ရွေးကောက်ပွဲ

NLD သာသနာဖျက်၊ ဒေါ်အောင်ဆန်းစုကြည် အင်္ဂလိပ်ကျွန်ဆိုကာ ပြည်ခိုင်ဖြိုးမဲဆွယ် 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ မဲဆွယ်ပွဲတစ်ခုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို ‘အင်္ဂလိပ်၏ ကျွန်မယား’၊ NLD ပါတီသည်လည်း ‘သာသနာဖျက်ပါတီ’ ဟု ဆိုသော လူမျိုးရေး၊ ဘာသာရေး၊ ပုဂ္ဂိုလ်ရေး ပုတ်ခတ်သည့် စကားလုံးများပါသည့် သီချင်းဖွင့်ကာ မဲဆွယ်သည့်အတွက် NLD ပါတီဝင်များက တရားစွဲဆိုထားကြောင်း သိရှိရသည်။ 

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် အောက်တိုဘာ ၂၅ ရက်တွင် ပြည်ခိုင်ဖြိုးပါတီဝန်းရံသူများက လူစုလူဝေးဖြင့် လှည့်လည်ရာတွင် NLD ပါတီ၏ အောင်နိုင်ရေးသီချင်းတစ်ပုဒ်ဖြစ်သည့် ‘ဒေါက်ဖိနပ်လျှောက်သံ’ သီချင်းမှ စာသားများနေရာတွင် အထက်ပါစာသားများဖြင့် အစားထိုးသီဆိုထားသည့် သီချင်းကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ 

ပြည်ခိုင်ဖြိုးပါတီဝန်းရံသူများ အသုံးပြုခဲ့သည့် ပုံဖျက်သီချင်း၏ ပင်မအကြောင်းအရာများမှာ စစ်အစိုးရလက်ထက် လူထုကို ဝါဒဖြန့်သည့် သတင်းဆောင်းပါးများတွင် ပါဝင်လေ့ရှိသည့် စာသားများအတိုင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ခင်ပွန်းဖြစ်သူ ဗြိတိန်နိုင်ငံသား မိုက်ကယ်အဲရစ်ကို အကြောင်းပြုလျက် သူမကို အင်္ဂလိပ်မယားဟု အကြိမ်ကြိမ်ပုတ်ခတ်ခဲ့ကြသည့်နည်းတူ  ၂၀၁၀ နိုင်ငံရေးအကူးအပြောင်းကာလတွင်လည်း ဒေါ်အောင်ဆန်းစုကြည်သည် မွတ်စလင်များအကျိုးအတွက် လုပ်ဆောင်နေသည်ဟု အမျိုးသားရေးတက်ကြွလှုပ်ရှားသူများက မဟုတ်မမှန် ဝါဒဖြန့်ခဲ့ကြသည်။ 

ပြည်ခိုင်ဖြိုးပါတီဝန်းရံသူများ အသုံးပြုခဲ့သည့် ထိုသီချင်းပါ စာသားများမှ “ထောင်ထွက်ပါတီ NLD၊ အစဉ်အလာအဆက်ဆက် သာသနာဖျက်ခဲ့ မွတ်ဒေါင်းတို့ပါတီ၊ နိုင်ငံ့အလယ်မှာ သာသနာကိုဖျက် ဒို့ဘဝတွေ ပြောင်းလဲဖို့အတွက် NLDကို မောင်းထုတ်စို့၊ မောင်းထုတ်စို့၊ တိုက်ထုတ်ကြပါစို့” ဖြစ်သည်။ 

