ရွေးကောက်ပွဲ

ဘာသာရေးအကြောင်းပြ သီချင်းဖြင့် မဲဆွယ်မှုကြောင့် ပြည်ခိုင်ဖြိုးတိုင်ကြားခံရ

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၌ ပြည်ခိုင်ဖြိုးပါတီက ဘာသာရေးနှင့်ဆိုင်သော စာသားများပါဝင်သည့် ‘ခြင်္သေ့ဟိန်းသံ’ သီချင်းဖွင့်ကာ အင်အားပြလှည့်လည်ခဲ့သည့်အတွက် ရွေးကောက်ပွဲဥပဒေများအရ အရေးယူပေးရန် မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥပဒေအထောက်အကူပြုကော်မတီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားထားသည်။ 

မင်းကင်းမြို့နယ်အတွင်း အောက်တိုဘာ ၂၂ ရက်တွင် လှည့်လည်ခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ယာဉ်တန်းတွင် လိုက်ပါလာသူများက “ဘာသာသာသနာ တည်မြဲရေး ပြည်ခိုင်ဖြိုးကို တို့မဲပေး၊ ဘာသာသာသနာ တည်မြဲဖို့ ပြည်ခိုင်ဖြိုးကို မဲပေးစို့” ဟု ကြွေးကြော်ခဲ့ကြသည်ဟု အောက်တိုဘာ ၂၅ ရက်စွဲဖြင့် NLD ၏ တိုင်ကြားစာတွင် ပါရှိသည်။ 

ထို့ပြင် “တို့လူမျိုး တို့ဘာသာကို အပျောက်မခံဘူးဟေ့၊ ပြည်ခိုင်ဖြိုးနိုင်မှဖြစ်မည် အမျိုးဖျက် တစ်စုကို တိုက်ထုတ်ရမည်၊ တို့ပြည်ထောင်စုကြံ့ခိုင်ရေးအတွက် တို့မဲပေးမည်၊ တို့သာသနာ မပျောက်ပျက်ဖို့ရည် ပြည်ခိုင်ဖြိုးကို မဲပေးကြပါမည်” စာသားများပါဝင်သော ‘ခြင်္သေ့ဟိန်းသံ’ သီချင်းဖွင့်ကာ အင်အားပြခဲ့သည်ဟု တိုင်ကြားစာက ဆိုသည်။ 

ပြည်ခိုင်ဖြိုးပါတီ၏ ထိုကဲ့သို့ ဘာသာရေးအကြောင်းပြ မဲဆွယ်စည်းရုံးမှုသည် ရွေးကောက်ပွဲဥပဒေ၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေများကို ဖောက်ဖျက်သည်ဟု NLD ပါတီ၏ မင်းကင်းမြို့နယ် ဥပဒေအထောက်အကူပြုကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းထွဋ်က ပြောသည်။ 

ဘာသာရေး လူမျိုးရေး အကြောင်းပြ မဲဆွယ်စည်းရုံးခြင်း၊ ဟောပြောခြင်းတို့ကို တားမြစ်ထားသည့် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၈ (ဂ)၊ ၆၆ (ဋ) အပြင် နိုင်ငံရေးပါတီများမှတ်ပုံ တင်ခြင်းဥပဒေ ပုဒ်မ ၁၂ (က) (၄) တို့ဖြင့် မင်းကင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံ ၎င်းက တိုင်ကြားခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။ 

ပြည်ခိုင်ဖြိုးပါတီက ထိုကဲ့သို့လှည့်လည်ခြင်းကို ၎င်းကိုယ်တိုင် ဗီဒီယိုမှတ်တမ်းတင်ထားသည့်အပြင် မျက်မြင်ကြားသိသူ၊ လူသက်သေများလည်းရှိကြောင်း ဦးကျော်မင်းထွဋ်၏ တိုင်ကြားစာတွင် ရေးသားထားသည်။

“ဥပဒေစိုးမိုးမယ်ဆို ပါတီဖျက်သိမ်းလို့ ရတယ် ဒီကိစ္စက” ဟု တိုင်ကြားသူ ဦးကျော်မင်းထွဋ်က Myanmar Now ကို ပြောသည်။

