သတင်း

ရခိုင်ပြည်နယ်အစိုးရကို ဝေဖန်ရေးသားသူတစ်ဦး ၆၆ (ဃ) ဖြင့် အမှုဖွင့်ခံရ

ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါအပါအဝင် ပြည်နယ်အစိုးရ၏ လုပ်ဆောင်ချက်များအကြောင်း လူမှုကွန်ရက်ပေါ်တွင် ဝေဖန်ရေးသားသည်ဟုဆိုကာ စစ်တွေမြို့ခံတစ်ဦးကို ဆက်သွယ်ရေးဥပဒေပါ ပုဒ်မ ၆၆ (ဃ) ဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးက အမှုဖွင့်ထားသည်။ 

အမှုဖွင့်ခံရသူမှာ စစ်တွေဒေသခံ ဦးစိုးနိုင်ဖြစ်ပြီး ဩဂုတ် ၂၂ တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ဦးက မြို့မရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။ 

အမှုဖွင့်ခံရသည့်နေ့ ညနေပိုင်းတွင် ရဲတပ်ဖွဲ့ဝင်များ လာရောက်ရှာဖွေခဲ့သော်လည်း ၎င်းမှာ ခရီးလွန်နေသဖြင့် အခြားသူနှစ်ဦးက မြို့မရဲစခန်းတွင် ငွေကျပ်သိန်း ၃၀ ဖြင့် ယနေ့ (ဩဂုတ် ၂၅) တွင် အာမခံပေးခဲ့သည်ဟု ဦးစိုးနိုင်က ပြောသည်။ 

“ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ဂုဏ်သိက္ခာကျဆင်းစေတဲ့ရည်ရွယ်ချက်နဲ့ လူမှုကွန်ရက်စာမျက်နှာမှာ မဟုတ်မမှန်သတင်းတွေ ဖော်ပြမှုအရ အရေးယူပေးပါရန်တဲ့။ ဦးအောင်ဇော်ဦး မြို့နယ်အုပ်ချုပ်ရေးမှူးက တရားလိုလုပ်ပြီးတိုင်တာ “ဟု ၎င်းက ဆိုသည်။

၂၀၁၉ နှင့် ၂၀၂၀ အတွင်းက Facebook ပေါ်တွင် ရေးသားထားသော ပို့စ်လေးခုနှင့် ပတ်သက်၍ အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း ဦးစိုးနိုင်က ပြောသည်။ 

၂၀၁၉ ခုနှစ် မတ်လအတွင်း တင်ခဲ့သည့် Facebook ပို့စ်များတွင် ‘ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ဖို့ ဆပ်ပြာတစ်တောင့်စီ ထောက်ပံ့သော အစိုးရမင်းတို့၏ ကျေးဇူးကို ဂုဏ်ပြုပေးကြပါ စစ်ဘေးရှောင်တို့’၊ ‘ရခိုင်ပြည်နယ်နှင့် ပတ်သက်ပြီး တာဝန်ရှိတယ်၊ တာဝန်ခံတယ်လို့ တာဝန်ယူတယ်ဆိုတဲ့ ဦးညီပုအစိုးရ ဖြေရှင်းဖို့၊ နုတ်ထွက်ဖို့ အစီအစဉ်ရှိမရှိ’ ဟု ရေးသားထားသည်။ 

၂၀၂၀ ဇွန်လအတွင်း တင်ခဲ့သည့် ပို့စ်များတွင်လည်း ‘စစ်တွေမြို့ကို ကိုဗစ်ဝင်တော့မှပဲ လိုချင်တာတွေ အထမြောက်ကြတော့မှာ’ ဟု ရေးသားထားပြီး ဩဂုတ် ၂၂ က တင်ခဲ့သည့် ပို့စ်တွင်လည်း ‘ကိုရိုနာဗိုင်းရပ်စ်နှင့်ကြုံနေရသော ရခိုင်ကို ကုန်စည်စီးဆင်းမှုလမ်းကြောင်းကို ဖြတ်တောက်နေပြီလော’ ဟု ရေးသားခဲ့သည်ဟု ဆိုသည်။ 

“ပထမ ၂၀၁၉ ကဟာတွေက တစ်နှစ်ကျော်ကြာပြီ။ ဆိုတော့ ရေးရတဲ့အကြောင်းရင်းတစ်ခုရှိရမယ်။ ကျွန်တော်တော့ ပြောတယ်။ အကောင့်လည်း မှန်တယ်။ ရေးတာလည်း မှန်တယ်လို့။ ကျွန်တော်တို့က တရားလက်လွတ်တော့ မရေးဘူး။ အကြောင်းရင်းတစ်ခုရှိရမယ်။ အဲဒီအ​ကြောင်းရှာရမယ်” ဟု ဦးစိုးနိုင်က ပြောသည်။

ယခုကဲ့သို့ အမှုဖွင့်ခြင်းကို ရှုတ်ချပြီး လက်ရှိအချိန်တွင် ကိုဗစ်နိုင်တင်းကာကွယ်ထိန်းချုပ်ရေးကိုသာ အာရုံစိုက်သင့်သည်ဟုလည်း ၎င်းက ပြောသည်။

Show More

Related Articles

Back to top button