ရွေးကောက်ပွဲ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ မဲဆန္ဒနယ်တွင် ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ အနိုင်ရ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ နေပြည်တော် ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက မဲကွာဟချက် ၅၀၀၀ ကျော်ဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုယ်စားလှယ်ကို အနိုင်ရရှိခဲ့သည်။ 

ပြီးခဲ့သည့် ရွေးကောက်ပွဲနှစ်ကြိမ်စလုံးတွင် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းများက ပြိုင်ဘက်များကို အနိမ့်ဆုံးမဲကွာဟချက် တစ်သောင်းခွဲကျော်ဖြင့် အပြတ်အသတ်ဖြင့်အနိုင်ရလေ့ရှိသည့် ဇေယျာသီရိမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌက ဆက်လက်အောင်ပွဲခံနိုင်ခဲ့သည်။ 

မဲဆန္ဒရှင် ၈၀၀၀၀ ကျော်ရှိသည့် ဇေယျာသီရိမဲဆန္ဒနယ်တွင် NLD ပါတီကိုယ်စားပြု ဝင်ပြိုင်သည့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဟောင်း ဒေါက်တာမိုးဆွေက ၂၉၄၅၆ သာရခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက မဲပေါင်း ၃၅,၃၀၉ ရရှိခဲ့ခြင်းဖြစ်သည်ဟု ဇေယျာသီရိမြို့နယ် NLD ပါတီစာရင်းများက ဆိုသည်။

ဇေယျာသီရိမြို့နယ် မဲဆန္ဒနယ်တွင် မဲရုံ ၇၄ ရုံရှိသည့်အနက် မဲရုံ ၄၇ ရုံရေတွက်ပြီးချိန်အထိ NLD ကိုယ်စားလှယ်လောင်း ဒေါက်တာမိုးဆွေက မဲ ၁၇၉၀ ဖြင့် အသားစီးခဲ့သော်လည်း မဲရုံအားလုံးရေတွက် ပြီးချိန်တွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌက အပြီးသတ်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ 

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌက မဲကွာဟချက် ၅၀၀၀ ကျော်ဖြင့် အနိုင်ရခဲ့သော်လည်း “ရလဒ်အပေါ် မှတ်ချက်ပြုဖို့ မရှိပါဘူး။ ပြောဖို့စောပါသေးတယ်” ဟု ဇေယျာသီရိမြို့နယ်တွင် NLD ပါတီကိုယ်စားပြု ဝင်ပြိုင်ခဲ့သည့် ဒေါက်တာမိုးဆွေက ပြောသည်။ 

ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ပါတီပြောရေးဆိုခွင့်ရှိသူများထံမှမူ မှတ်ချက်တစ်စုံတစ်ရာ မသိရသေးပေ။ 

စစ်အစိုးရက ဦးဆောင်ကျင်းပခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် မြန်အောင်မြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရဖူးသော ဗိုလ်မှူးချုပ်ဟောင်း ဦးသန်းဌေးသည် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခွင့် ရရှိခဲ့သည်။ သို့သော် ၂၀၁၅ ရွေးကောက်ပွဲတွင်မူ မြန်အောင်၌ NLD အမတ်ကို ရှုံးနိမ့်ဖူးသည်။

ဦးသန်းဌေးမှာ တပ်မတော်အစိုးရလက်ထက်တွင် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်ခဲ့ဖူးပြီး ၂၀၁၀ ရွေးကောက်ပွဲအပြီး သမ္မတဦးသိန်းစိန်လက်ထက်တွင် စွမ်းအင်ဝန်ကြီးအဖြစ် ၂၀၁၁ မှ ၂၀၁၃၊ ရထား ပို့ဆောင်ရေးဝန်ကြီးအဖြစ် ၂၀၁၃ မှ ၂၀၁၅ အထိ တာဝန်ယူဖူးသည့် ဦးသန်းဌေးသည် ၂၀၁၆ တွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဖြစ်လာခဲ့သူဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်နေရာသည် နေပြည်တော်တွင် ကိုယ်စားလှယ်လောင်း အနည်းဆုံးဝင်ပြိုင်သည့် မဲဆန္ဒနယ်ဖြစ်ပြီး စုစုပေါင်း ၄ ဦးသာရှိသည်။

ဦးသန်းဌေး၊ ဒေါက်တာမိုးဆွေတို့အပြင် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီမှ ဦးမြတ်သိန်းထွန်းနှင့် အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီမှ ဦးအောင်တို့ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ဇေယျာသီရိမြို့နယ်မဲဆန္ဒနယ်တွင် မဲရုံပေါင်း ၇၄ ရုံရှိသည့် ဇေယျာသီရိမြို့နယ်အတွင်း တပ်မတော်သားသီးသန့်မဲရုံ ၆ ရုံပါဝင်သည်။

(မှတ်ချက်- ရွေးကောက်ပွဲနောက်ဆုံးရလဒ်များ မထွက်ရှိသေးပါ။ မဲရလဒ်များနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အဆုံးအဖြတ်သာ အတည်ဖြစ်သည်။ www.uec.gov.mm)

Show More

Related Articles

Back to top button