Myanmar Now က ကြည့်ရှုရသည့် အဆိုပါ မှတ်တမ်းရုပ်သံဖိုင်တွင် ပြည်ခိုင်ဖြိုးပါတီအမှတ်တံဆိပ်ပါ အင်္ကျီဝတ်ဆင်ထားသူ လူ ၃၀ ဦးခန့်သည် အောင်နိုင်ရေးလှည့်သည့် ကားပေါ်မှတစ်ဆင့် ဘာသာ၊ သာသနာ တည်မြဲရေးအတွက် ပြည်ခိုင်ဖြိုးကို မဲပေးရန် ကြွေးကြော်နေသည်ကို မြင်တွေ့ရသည်။ 

မင်းကင်းမြို့နယ် အမှတ် (၃) ရပ်ကွက်နေ ၃၈ နှစ်အရွယ် ဦးမင်းဆွေကလည်း ပြည်ခိုင်ဖြိုးပါတီက ထိုသို့ မဲဆွယ်စည်းရုံးနေသည်ကို ကိုယ်တိုင်တွေ့မြင်ခဲ့ရသည်ဟု Myanmar Now ကို ပြောသည်။ 

“ကျွန်တော်တို့က အရပ်သားတစ်ယောက်ဖြစ်တဲ့အခါကျတော့ သူတို့ အော်တဲ့ဟာကိုပဲ နားစိုက်ထောင်လိုက်တာပေါ့ဗျာ။ ဘယ်လိုအဓိပ္ပာယ်နဲ့ အော်တယ်ပြုတယ် ကျွန်တော်လည်း မသိဘူးလေ။ ဘာသာရေးကို အကြောင်းပြုပြီး မဲဆွယ်ခွင့် ရှိ၊ မရှိဘူးဆိုတာလည်း ကျွန်တော် မသိဘူး” ဟု မည်သည့်ပါတီမှ ဝင်ရောက်ထားခြင်းမရှိသူဟု ဆိုသည့် ဦးမင်းဆွေက ပြောသည်။

ပြည်ခိုင်ဖြိုးပါတီသည် အဆိုပါမဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုအတွက် တရားဝင် ခွင့်ပြုချက်တင်ခဲ့ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက အတည်ပြုသည်။

နိုင်ငံရေးပါတီများမဲဆွယ်ရာတွင် ပဋိပက္ခဖြစ်ပွားပါက သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ တိုင်းအလိုက် စေ့စပ်ညှိနှိုင်းရေးကော်မတီဖြင့် သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်က ဖြေရှင်းပေးရလေ့ရှိကြောင်း၊ အဆင့်ဆင့်တွင် စေ့စပ်ညှိနှိုင်း၍ မရပါက ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်အထိ တင်ပြရမည်ဟု ကလေးခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဝင်းဆွေက ပြောသည်။

အဆိုပါ ‘ခြင်္သေ့ဟိန်းသံ’ သီချင်းကို ညီရဲထိုက်အမည်ရှိသူက ကိုယ်တိုင်ရေးသားသီဆိုထားသည်ဟု ဖော်ပြထားသည်။

သီချင်းဗီဒီယိုကို Facebook ၏ အပြာရောင်အမှတ်ခြစ် (Blue Mark) ရရှိထားသော ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးပါတီစာမျက်နှာ “Union Solidarity and Development Party – Yangon Region” ၊ “USDP Women Committee” တို့အပြင် မြို့နယ်အလိုက် ပါတီလူမှုကွန်ရက်စာမျက်နှာ ၁၀ ခုထက်မနည်းနှင့် ကိုယ်စားလှယ်လောင်းအချို့၏ စာမျက်နှာများတွင်လည်း တင်ထားကြသည်ကို တွေ့ရသည်။

ယင်းသီချင်းနှင့်ပတ်သက်ပြီး ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါ်နန်းမြမြမီမီဇော်ကို Myanmar Now က ဆက်သွယ်မေးမြန်းကြည့်ရာ မသိရှိကြောင်းသာ ပြောသည်။