ထို့ပြင် “ဒို့မျိုးဆက်ရဲ့ အနာဂတ်တွေ အရွယ်မတိုင်ခင်မှာ တသီတတန်း ဖာတန်းရောက်မယ့် မေတ္တာတရား ဒီဟာမကြီးရဲ့လုပ်ပုံများ၊ ဘင်္ဂလီဆို ဘုရားလိုကူ နိုင်ငံခေါ်သွင်းထား အဲဒါမျိုးယုတ်တဲ့လုပ်ရပ်တွေ ရပ်တန်းကရပ်ပါလေ၊ အမျိုးယုတ်တွေ မင်းတို့အလှည့်တွေလာမယ်လေ မင်းတို့အမေ အင်္ဂလိပ်ရဲ့ကျွန်မယား၊ ဟောဒီမြေ ဒေါင်းတို့ငိုသံ တုန်ဟီစေ ပြေးဖို့အသင့်ပြင်ထား” ဟူသော စာသားများလည်း ထည့်သွင်းထားသည်။

ထို ပုံဖျက်ထားသည့် သီချင်းဖွင့်ကာ ပြည်ခိုင်ဖြိုးပါတီဝန်းရံသူများ၏ စီတန်းလှည့်လည်သော ဗီဒီယိုဖိုင်များကိုလည်း Myanmar Nowက ရရှိထားသည်။

NLD ပါတီ၏ ‘ဒေါက်ဖိနပ်လျှောက်သံ’ သီချင်းပါ စာသားများနှင့် ပြည်ခိုင်ဖြိုးပါတီဝန်းရံသူများ အသုံးပြုခဲ့သည့် ပုံဖျက်သီချင်းပါ စာသားများနှိုင်းယှဉ်ချက်။ 

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ နွားထိုးကြီးမြို့နယ် NLD အောင်နိုင်ရေးဥက္ကဋ္ဌ ဦးမောင်သုက ပြည်ခိုင်ဖြိုးယာဉ်တန်းပါ USDPပါတီဝန်းရံသူများနှင့် အသံချဲ့စက်ပိုင်ရှင်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားရုံးသို့ ယနေ့တွင် ဦးတိုက်လျှောက်ထားခဲ့ပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးရန် တရားရုံးက ညွှန်ကြားလိုက်သည်ဟု သိရသည်။ 

နွားထိုးကြီးမြို့နယ်တရားရုံးသို့ အောက်တိုဘာ ၂၆ ရက်စွဲဖြင့် ဦးမောင်သုက ဦးတိုက်လျှောက်ထားသည့် စာတွင် နွားထိုးကြီးမြို့နယ်၊ ဝက်လူးကျေးရွာ၊ ပဲချက်ကျေးရွာလမ်းတစ်လျှောက် လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံတော်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား အကြည်ညိုပျက်စေသည့် စာသားများပါသော သီချင်းဖြင့် NLD ကို မဲမပေးရန် ပြည်ခိုင်ဖြိုးက လှုံ့ဆော်၊ လှည့်လည်၊ စည်းရုံးခဲ့ကြောင်း ပါဝင်သည်။

“ပြည်ခိုင်ဖြိုး အောင်နိုင်ရေးလှည့်တဲ့အချိန်မှာ ကျွန်တော်တို့ ဒေါက်ဖိနပ်သီချင်းကို ဖျက်ဆိုထားတယ်လေ။ ဘာသာရေး၊ လူမျိုးရေးလှုံ့ဆော်တယ်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို စော်ကားထားတဲ့ စာသားတွေပါလို့” ဟု တရားရုံးသို့ ဦးတိုက်လျှောက်ထားရခြင်းနှင့် ပတ်သက်၍ ဦးမောင်သုက ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဝက်လူးနယ်မြေ ရဲစခန်းမှူး ဦးမြင့်လှိုင်ဦးကို မေးမြန်းရာ အသေးစိတ်ကို မပြောနိုင်သေးဟုဆိုသော်လည်း နွားထိုးကြီးမြို့နယ်တရားရုံးတွင် ဦးတိုက်လျှောက်ထားနိုင်ရန် ရဲလုပ်ငန်းစဉ်များ ဆောင်ရွက်ပေးထားကြောင်းကိုမူ အတည်ပြုသည်။

