျှောက်ထားခဲ့ခြင်းဖြစ်သည်။ လျှောက်ထားမှု အောင်မြင်သဖြင့် ဇီးပင်ကြီးရှိ ရက်သတ္တ ရှစ်ပတ်ကြာ အရာထမ်းလောင်းအခြေခံ (အထူး)သင်တန်းသို့ ရောက်ခဲ့ရသည်။

သူနှင့်အတူ ဆရာဝန် ၆ဝဝ ခန့် တက်ရောက်သော ထိုသင်တန်းတွင် ကျန်းမာရေးဆိုင်ရာ ဘာသာရပ်များအပြင် နိုင်ငံရေး၊ လူမှုသိပ္ပံ၊ ပြည်သူ့နီတိ၊ ဌာနဆိုင်ရာငွေစာရင်းအင်း ထားသိုနည်းတို့ကို အစိုးရဌာနများမှ ဘာသာရပ်အလိုက် လာရောက်ပို့ချသူများ၊ ဝန်ထမ်းလေ့ကျင့်ရေးတက္ကသိုလ်မှ ဆရာ၊ ဆရာမများက သင်ကြားပို့ချကြသည်။

ကျန်သည့်ဘာသာရပ်များနှင့် ပတ်သက်၍ သူအထွေအထူး မခံစားရ။ သို့သော် နိုင်ငံရေးသိပ္ပံ ပို့ချသည့် ဆရာတစ်ဦးက တပ်မတော်သာအမိ၊ တပ်မတော်သာအဖဟု ကြွေးကြော်သကဲ့သို့ ၊ နောက်ထပ် နိုင်ငံရေးသိပ္ပံ ပါမောက္ခဆရာတစ်ဦးက NLD ပါတီ ဖွဲ့ထားသော လက်ရှိအစိုးရက စေတနာ ချို့တဲ့သဖြင့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ မအောင်မြင်ရခြင်း ဖြစ်ကြောင်း ပြောဆိုသည်ကိုလည်းကောင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား လက်နက်ကိုင် သောင်းကျန်းသူများဟု ပြောဆိုသည်ကိုလည်းကောင်း တွေ့မြင်ရသောအခါ လွန်စွာ အံအားသင့်ခဲ့သည်ဟု ဒေါက်တာစိုးသူရဇော်က ဆိုသည်။

ထိုကဲ့သို့ ကြားရသည့်အခါတွင် သူက သင်တန်းသားများရှေ့တွင် ရပ်ကာ  ပို့ချနေသည့် ဆရာကို မေးခွန်း တရစပ်ထုတ်လိုက်သည်။

“NLD အစိုးရက သူ့ရဲ့ကြွေးကြော်သံ သုံးရပ်နဲ့ တက်လာတယ်။ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ နောက်တစ်ခုက တရားဥပဒေစိုးမိုးရေး။ ပြည်တွင်းငြိမ်းချမ်းရေးကို နံပတ်(၁) နေရာမှာ ထားပြီးတော့မှ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် ထမ်းဆောင်ပြီးတော့ ငြိမ်းချမ်းရေးကိစ္စကို တစိုက်မတ်မတ် လုပ်ဆောင်နေတဲ့အချိန်မှာ လက်ရှိ NLD အစိုးရက စေတနာမရှိဘူးဆိုတဲ့ စကားဟာ လက်ရှိအစိုးရသွားနေတဲ့ ပေါ်လစီနဲ့ရော ကိုက်ညီတယ်လို့ ထင်ပါသလား။  နှစ်အချက် (ဆရာရဲ့ ပြောဆိုချက်တွေဟာ) ဘယ်အချက်ကို အခြေခံပြီး ပြောသလဲ၊ လက်ရှိအစိုးရပေါ်လစီနဲ့ ကိုက်ညီတယ်လို့ ထင်ပါရဲ့လားဟု သူက မေးလိုက်သည်။

soe_thuya_zaw.jpg

မိုးကုတ်ပြည်သူ့ဆေးရုံကြီးတွင် တွေ့ရသော ဒေါက်တာစိုးသူရဇော် (ကေဇွန်နွေး/Myanmar Now)

ထို့ပြင် အစိုးရက မည်မျှပင် တိုက်တွန်းနှိုးဆော်နေစေကာမူ လက်နက်ကိုင်ထားသူ ကာယကံရှင်များက ငြိမ်းချမ်းရေးအတွက် စိတ်ကောင်းစေတနာ မရှိလျှင် ငြိမ်းချမ်းရေးက ဝေးနေဦးမည်ဟု သူ၏ အယူအဆကိုပါ ပြောလိုက်သည်။

ဆရာက သူ့အား မည်သို့မျှ မတုံ့ပြန်ဘဲ ထိုနေ့က ပထဝီနိုင်ငံရေးပို့ချချက်မှာ အချိန်တိုအတွင်း ပြီးဆုံးသွားခဲ့သည်။

“တပ်မတော်ကတော့ ငြိမ်းချမ်းရေးကို လိုလားတယ်ဆိုတာ (သူ့ရဲ့) လက်မောင်းသွေးကို ဖောက်ပြီးတော့မှ သစ္စာဆိုရဲပါတယ်ဆိုပြီး ပြောပြီးတော့မှ သင်တန်းကို တန်းဖြုတ်လိုက်တယ်” ဟု ဒေါက်တာစိုးသူရဇော်က ပြောပြသည်။

