ရွေးကောက်ပွဲ

မန္တလေးနှင့် လှည်းကူးတွင် အမျိုးသားရေးစတစ်ကာကမ်ပိန်း တစ်ပြိုင်နက်ပြုလုပ် 

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နှင့် မန္တလေးမြို့တွင် အမျိုးသားရေးလှုပ်ရှားသူအချို့က ‘အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်သူကို မဲပေးကြမည်’ ဆိုသော လက်ကမ်းစာစောင်များနှင့် စတစ်ကာများ လိုက်လံဝေငှသည့် လှုပ်ရှားမှုကို ယနေ့ (နိုဝင်ဘာ ၃) နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သည်။ 

လှည်းကူးမြို့တွင် ယနေ့နံနက် ၉ နာရီခန့်က  ‘အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်သူကို မဲပေးကြမည်’ ဆိုသော လက်ကမ်းစာစောင်များနှင့် စတစ်ကာများကို ‘အမျိုးဘာသာသာသနာ စောင့်ရှောက်ပါ’ စာတမ်းပါ တီရှပ်များ ဝတ်ဆင်ထားသူ လူ ၂၅ ဦးခန့်က လိုက်လံဝေငှခဲ့ကြသည်။ 

“ကျွန်မတို့က ပါတီကို မကြည့်တော့ဘူး။ လူပုဂ္ဂိုလ်ကိုပဲ ကြည့်တယ်။ ကျွန်မတို့က ဗုဒ္ဓဘာသာဖြစ်တဲ့အတွက် အမျိုးဘာသာ၊ သာသနာကို ကာကွယ်စောင့်ရှောက်ပေးနိုင်တဲ့ ခေါင်းဆောင်ကောင်းကို ရွေးချယ် မဲပေးဖို့ဆိုပြီး ဗုဒ္ဓဘာသာတွေအနေနဲ့ ကျွန်မတို့ ဒီကမ်ပိန်းလေးလုပ်တာပါ” ဟု လှည်းကူးမြို့တွင် ပြုလုပ်ခဲ့သည့် စတစ်ကာကမ်ပိန်း ဦးဆောင်သူ ဒေါ်အေးအေးမော်က Myanmar Now ကို ပြောသည်။ 

ယင်းလှုပ်ရှားမှုသည် ဦးဝီရသူ ပြန်လည်ထွက်ပေါ်လာခြင်း၊ နိုင်ငံရေးပါတီများနှင့်ပါ မဆက်စပ်ဘဲ အမျိုးသားရေးသီးသန့်အဖြစ်သာ လုပ်ဆောင်ခြင်းဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။ 

“ကျွန်မတို့ အမျိုးသားရေး အဖွဲ့လေးတွေကနေပြီးတော့ ကိုယ့်အမျိုးသာသာသာသနာကို စောင့်ရှောက်ဖို့ လုပ်ကြမယ်ဆိုပြီး လိုင်းပေါ်မှာ ပြောကြတာပေါ့။ အဲဒီလိုပြောပြီး ကိုယ့်မြို့နယ်မှာ ဒါလေးတွေ လုပ်လိုက်ကြတာပါပဲ” ဟု ဒေါ်အေးအေးမော်က ပြောသည်။ 

မော်တော်ယာဉ်များ၊ ဆိုင်ကယ်များနှင့် ဆိုက်ကားများတွင် အမျိုးသားရေးလှုပ်ရှားမှုနှင့် ဆိုင်သော စတစ်ကာများ လိုက်လံကပ်ပေးခြင်းကို အချိန် ၁ နာရီခန့်ပြုလုပ်ခဲ့သည်ကို တွေ့ရှိရသည်ဟု လှည်းကူးမြို့ခံများက ပြောသည်။

“မနေ့က ဦးဝီရသူက အဖမ်းခံရတယ်။ အင်္ကျီတွေက တံဆိပ်ရိုက်ပြီးသား၊ စတစ်ကာတွေ ရိုက်ပြီးသား ကွက်တိလုပ်ထားတဲ့ သဘောမျိုးဖြစ်နေတယ်။ လူအများကြီးလည်း မဟုတ်ဘူး။ လေးငါးဆယ်ယောက်လောက်ပဲ ရှိတာပါ။ ဖမ်းတာ၊ ဆီးတာလည်း မတွေ့ပါဘူး” ဟု လှည်းကူးမြို့ခံ ဦးသန်းအောင်က ဆိုသည်။

အလားတူပင် မန္တလေးမြို့ ကျုံးဘေးရှိ ၂၆ လမ်းပေါ်တွင်လည်း ‘အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက် သူကို မဲပေးကြမည်’ ဆိုသော စာသားများပါဝင်ခဲ့သည့် လက်ကမ်းစာစောင်များကို ရှေ့နေဦးဇော်ဝိတ်နှင့် ဦးနိုင်ဆိုသူ အမျိုးသားနှစ်ဦးက ဦးဆောင်ကာ လူအင်အား ၅၀ ခန့်ဖြင့် လိုက်လံဝေငှခဲ့ကြသည်။ 

ထိုသို့ စတစ်ကာကမ်းပိန်းဦးဆောင်ပြုလုပ်သူနှစ်ဦးကို ချမ်းအေးသာစံမြို့နယ် အမှတ်(၅) ရဲစခန်းက ခေါ်ယူစစ်ဆေးခဲ့ပြီး နံနက် ၁၁ နာရီဝန်းကျင်ခန့်တွင် ပြန်လွှတ်ပေးခဲ့သည်ဟု အဆိုပါစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။ 

မန္တလေးမြို့တွင်လည်း အလားတူ စတစ်ကာကမ်ပိန်းပြုလုပ်ခဲ့သည်ကို မသိရှိကြောင်း လှည်းကူးမြို့တွင် ဦးဆောင်ပြုလုပ်ခဲ့သူ ဒေါ်အေးအေးမော်က ပြောသော်လည်း ထိုသို့ဝေငှခဲ့သည့် စတစ်ကာများနှင့် လိုက်လံဝေငှရာတွင် ပါဝင်သူများသည် ‘အမျိုးဘာသာသာသနာ စောင့်ရှောက်ပါ’ စာတမ်းပါ တီရှပ်ဆင်တူများ ဝတ်ဆင်ထားသည်ကို တွေ့ရှိရသည်။ 

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က) ဖြင့် တရားစွဲဆိုခံထားရပြီး တစ်နှစ်ကျော်ကြာ ထွက်ပြေးတိမ်းရှောင်နေခဲ့သည့် အမျိုးသားရေးဆရာတော် ဦးဝီရသူသည် ယမန်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ရဲတပ်ဖွဲ့မှူးရုံး၌ လာရောက်အဖမ်းခံခဲ့သည်။ 

ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းမျှသာ လိုတော့သည့်အချိန်တွင် တစ်နှစ်ကျော်ကြာ ပုန်းအောင်းနေသည့် ဦးဝီရသူ ပြန်ထွက်ပေါ်လာခြင်းဖြစ်ပြီး ယနေ့နံနက်ပိုင်းတွင် အမျိုးသားရေးလှုပ်ရှားသူများက အဆိုပါ စတစ်ကာကမ်ပိန်းများ တစ်ပြိုင်နက်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 

Show More

Related Articles

Back to top button