“တရားရုံးကလက်ခံတယ်၊ ကျန်တာတော့ ထူးခြားမှု မရှိသေးပါဘူး။ အကျယ်တဝင့်ပြောလို့ မရသေးပါဘူးခင်ဗျ”ဟု ၎င်းကဆိုသည်။ 

ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအပေါ် စစ်ဆေးမှုတစ်စုံတစ်ရာ ရှိမရှိ မသိရသေးသကဲ့သို့ နွားထိုးကြီးမြို့နယ်တရားရုံးက မည်သည့်ပုဒ်မဖြင့် အရေးယူမည်ကိုလည်း မသိရသေးပေ။ 

တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကမူ ထိုဖြစ်စဉ်အပေါ် နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် လက်ခံကြားနာခြင်းရှိမရှိမှာ တရားသူကြီးပေါ်တွင်သာ မူတည်သည်ဟု သုံးသပ်သည်။

“(အကြည်ညိုပျက်စေမှု) ၅၀၅(ခ)ဆိုရင် ပြဋ္ဌာန်းချက်က ဖော်ပြချက်ကိုဖြစ်စေ၊ ကောလာဟလကိုဖြစ်စေဆိုတော့ သီချင်းက ဖော်ပြချက်ထဲ ပါပြီပေါ့ဗျာ။ အဲဒါဟုတ်ပြီ။ အဲဒီလိုသီချင်းကို လုပ်တာဟာ နိုင်ငံတော်အစိုးရကိုဖြစ်စေ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုကိုဖြစ်စေ ထိခိုက်အောင် တစ်ဦးတစ်ယောက်က ကျူးလွန်ချင်လာအောင် အများကိုဖြစ်စေ တစ်ယောက်ယောက်ကိုဖြစ်စေ ကြောက်ခြင်းထိတ်လန့်ခြင်းတစ်ခုခုဖြစ်စေဖို့ အကြံရှိရင်၊ အကြောင်းရှိရင် ဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုရင် သာမန်အားဖြင့် အဲဒီပြဋ္ဌာန်းချက်နဲ့ ဝင်သလား စဉ်းစားမှာပေါ့”ဟု ၎င်းက ပြောသည်။

NLD ပါတီ၏ ‘ဒေါက်ဖိနပ်လျှောက်သံ’ မူရင်းသီချင်းကို  ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများဖြစ်ကြသည့် ဗိုလ်သူရိန် (ကော့မှူး)က ရေးသားကာ မိမိလေးက သီဆိုထားပြီး အဆိုပါသီချင်းကို NLD ပါတီ၏ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် သုံးစွဲရန် တရားဝင်လှူဒါန်းထားခြင်းဖြစ်သည်။

မူရင်းသီချင်းတွင် NLDကို ရာဇဝင်မရိုင်းသည့် ပြည်သူတို့၏ ပါတီအဖြစ် ရည်ညွှန်းစပ်ဆိုထားပြီး ဒေါ်အောင်ဆန်းစုကြည်၏ မေတ္တာတရားကို အမွှမ်းတင်ကာ အနာဂတ်အတွက် NLD ကို မဲပေးရန် တိုက်တွန်းထားခြင်းဖြစ်ပြီး ထိုသို့ပုံဖျက်လှုံ့ဆော်ခံရမှုအပေါ် လွန်စွာ စိတ်ထိခိုက်ရကြောင်း မူရင်းသီချင်းဖန်တီးသူ ဗိုလ်သူရိန်(ကော့မှူး)က Myanmar Now ကို ပြောသည်။

“အသားတွေတောင် တဆတ်ဆတ်တုန်တယ်။ လုံးဝမကြိုက်ဘူး။ (ပုံဖျက်ခံရသည့်) ဒီသီချင်းကို အစအဆုံးတောင် နားမထောင်နိုင်ဘူးဗျ” ဟု ၎င်းကပြောပြီး ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်သည်ဟု ထင်မြင်ကြောင်းလည်း ဆိုသည်။ 