ဒေါက်တာစိုးသူရဇော်က ထိုအဖြစ်အပျက်ကို သင်တန်းပြီးပြီးချင်း ထုတ်ဖော်ပြောဆိုမည်ဟု ကြံရွယ်ခဲ့သော်လည်း ထုတ်ဖော်မပြောဖြစ်ခဲ့။ ၂ဝ၁၈ နိုဝင်ဘာလဆန်းတွင်မှ ၎င်းကဲ့သို့ ထိုတက္ကသိုလ်တွင် သင်ကြားနေပုံများကို မနှစ်မြို့သည့် သင်တန်းသားတစ်ဦးက လူမှုကွန်ရက်ဖေ့စ်ဘွတ်တွင် ဝေဖန်နေသည်ကို တွေ့မြင်ပြီးနောက် သူ၏ဇီးပင်ကြီးအတွေ့အကြုံများကို အပိုင်း သုံးပိုင်းခွဲကာ ဖေ့စ်ဘွတ်တွင် ရေးတင်ခဲ့သည်။

ထိုရေးသားချက်များတွင် ဘာသာခြားများနှင့် လက်မထပ်ရန်၊ ဘာသာခြားဈေးဆိုင်များတွင် ဈေးမဝယ်ရန် သင်ကြားပို့ချသည်များလည်း ကြားနာခဲ့ရကြောင်း၊ နိုင်ငံရေးသိပ္ပံ ပို့ချချက်သည် “မဘသတရားပွဲကဲ့သို့” ဖြစ်နေကြောင်းလည်း ၎င်းက ဝေဖန်ထောက်ပြထားသည်။

ထိုကဲ့သို့ရေးသားချက်များသည် နိုင်ငံ့ဝန်ထမ်း စည်းမျဉ်းစည်းကမ်းများကို ကျော်လွန်လုပ်ဆောင်ခဲ့သည် ဟူသော  စွပ်စွဲချက်ဖြင့် ၎င်းကို သက်ဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာနမျာမှ တာဝန်ရှိသူများက လွန်ခဲ့သည့် ရက်ပိုင်းအတွင်းက မန္တလေးမြို့တွင် ဌာနတွင်း စစ်ဆေးမေးမြန်းခဲ့သည်။

ကျွန်တော်ရေးခဲ့တာတွေဟာ လီဆယ်ပြီးရေးခဲ့တာ မဟုတ်ဘူး။ တကယ့်အဖြစ်အပျက်အမှန်ကို ရေးခဲ့တာပဲ ဖြစ်တယ်။ မြေပြင်မှာ တကယ် ဖြစ်ပျက်နေတာတွေကို သိစေချင်လို့ရေးခဲ့တာ။ ဒီသင်တန်းတွေဟာ နိုင်ငံတော်ဘဏ္ဍာတွေကို ဖြုန်းနေတာသက်သက်ပဲဟု မိုးကုတ်မြို့နယ် ပြည်သူ့ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသော သွားနှင့်ခံတွင်း ကျန်းမာရေးဦးစီးအရာရှိဖြစ်သူ ဒေါက်တာစိုးသူရဇော်က ဆိုသည်။

နိုင်ငံရေးသိပ္ပံပါမောက္ခ၏ ဝန်ခံချက်

NLD ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းများ ကြန့်ကြာသည်ဟု ပြောခဲ့သောဆရာသည် မည်သူမည်ဝါဖြစ်သည်ဟု ဒေါက်တာစိုးရသူဇော်က ထုတ်ဖော်ရေးသားခြင်း မရှိသော်လည်း ၎င်းသည် ဇီးပင်ကြီး နိုင်ငံရေးသိပ္ပံဌာန၏ အဆင့်အမြင့်ဆုံးဌာနမှူး ဒေါက်တာထွန်းမင်းဖြစ်ကြောင်း Myanmar Now က စုံစမ်းသိရှိရသည်။

ထိုကိစ္စနှင့်ပတ်သက်၍ လွန်ခဲ့သည့် နိုဝင်ဘာလက ဇီးပင်ကြီးသို့ သွားရောက်ပြီး ဒေါက်တာထွန်းမင်းကို တွေ့ဆုံမေးမြန်းခဲ့ရာ ၎င်းက သင်တန်းပို့ချချိန်များတွင် NLD ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်ကို အပုပ်ချ တိုက်ခိုက်ခဲ့သည်များ မပြုလုပ်ခဲ့ကြောင်း၊ သို့သော် သမိုင်းအချက်အလက် အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် အာဏာ မရခင်က တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးစာချုပ်ကို တိုင်းရင်းသားလက်နက်ကိုင်များ ချင့်ချိန်စဉ်းစားပြီးမှ လက်မှတ်ထိုးရန် ပြောဆိုသည့် အချက်ကိုမူ ထည့်သွင်း သင်ကြားခဲ့ကြောင်း ဝန်ခံသည်။