အဆိုပါ သီချင်းကိစ္စနှင့် ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီ၏ မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းလည်းဖြစ် လက်ရှိ လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သူ ဦးမောင်မြင့်ကို Myanmar Now က အောက်တိုဘာ ၂၇ တွင် ဆက်သွယ်မေးမြန်းခဲ့ရာ “ကျွန်တော်က သီချင်းတွေ စိတ်မဝင်စားဘူး” ဟုသာ ပြောပြီး လှည့်လည်မှုတွင် ၎င်းပါမပါကို မဖြေကြားခဲ့ပါ။ 

ဦးမောင်မြင့်သည် NLD တွင် ဘာသာခြား ၄၂ ဦး ပါဝင်ကြောင်း မမှန်ကန်သည့် သတင်းတုဖြင့် ဘာသာရေးအကြောင်းပြကာ ၎င်းတို့ပါတီကို မဲပေးရန် မင်းကင်းမြို့နယ်ရှိ ရွာအချို့တွင် ဟောပြောစည်းရုံးသဖြင့် ကော်မရှင်ထံ တိုင်ကြားခံရသူလည်း ဖြစ်သည်။ 

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ်၌လည်း အောက်တိုဘာ ၂၅ တွင် NLD ပါတီ၏ “ဒေါက်ဖိနပ်လျှောက်သံ” သီချင်းကို ပြည်ခိုင်ဖြိုးပါတီဝန်းရံသူများက လူမျိုးရေး၊ ဘာသာရေး၊ ပုဂ္ဂိုလ်ရေး ပုတ်ခတ်သည့် စကားလုံးများဖြင့် အစားထိုး ပုံဖျက်ထားပြီး မဲဆွယ်ရာတွင် အသုံးပြုခဲ့သည်ဆိုကာ နွားထိုးကြီးမြို့နယ် NLD အောင်နိုင်ရေးဥက္ကဋ္ဌက တရားရုံးသို့ တိုင်ကြားခဲ့သည်။ 

ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၈ (ဂ) တွင် လူမျိုးရေးကိုဖြစ်စေ၊ ဘာသာရေးကိုဖြစ်စေ အကြောင်းပြ၍ ဆန္ဒမဲပေးရန် သို့မဟုတ် မပေးရန် ပြောဆို၊ ဟောပြော၊ ကြေညာထုတ်ပြန်ခြင်းတို့ကို တားမြစ်ထားပြီး ဖောက်ဖျက်ပါက ထောင်ဒဏ်တစ်နှစ်အထိ ချမှတ်နိုင်သည်။ 

ပုဒ်မ ၆၆ (ဋ) မှာ ကိုယ်စားလှယ်လောင်းတစ်ဦး ရွေးကောက်တင်မြှောက်ခံရရေးအတွက် ဘာသာရေးအထိမ်းအမှတ်များကို ရွေးကောက်ပွဲတွင် အသုံးပြုခြင်း သို့မဟုတ် လူမျိုးဘာသာကို အကြောင်းပြု မဲပေးရန်ဖြစ်စေ မဲမပေးရန်ဖြစ်စေ စီစဉ်လှုံ့ဆော်ခြင်းဖြစ်ပြီး တရားမဲ့ပြုကျင့်မှုအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားသည်။ 

ကိုယ်စားလှယ်လောင်းတစ်ဦးသည် ထိုသို့ပြုကျင့်ခဲ့ပြီး ရွေးကောက်ပွဲတွင် အနိုင်ရသည့်တိုင်အောင် ကန့်ကွက်သူရှိလျှင် ရွေးကောက်ခံကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းခံရနိုင်ကြောင်းလည်း ကော်မရှင်က သတိပေးထားသည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၁၂ (က) (၄) အရလည်း ဘာသာရေး လူမျိုးရေး အပါအဝင် ပဋိပက္ခဖြစ်ပေါ်စေနိုင်သည့် ရေးသား ဟောပြော လှုံ့ဆော်မှုနှင့် ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားပြုမှု မလုပ်ရန် ပါတီများက ဝန်ခံကတိရေးထိုးထားရပြီး ဖောက်ဖျက်ပါက ပါတီဖျက်သိမ်းသည်အထိ ကော်မရှင်က အရေးယူနိုင်သည်။​

Show More

Related Articles

Back to top button