ဒေါက်ဖိနပ်လျှောက်သံသီချင်းကို ဖြန့်ချိခြင်း၊ NLD ထံ လှူဒါန်းခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သူ ဂျပန်နိုင်ငံတွင် နေထိုင်သူ ကိုမျိုးကြီးကလည်း ထိုသို့သော လုပ်ရပ်အပေါ် ပြည်ခိုင်ဖြိုးက တာဝန်ယူ၊ တာဝန်ခံရန် လိုအပ်ကြောင်း ပြောသည်။

“ကျွန်တော်က ဒေါသအရမ်းကြီးတဲ့လူတစ်ယောက် ပေါက်ကွဲချင်တယ်။ ဒါပေမယ့် ကျွန်တော်တို့ ပေါက်ကွဲလို့မရဘူး။ ကျွန်တော်တို့အောင်မြင်မှုကို အဆုံးရှုံးမခံနိုင်ဘူး။ ဒါကြောင့် ပြည်သူအားလုံးအနေနဲ့ ဒီအချိန်မှာ အရမ်းအရေးကြီးတယ်။ ၁၃ ရက် (ရွေးကောက်ပွဲနေ့ရောက်ရန်) ကျန်တယ်။ ကျွန်တော်တို့သည်းခံကြမယ်”ဟု ကိုမျိုးကြီးက ပြောသည်။

အဆိုပါကိစ္စများနှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီ၏ ပြောရေးဆိုခွင့်ရှိသူများထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း တစ်စုံတစ်ရာ တုံ့ပြန်ပြောကြားခြင်း မရှိပေ။ 

ထို့အတူ အဆိုပါမဲဆွယ်စည်းရုံးလှည့်လည်ရာတွင် ပြည်ခိုင်ဖြိုးပါတီ၏ နွားထိုးကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဗိုလ်မှူးကြီးဟောင်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးဉာဏ်ထွန်းအောင်ပါဝင်သည်ဟု ဒေသခံအချို့ကဆိုသော်လည်း သီးခြားအတည်မပြုနိုင်သေးပါ။

နွားထိုးကြီးမြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမြမောင်က ၎င်းတာဝန်ရှိရာ နယ်မြေအတွင်းပေါ်ပေါက်ခဲ့သည့် အထက်ပါဖြစ်စဉ်တွင် ကိုယ်စားလှယ်လောင်းနှင့် ကိုယ်စားလှယ်လောင်း၏ ကိုယ်စားလှယ်က ကျူးလွန်ခဲ့ခြင်းမဟုတ်၍ အရေးယူ၍မရဟု ပြောသည်။

“ဝန်းရံသူဆိုတာက ပါတီဝင်မဟုတ်တဲ့အတွက် ပါတီကို ဝန်းရံထောက်ခံတာပဲ ရှိတယ်လေ။ အဲဒါမျိုးကျတော့ ဥပဒေမှာ အရေးယူဖို့ ပြဋ္ဌာန်းထားတာ မရှိဘူးဗျ”ဟု ၎င်းက ဆိုသည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေအရ လူမျိုး၊ ဘာသာ သို့မဟုတ် လူတစ်ဦးချင်းနှင့် လူအများပဋိပက္ခဖြစ်စေနိုင်သည့်၊ သိက္ခာနှင့် ကိုယ်ကျင့်တရားထိခိုက်စေနိုင်သည့် ရေးသား၊ ဟောပြော၊ စည်းရုံးလှုံ့ဆော်မှုမပြုရန်၊ ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားမပြုရန်၊ ပြုလုပ်ပါက ပါတီ၊ ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိဟု တင်းကျပ်စွာ ပြဋ္ဌာန်းထားသည်။ 

Show More

Related Articles

Back to top button