တစ်ချိန်တုန်းကတော့ ဘာပဲပြောပြော အလျင်စလို လုပ်လိုက်လို့ရှိရင် အဆင်မပြေစရာတွေ ရှိနိုင်တယ်။ ပြဿနာတွေ ရှိလာနိုင်လို့ အလျင်စလို လက်မှတ်မထိုးကြဖို့၊ ဒါ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ပြောဖူးတယ်ဆိုတာကိုပဲ ပြောတာပါဟု ဒေါက်တာထွန်းမင်းက ဆိုသည်။

ထိုသို့ရှင်းပြသော်လည်း ဒေါက်တာထွန်းမင်း၏ နိုင်ငံရေး အရောင်အသွေးမှာမူ ၎င်းသုံးစွဲသော ဖေ့စ်ဘွတ်စာမျက်နှာတွင်တော့ သိသာထင်ရှားလှသည်။

၎င်းအသုံးပြုသော Tun Min ဖေ့စ်ဘွတ်အကောင့်ပေါ်တွင် ကမ္ဘာ့ကုလသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စုနှင့် ဒေါ်အောင်ဆန်းစုကြည်တို့က မြန်မာနိုင်ငံကို ဖျက်ဆီးနေသည့် သဘော သက်ရောက်သည့် ကာတွန်း တစ်ခုကို တင်ထားရာ အစိုးရခန့်အပ်ထားသည့် ပါမောက္ခဖြစ်ပါလျက် အဘယ့်ကြောင့် ထိုကာတွန်းကို ဖေ့စ်ဘွတ်တွင် ဖော်ပြခြင်းဖြစ်ကြောင်း မေးသည့်အခါ ဒေါက်တာထွန်းမင်းက ပြန်လည်ဖြေကြားရှင်း မရှိပေ။

၎င်း၏ ဖေ့စ်ဘွတ်တွင်ပင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တိုင်းရင်းသားခေါင်းဆောင်များနှင့် တိုင်ပင်ပြီး ပြည်ပစစ်ကို ပြင်နေပြီ၊ လောက်ကောင် သစ္စာဖောက်ကောင်များ ဘယ်ပေါင်ပြေးကပ်မလဲ စောင့်ကြည့်နေကြပါဟု စက်တင်ဘာ ၂၆ က ရေးသားခဲ့ဖူးသည်။

ဒေါက်တာထွန်းမင်းက သူသည် မကွေးတက္ကသိုလ်တွင် ပထဝီဘာသာရပ်ဖြင့် ဘွဲ့ရပြီး တက္ကသိုလ် ပထဝီဆရာ ဖြစ်လာကာ နောင်တွင် မန္တလေးတက္ကသိုလ်မှ ရေအရင်းအမြစ်ဘာသာရပ်ဖြင့် ပထဝီပါရဂူဘွဲ့ ရခဲ့ကြောင်း၊ ဇီးပင်ကြီးသို့ နိုင်ငံရေးသိပ္ပံ ပါမောက္ခအဖြစ် မရောက်ရှိမီ တောင်ကြီးတက္ကသိုလ်တွင် ပထဝီတွဲဖက်ပါမောက္ခဖြစ်ခဲ့ကြောင်း ပြောပြသည်။

ဇီးပင်ကြီးတက္ကသိုလ်၏ ပါမောက္ခချုပ် ဦးညီညီစံကလည်း ဒေါက်တာထွန်းမင်းသည် ပညာရှင် ရှုထောင့်မှ သင်ကြားပို့ချခဲ့ခြင်း သက်သက်ဖြစ်ပြီး မည်သည့်ဝါဒမှိုင်းမှ တိုက်ခဲ့ခြင်းမဟုတ်ကြောင်း ကာကွယ်ပြောဆိုသည်။

ခံယူတဲ့အမြင်က အရေးကြီးတယ်။  ကျွန်တော့်မှာ ဖြူစင်တဲ့အမြင်လေးနဲ့ မြင်မှသာလျှင် ပကတိအရောင်ကို မြင်ရမှာ။  ဒီဝန်ထမ်းတက္ကသိုလ်သည် ဝန်ထမ်းတွေရဲ့ သိသင့်သိထိုက်တဲ့ ပညာရပ်ကို သင်ပေးတာ။ ကျွန်တော်တို့ဘာမှိုင်းမှလည်း မရှိဘူး။ ဘာအရောင်မှလည်း သွတ်သွင်းလို့မရဘူးဟု  အငြိမ်းစား ဒုတိယဗိုလ်မှူးကြီးတစ်ဦးလည်းဖြစ်သော ဦးညီညီစံက ဆိုသည်။

ဒေါက်တာစိုးသူရဇော် ဇီးပင်ကြီးသင်တန်းအကြောင်း ရေးသားမှုကြောင့် ဌာနတွင်း အစစ်အဆေး ခံရသည့်သတင်း ထွက်ပေါ်လာပြီးနောက် ဇီးပင်ကြီးတွင် တက်ရောက်ခဲ့သော ကျန်းမာရေး ဆရာဝန်များစွာတို့က ၎င်းတို့သည်လည်း ဒေါက်တာစိုးသူရဇော် ကဲ့သို့ပင် အခြေအမြစ်မရှိသော အကြောင်းအရာများကို သင်ကြားခဲ့ရကြောင်း အင်တာနက် လူမှုကွန်ရက်တွင် ထုတ်ဖော် ပြောဆိုနေကြသည်။

ထိုကဲ့သို့ထုတ်ဖော်သူများထဲတွင် မုံရွာပြည်သူ့ဆေးရုံကြီးတွင် မေ့ဆေးဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်နေသူ အသက် ၄၂ နှစ် အရွယ် ဒေါက်တာနိုင်ထူးအောင်လည်း ပါဝင်သည်။ ၂ဝ၁၅ ရွေးကောက်ပွဲမတိုင်မီ ဇီးပင်ကြီးတွင် သုံးလသင်တန်း တက်ရောက်ခဲ့ရာ နိုင်ငံရေးသိပ္ပံသင်တန်းတွင် ထိုအချိန်က အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း သင်တန်းဆရာမက ပုဂ္ဂိုလ်ရေး မသိမသာ တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ပြန်ပြောင်းပြောပြသည်။

ပရိုဂျက်တာနဲ့ ‘ပြည်ထောင်စုစိတ်ဓာတ်’ ဆိုတာ ရေးထားရာမှာ စုဆိုတဲ့စကားလုံးကို အရောင် မှိန်ထားတယ်။ နောက်ဝါကျတစ်ခုမှာ ရေးထားတဲ့ ‘အမျိုးသားအချင်းချင်း ချစ်ကြည်ရင်းနှီးရေး’ ဆိုတဲ့ စာသားမှာ ‘ကြည်’ စကားလုံးကို အရောင် တမင်မှိန်ထားတယ်။  အဲဒီလိုတွေချည်းပဲဗျဟု ၎င်းက ဆိုသည်။

ယင်းကဲ့သို့ သင်ကြားပို့ချနေမှုများသည်  ဗဟိုဝန်ထမ်းတက္ကသိုလ် မူဝါဒလား၊ ဆရာမ၏ ပုဂ္ဂလိက ပြောဆိုချက်များလားဟု မတ်တပ်ရပ်၍ ဒေါက်တာနိုင်ထူးအောင်ကလည်း မေးခွန်းထုတ်ခဲ့သည်။ 

စိုးသူရဇော်ရေးတဲ့ဟာတွေဖတ်ပြီး ကျွန်တော် တော်တော် အံ့ဩသွားတာ။ NLD အစိုးရလက်ထက် ခေတ်ပြောင်းပေမယ့် သင်ကြားပို့ချတာတွေက တလွဲတွေ သင်တုန်းလားလို့။ ကောင်းတာ တစ်ခုကတော့ အပေါင်းအသင်း ကျယ်ပြန့်လာတယ်၊ နောက် လူတွေနဲ့ ပေါင်းတတ် သင်းတတ်လာတယ်၊ ဒါတစ်ခုပဲ ကောင်းတာပါဗျာ။ နောက်ဟာတွေက ဘာမှ အကျိုးမရှိလိုက်ဘူးဟု ဒေါက်တာနိုင်ထူးက ဆိုသည်။

ပါမောက္ခချုပ်ဦးညီညီစံကမူ ၎င်း၏သင်တန်းသားများထဲတွင် ဆရာဝန်အများစုသည် စည်းကမ်းပိုင်းတွင် ထိန်းသိမ်းရ အင်မတန်ခက်ခဲသူများဖြစ်သည်ဟု ဆိုသည်။

နိုင်ငံတော်တွင် ကျန်းမာရေးဆရာဝန်များ လိုအပ်နေသည့်အတွက် နိုင်ငံ့ဝန်ထမ်း ရွေးချယ်ရေးအဖွဲ့က စာမေးပွဲ မအောင်မြင်သူများကိုပင် လက်ခံနေရပြီး ဝန်ထမ်း လေ့ကျင့်ရေးတက္ကသိုလ်များသို့ ပေးပို့နေခြင်းသည်လည်း ထိန်းသိမ်းရခက်ခဲခြင်း၏ အကြောင်းအရင်းတစ်ခုဖြစ်ကြောင်း ၎င်းကဆိုသည်။

စိုးရသူဇော်က ဝန်ထမ်းရွေးချယ်ရေး စာမေးပွဲ စိတ်ပိုင်းဆိုင်ရာ အမေးအဖြေ (psycho test) မှာ ကျရှုံးတဲ့ စာရင်းထဲမှာ ပါတယ်ဟု စိုးသူရဇော်အမည်ပါ စာရွက်တစ်ရွက်ကိုပြပြီး ဦးညီညီစံက Myanmar Now ကို ဇီးပင်ကြီး ဧည့်ခန်းမထဲရှိ ကျွန်းသား ဆိုဖာထိုင်ခုံပေါ်တွင် ထိုင်လျက်ပြောပြသည်။

ဖောင်ကြီးမှ ခေတ်သစ်ဝါဒမှိုင်း

မြန်မာပြည်တွင် ဗဟိုဝန်ထမ်းတက္ကသိုလ် နှစ်ခုရှိရာ ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ပဲခူးရိုးမ ဖောင်ကြီးကျေးရွာ အနီးရှိ ဗဟိုဝန်ထမ်းတက္ကသိုလ်မှာမူ ပါလီမန်ဒီမိုကရေစီအစိုးရကို အာဏာသိမ်း တက်လာသော ဗိုလ်ချုပ်ကြီးနေဝင်းခေတ်တွင် ထူထောင်ခဲ့ခြင်းဖြစ်သည်။

မြေဧက ၃ဝဝဝ ခန့်ပေါ်တွင် တည်ရှိသော ဖောင်ကြီးအား စတင်ဖွင့်လှစ်သည့် ၁၉၆၅ ခုနှစ် ကာလများတွင်  လက်နက်ကိုင် ဗမာပြည်ကွန်မြူနစ်ပါတီသည် ပဲခူးရိုးမတွင် လှုပ်ရှားလျက်ရှိသည်။

နှစ်စဉ် ဝန်ထမ်းထောင်ချီ၍ ဖောင်ကြီးသို့ သွားရောက် သင်တန်းတက်ရပြီး ဆိုရှယ်လစ်လမ်းစဉ် နိုင်ငံရေး သဘောတရားများနှင့် စစ်ပညာအခြေခံ သင်တန်းများကို အပြာရောင် ယူနီဖောင်း ဝတ်ကာ သင်ကြားရသည်။

ထိုသင်တန်းများသို့ တက်ရောက်ခဲ့ရသူတစ်ဦးမှာ ယခု အသက် ၇၃ နှစ်ရှိပြီ ဖြစ်သည့် တရားလွှတ်တော် ရှေ့နေကြီး ဦးကြီးမြင့် ဖြစ်သည်။ သင်တန်းတက်သည့် ၁၉၇၄ ခုနှစ်တွင်  သူသည် မြို့နယ် သမဝါယမဦးစီးမှူးအဖြစ် တာဝန် ထမ်းဆောင်နေသူဖြစ်သည်။

သူတို့ လက်ခံစေချင်တာကတော့ ပါလီမန် ဒီမိုကရေစီစနစ်ဟာ မကောင်းဘူးပေါ့ဗျာ။ ဒါကြောင့် တပ်မတော်က အာဏာ သိမ်းရတယ်။ နိုင်ငံတော်အပေါ်မှာ သစ္စာရှိရမယ်။ ပြည်ပ ကျူးကျော်လာရင် ခံတိုက်ရမယ်။ အဲဒါမျိုးတွေပေါ့ဗျာ။  အဓိကတော့ စစ်ဝါဒတွေကို ဝန်ထမ်းတွေ ရိုက်သွင်းတဲ့နေရာပဲ။ တိုင်းပြည်အတွက် ဘာမှအကျိုးမရှိတဲ့ သင်တန်းတွေပဲဟု ၎င်းက ဆိုသည်။

ဗိုလ်ချုပ်ကြီးနေဝင်းစစ်အုပ်ချုပ်ရေး၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေစစ်အုပ်ချုပ်ရေးမှ ယနေ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD အစိုးရဖွဲ့နိုင်သည့် ခေတ်ပြောင်းစနစ်ပြောင်း အခြေအနေများ ဖြစ်ပေါ်နေသော်လည်း ခေတ်အဆက်ဆက် ဝါဒမှိုင်းများသာမက  ဝါဒသစ်များပါ ဖောင်ကြီး၏ နိုင်ငံရေးသိပ္ပံ သင်ကြားချက်များတွင် ဆက်လက် ပဲ့တင်ထပ်နေသည်။

ထိုအချက်မှာ နိုဝင်ဘာ ၁၆ ရက်နေ့က ဖောင်ကြီးတက္ကသိုလ်၏ နိုင်ငံရေးသိပ္ပံဌာန တွဲဖက်ပါမောက္ခ ဒေါ်ယဉ်ယဉ်နွဲ့ ၏ သင်ကြားပို့ချချက်များတွင် အထင်အရှား ပေါ်လွင်နေသည်။

အသက် ၂၅ နှင့် ၃၅ နှစ်ကြား ရဲတပ်ဖွဲ့ဝင်များ၊ တရားရေး ဝန်ထမ်းများနှင့် အခြားသော ဌာနဆိုင်ရာ ဝန်ထမ်းများ ၁၀၀ နီးပါးသည် ၎င်း၏ သင်တန်းသားများ ဖြစ်သည်။ နားကြပ်ကိုချိတ်၊ ကြိုးမဲ့မိုက်ကရိုဖုံးကို လက်တွင်ကိုင်ပြီး ပရိုဂျက်တာအသုံးပြု၍ သင်ကြားနေသာ သင်တန်းနည်းပြဆရာမက မြန်မာနိုင်ငံ အင်္ဂလိပ်ကိုလိုနီကျွန်ပြုခံခဲ့ရပုံ၊  လွပ်လပ်ရေးရပြီးနောက် လက်နက်ကိုင် သောင်းကျန်းသူများအကြောင်းကို ပြောဆိုရင်း တပ်မတော်ခေါင်းဆောင်များက ၁၉၆၂ မှ ၂ဝ၁ဝ တွင် နိုင်ငံတော်အာဏာကို ထိန်းသိမ်းခဲ့ရပုံများကို ပြောဆိုသည်။ ထို့နောက် နိုင်ငံတော်၏ လမ်းပြမြေပုံ ခုနစ်ချက်ကို ကြေညာကာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လူထု၏ထောက်ခံမှုဖြင့် အတည်ပြုပြီး ဒီမိုကရေစီလမ်းစဉ်ကို ပြောင်းလဲခဲ့ပုံကိုလည်း ဟန်ပန်အမူအရာအပြည့်ဖြင့် ရှင်းပြနေသည်။

အထက်ပါအကြောင်းအရာများသည် စစ်အုပ်ချုပ်ရေးခတ် ကျောင်းသုံးစာအုပ်များနှင့် နိုင်ငံပိုင် မီဒီယာများတွင် အဖန်တလဲလဲ ပါဝင်သော အကြောင်းအရာများဖြစ်သည်။

အနောက်နိုင်ငံတို့က မဖွံ့ဖြိုးသေးသည့် နိုင်ငံများကို ဆင်းရဲမွဲတေစေရန် ကနဦးလုပ်ဆောင်ကြောင်း၊ ဆင်းရဲမှုကြောင့် တိုင်းပြည်တွင် ငွေကြေးဖောင်းပွမှုများ၊ လူ့အခွင့်အရေးဆုံးရှုံးမှုများဖြစ်ပေါ်လာပြီး ထိုအခြေအနေတွင် အင်အားကြီးနိုင်ငံများက တိုင်းပြည်ကို ၎င်းတို့လိုသလို ထိန်းချုပ်ကြောင်း၊ ထိန်းချုပ်နိုင်ခြင်း မရှိပါက စီးပွားရေးပိတ်ဆို့ကာ ခေတ်သစ်နယ်ချဲ့ဝါဒကို ကျင့်သုံးကြောင်း ဒေါ်ယဉ်ယဉ်နွဲ့က ပို့ချသည်ကို Myanmar Now ၏ခရီးစဉ်အတွင်း မြင်ခဲ့ရသည်။

မီဒီယာတွေသုံးလာပြီးတော့မှ အားနည်းတဲ့နိုင်ငံ၊ သူတို့ မျက်စိကျတဲ့ နိုင်ငံတွေရဲ့ပြည်တွင်းရေး ဝင်ရောက် စွက်ဖက်ဖို့ ကြိုးစားတယ်။ ကြိုးစားပြီးတော့မှ  မဟုတ်မမှန်သတင်းတွေနဲ့ မီဒီယာတွေကတစ်ဆင့် ဖြန့်ပြီးတော့မှ သူများတွေ နိုင်ငံရေးကိစ္စတွေမှာ ဝင်ပြီးတော့မှ လာတာ။ ဒါ ကျွန်မတို့ ခေတ်သစ် ကိုလိုနီနယ်ချဲ့ဝါဒတွေပါဟု အသက် ၄ဝ အရွယ် နိုင်ငံရေးသိပ္ပံပါမောက္ခက ပို့ချသည်။

သင်တန်းပြီးဆုံးပြီးနောက် ထိုဆရာမကို Myanmar Now က ဒီအချက်တွေကို ဘယ်သူ သင်ခိုင်းတာလဲ။ ဆရာမ သဘောနဲ့ ဆရာမ သင်တာလားဟု မေးမြန်းသည့်အခါ ၎င်းက အထက်အရာရှိများ၏ လမ်းညွှန်ချက်များ ခံယူပြီး သင်ကြားခြင်းဖြစ်ကြောင်း ပြန်လည်ပြောဆိုသည်။

ဝန်ထမ်းလေ့ကျင့်ရေး သင်တန်းတွင် ထူးခြားချက်များအနက် တစ်ခုမှာ အခမ်းအနား ပြီးဆုံးသည့်အခါ လက်ခုပ် အချက် ၂ဝ တီးရခြင်း ဖြစ်သည်ဟု ဒေါက်တာစိုးသူရဇော်က ပြောသည်။

“စိတ်ထဲကနေ အချက် ၂၀ ရေပြီး တီးရပါမယ် တဲ့။ ဒီတက္ကသိုလ်ကနေ ဆင်းပြီး လုပ်ငန်းခွင်ကို ရောက်သွားတဲ့အခါရော သူတို့ ဘာတွေပဲလုပ်ကြလဲ။ for show တွေပဲ (အပြကောင်းတာတွေပဲ) လုပ်ကြတယ်၊ ဥပမာ လူကြီးခရီးစဉ် ရှိရင် ဓာတ်တိုင်တွေ ထုံးသုတ်တယ်။ သစ်ပင်တွေ ထုံးသုတ်တယ်၊ ပလက်ဖောင်းတွေ ဆေးသုတ်တယ်”ဟု သူက ဆက်ပြောသည်။

စစ်အရာရှိ ပါချုပ်များ 

ဖောင်ကြီးနှင့် ဇီးပင်ကြီး တက္ကသိုလ်နှစ်ခုလုံးသည် နိုင်ငံတော်သမ္မတက ခန့်အပ်သည့် ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ ဥက္ကဋ္ဌလက်အောက်တွင် လည်ပတ်နေကြခြင်းဖြစ်သည်။ ရာထူးဝန်အဖွဲ့အောက်တွင် ဝန်ထမ်းရွေးချယ် လေ့ကျင့်ရေးဦးစီးဌာန၊ ဝန်ထမ်းရေးရာ ဦးစီးဌာနအပြင် အောက်မြန်မာပြည် (ဖောင်ကြီး) နှင့် အထက်မြန်မာပြည် (ဇီးပင်ကြီး) ဗဟိုဝန်ထမ်းလေ့ကျင့်ရေးတက္ကသိုလ်များ ရှိသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ လက်ရှိ ဥက္ကဋ္ဌဖြစ်သူ ဦးဝင်းသိမ်းမှာ ရာထူးမှ နုတ်ထွက်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးထင်ကျော်လက်ထက် ၂ဝ၁၆ ခုနှစ်တွင် ခန့်အပ်ခံခဲ့ရသူ ဖြစ်သည်။ ၎င်းသည် တပ်မတော် အငြိမ်းစားအရာရှိ တစ်ဦးဖြစ်ပြီး၊ ၎င်းလက်အောက်ရှိ ဇီးပင်ကြီးနှင့်ဖောင်ကြီး တက္ကသိုလ် ပါမောက္ခချုပ်များ မှာလည်း အငြိမ်းစား တပ်မတော် အဆင့်မြင့် အရာရှိများဖြစ်သည်။

ဇီးပင်ကြီးပါမောက္ခချုပ် ဦးညီညီစံနှင့် ဖောင်ကြီးပါမောက္ခချုပ် ဦးအောင်တင်စိုးတို့ နှစ်ဦးစလုံးက ၎င်းတို့သည် တပ်မတော် အငြိမ်းစားအရာရှိကြီးများ ဖြစ်ကြသော်လည်း လက်ရှိအစိုးရ၏ မူဝါဒများအတိုင်း သင်တန်းများကို စီမံ ခန့်ခွဲနေခြင်းဖြစ်ကြောင်း ဆိုသည်။

စစ်အုပ်ချုပ်ရေးမှ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ဦးဆောင်သော အရပ်သားအစိုးရသို့ အသွင်ကူးပြောင်းချိန်တွင် ကြီးမားသောပြောင်းလဲမှုများ ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် မရှိခဲ့သော်လည်း ၂ဝ၁၆ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီ အစိုးရ ဖွဲ့စည်းပြီးချိန်မှစ၍ ကြီးမားသော ပြောင်းလဲမှုများ ဖြစ်ပေါ်နေပြီဖြစ်ကြောင်း သူတို့နှစ်ဦးက ဆိုသည်။

သင်တန်းများကို ယခင်က စစ်ပညာ အခြေခံ သဘောတရားများဖြင့် သင်ကြားခဲ့သော်လည်း ယခု NLD အစိုးရ လက်ထက်တွင် စစ်ပညာသင်တန်းများကို ဖျက်သိမ်းခဲ့ကြောင်း၊ တူညီဝတ်စုံများကို ယခင်က ဝတ်ဆင်ရသော်လည်း ဝန်ထမ်းများကို သက်ဆိုင်ရာ ဌာနဆိုင်ရာများအလိုက် ဝတ်ဆင်ရသည့် အဝတ်အစားများကို ဝတ်ဆင်ခွင့် ပြုထားပြီဖြစ်ကြောင်း ၎င်းတို့က ရှင်းပြသည်။

တက္ကသိုလ်နှစ်ခုလုံးတွင် စီမံခန့်ခွဲမှု၊ စီးပွားရေးသိပ္ပံ၊ လူမှုရေးသိပ္ပံ၊ ဥပဒေ၊  အင်္ဂလိပ်ဘာသာ၊ နိုင်ငံရေးသိပ္ပံနှင့် စစ်ပညာသင်တန်းများနေရာတွင် အစားထိုးလိုက်သည့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ ဘာသာရပ်တို့ကို  ပို့ချနေခြင်းဖြစ်သည်။ တက္ကသိုလ်တစ်ခုအတွက် နှစ်စဉ် ဘတ်ဂျက်အသုံးစရိတ်မှာ ကျပ်သန်းပေါင်း ၃ဝဝဝ ခန့် ရှိပြီး၊ တစ်နှစ်လျှင် သင်တန်းသား ပျမ်းမျှ တစ်သောင်း လက်ခံလေ့ကျင့်ပေးနေသည်ဟု သိရှိရသည်။

သင်ကြားရေး ရည်ရွယ်ချက်များသည် ပြည်သူ့ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ ဝန်ထမ်း စည်းမျဉ်းစည်းကမ်းများကို နားလည်သိရှိ လိုက်နာနိုင်ရေးနှင့် ဝန်ထမ်းများ ရိုးသားခြင်း၊ ဖြောင့်မတ် သမာဓိရှိခြင်း၊ ဘက်မလိုက်ခြင်းစသည့် စံတန်ဖိုးများ ပိုမိုခံယူကျင့်သုံးနိုင်စေရေးဖြစ်ကြောင်း ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ အင်တာနက်စာမျက်နှာတွင် ရေးသားထားသည်။

လတ်တလော ပြောင်းလဲလာတဲ့အချိန်မှာ ဖွဲ့စည်းပုံအရတော့ အဟောင်းပဲ၊ အဟောင်းကို အသစ်အသွင် ပြောင်းတယ်။ ပြောင်းတဲ့အချိန်မှာ ပြောင်းတဲ့ဆရာ ဆရာမတွေက အသစ်ဖြစ်ချင်မှ ဖြစ်မယ်။ ပညာရေးဝန်ကြီးဌာနကို ခွင့်တောင်းတယ်။ တတ်နိုင်တဲ့သူတွေလာပါ၊ ရာထူးတိုးပေးမယ် ဆိုပြီး ခေါ်တာတွေရှိတယ်။ ဒီဘက်ခေတ်က လူတွေလည်း လဲရတာရှိတယ်ဟု ဥက္ကဋ္ဌ ဦးဝင်းသိမ်းပြီးလျှင် ရာထူးဝန်အဖွဲ့တွင် အဆင့်မြင့်ဆုံးအရာရှိဖြစ်သော အငြိမ်းစားတပ်မတော်အရာရှိ ဦးဝင်းမော်က ပြောဆိုသည်။ 

ဇီးပင်ကြီးတွင် အငြင်းပွားဖွယ် သင်ကြားပို့ချချက်များနှင့်ပတ်သက်၍ မေးမြန်းသည့်အခါ ၎င်းက ဒေါက်တာထွန်းမင်းသည် လက်ရှိဖြစ်ပေါ်နေသည့် သတင်းအကြောင်းအရာများကို သင်တန်းသားများကို သိစေလိုသောကြောင့် သတင်းဂျာနယ်များနှင့် အင်တာနက်တို့မှ အချက်အလက်များ ရယူကာ ဝေမျှခဲ့ခြင်းသာဖြစ်ကြောင်း ပြောသည်။

ပြန်ကြားရေးဝန်ကြီးရေးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းကမူ ၎င်းကိုယ်တိုင် ၁၉၈၃ ခုနှစ်တွင် ပြန်ကြားရေးဌာန သတင်းအယ်ဒီတာတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေချိန် ဖောင်ကြီးသင်တန်း တက်ခဲ့ရာတွင် အပေါင်းအသင်းများ များစွာရရှိခဲ့ခြင်း၊ ငွေစာရင်းအင်းထိန်းသိမ်းခြင်း အတတ်ပညာများ သင်ကြားခဲ့ရခြင်းတို့ကြောင့် အကျိုးကျေးဇူးများ ရရှိခဲ့သကဲ့သို့ မကောင်းသည့် အကြောင်းအရာ များစွာလည်း ကြုံခဲ့ရကြောင်း၊ “brainwash”လုပ် (ဝါဒမှိုင်းတိုက်) သည်ကိုလည်း ကြုံခဲ့ရကြောင်း ပြောပြသည်။

ဒီတက္ကသိုလ်တွေကိုတော့ မဖျက်လိုက်စေချင်ဘူး။ ဒါပေမဲ့ သင်ရိုးညွှန်းတမ်းတွေ ဘာတွေတော့ အများကြီး ပြုပြင်ပြောင်းလဲဖို့လိုမယ်ဟု ၎င်းက ဆိုသည်။

ဒေါက်တာစိုးသူရဇော်ကလည်း ဖောင်ကြီးနှင့်ဇီးပင်ကြီးကို မဖျက်သိမ်းသင့်ဘဲ ပြုပြင်ပြောင်းလဲရေး လုပ်ရမည် ဆိုသည့်အချက်ကို လက်ခံ သဘောတူသည်။

ကျွန်တော်တို့က မလိုအပ်ဘူး မဟုတ်ဘူး၊ လိုအပ်တယ်။ ခုနပြောသလိုမျိုး မူဝါဒတွေနဲ့ လွဲချော်ပြီးတော့မှ စိတ်ခံစားချက်တွေနဲ့ ထည့်သွင်း ပြောကြားတဲ့ ဆရာတွေ ရှိကောင်း ရှိမယ်။ လက်ချာတွေ ရှိကောင်းရှိမယ်။ ဒါတွေကို သေသေချာချာ စိစစ်ပြီးတော့မှ အရေးယူသင့်တယ်။ သင်ရိုးညွှန်းတမ်းတွေ၊ ပြောင်းလဲသင့်တဲ့ အရာတွေ အများကြီးရှိတယ်။ ပြောင်းလဲပြီးတဲ့အခါမှာ ဝန်ထမ်းတွေအတွက် တကယ်ကို အသုံးဝင်တဲ့ တက္ကသိုလ်တစ်ခုဖြစ်အောင် လုပ်ဖို့ ဖြစ်စေချင်တဲ့ စေတနာနဲ့ ကျွန်တော်တို့က ဝေဖန် ထောက်ပြခြင်း ဖြစ်ပါတယ်ဟု ၎င်းက ပြောဆိုသည်။

ဒေါက်တာစိုးသူရဇော်ဘက်မှ  ဆရာဝန်ပေါင်းများစွာ လက်မှတ်ထိုးထောက်ခံမှုများ မြင့်တက်လာချိန်တွင် ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာမြင့်ထွေးက ဒေါက်တာစိုးသူရဇော်သည် အလုပ်ကို ကြိုးစားပြီး ထူးချွန်ထက်မြက်သူဖြစ်ကြောင်း၊ ၎င်းကို ဌာနတွင်း စုံစမ်းမှုများ ပြုလုပ်ခဲ့သော်လည်း အရေးယူရန် အစီအစဉ် မရှိကြောင်း ဒီဇင်ဘာ ၂၄ ရက်နေ့တွင် သတင်းရှင်းလင်းပွဲလုပ်ပြီး  ပြောဆိုလိုက်သည်။

ဆွေဝင်းသည် Myanmar Now သတင်းဌာန၏ အယ်ဒီတာချုပ် ဖြစ်သည်။

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading