ဆောင်းပါးရုပ်ရှင်

ပိတ်ကားပေါ်ရောက်ဖို့ ခက်နေတဲ့ တိုင်းရင်းသားရုပ်ရှင်များ

ရန်ကုန်–  ကချင်စကားပြောရုပ်ရှင်ဇာတ်လမ်း ‘မနောမြေမှကျောက်စိမ်းကမ္ဘာ’ ဟာ ပြိုင်ဘက် ၃ဝ ကျော်လောက်ကို ကျော်ဖြတ်ပြီး ၂ဝ၁၆ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ အထူးဆုရခဲ့ပါတယ်။

ကချင်ပြည်နယ်ဖားကန့်က ကျောက်စိမ်းအလုပ်သမားတွေဘဝကို ရိုက်ကူးထားတဲ့ ကချင်စကားပြော ဗမာစာတန်းထိုး ဒီဇာတ်ကားရဲ့ ဒါရိုက်တာကတော့ သူ့အောင်မြင်မှုအတွက် အပြည့်အဝ မပျော်နိုင်ပါဘူး။

ထူးချွန်ဆုသာရခဲ့ပေမဲ့ သူ့ရုပ်ရှင်ကို မြို့ကြီးတွေက ရုပ်ရှင်ရုံတွေမှာ အခုအချိန်အထိ ပြသခွင့်မရသေးဘူးလို့ ဒါရိုက်တာ JZ ဒေါင်လွဏ်းက ပြောပါတယ်။

“(ကျွန်တော်က) တိုင်းရင်းသားဖြစ်နေလို့လား။ (ရုပ်ရှင်က) မကောင်းလို့ဆိုလည်း ဘာလို့ အကယ်ဒမီပေးနေသေးလဲ” လို့ အကယ်ဒမီရပြီး တစ်နှစ်ကျော်ကြာတဲ့အထိ ရုံတင်ခွင့်မရခဲ့တဲ့ သူ့ဇာတ်လမ်းအတွက် မ‌ကျေမနပ်ဖြစ်နေတဲ့ JZ ဒေါင်လွဏ်းက ပြောပါတယ်။

JZ ဒေါင်လွဏ်းရဲ့ ကချင်စကားပြောရုပ်ရှင်လိုပဲ မြန်မာပြည်က ဗမာမဟုတ်တဲ့ အခြားမျိုးနွယ်စုတွေရဲ့ ဘာသာစကားနဲ့ ရိုက်ကူးထားတဲ့ရုပ်ရှင်တွေဟာ မြို့ကြီးပြကြီးတွေဆီက ရုပ်ရှင်ရုံတွေမှာ ပြသခွင့်မရကြပါဘူး။

မြန်မာနိုင်ငံမြောက်ပိုင်းက ရဝမ်မျိုးနွယ်စုစကားပြောရုပ်ရှင် ‘ဂီလာ’ ကိုလည်း မြို့ကြီးတွေက ရုပ်ရှင်ရုံတွေက ပြသဖို့ ငြင်းဆန်ကြတယ်လို့ အဲဒီ ဇာတ်ကားရဲ့ ဒါရိုက်တာ ဒီထဲဒီက ဆိုပါတယ်။

ဗမာလို ‘သူရဲကောင်း’ လို့ အနက်ရှိတဲ့ ‘ဂီလာ’ရုပ်ရှင်ဟာ မြစ်ကြီးနား၊ ဗန်းမော်နဲ့ လားရှိုးမြို့တို့မှာ ရုံပြည့်အားပေးခံခဲ့ရပြီး မြန်မာပြည်မြောက်ပိုင်းရုပ်ရှင်ရုံတွေအတွက် ဝင်ငွေကောင်းတဲ့ ဇာတ်လမ်းဖြစ်ခဲ့ပါတယ်။

ကျပ်သိန်း ၄ဝဝ လောက် အကုန်အကျခံရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ ကချင်နဲ့ ရှမ်းမြောက်ဒေသတွင်း ရုပ်ရှင်ရုံတွေမှာ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလက တစ်ပတ်ကြာ ရုံတင်ခဲ့ရာမှာ ကျပ်သိန်း ၇ဝ လောက် ဝင်ငွေပြန်ရခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက Facebook မှာ ဖြန့်ခဲ့တဲ့ ‘ဂီလာ’ ရဲ့ ဇာတ်လမ်းအမြည်းကို ကြည့်ရှုသူ ၅ သိန်းနီးပါး ရှိခဲ့ပေမဲ့ ဇာတ်လမ်းတစ်ခုလုံးဟာ ရုပ်ရှင်ပိတ်ကားတွေဆီတော့ မရောက်လာနိုင်ခဲ့ပါဘူး။

“ရုံပိုင်ရှင်တွေကတော့ သိတဲ့အတိုင်းပဲ ခုလက်ရှိ မြန်မာနာမည်ကြီး မင်းသားမင်းသမီးတွေ မပါဘူးဆိုတော့ သူတို့ (ရုပ်ရှင်ရုံတွေ)က ရုံမတင်ရဲကြဘူးပေါ့” လို့ ရဝမ် မျက်နှာသစ်သရုပ်ဆောင်တွေပါဝင်တဲ့ ‘ဂီလာ’ ကို ဖန်တီးသူက ဆိုပါတယ်။

မကြာသေးမီကလည်း မျက်နှာသစ်သရုပ်ဆောင် ဇာဏ်ခီနဲ့ ရိုက်ကူးထားတဲ့ ‘ဥပါယ်တံမျဉ်’ဇာတ်ကား အောင်မြင်ခဲ့ပေမယ့် အစပိုင်းမှာ ရုံတင်ပြသဖို့ အခက်အခဲတွေ တွေ့ခဲ့ရပါသေးတယ်။ ဒါရိုက်တာ ဒီထဲဒီကတော့ အခက်အခဲချင်း တူရင်တောင် မြန်မာမျက်နှာသစ်ပါတဲ့ဇာတ်ကားက တိုင်းရင်းသားမျက်နှာသစ်ပါတဲ့ ကားထက် ရုံတွေ လက်ခံဖို့ရော ပရိသတ်လက်ခံဖို့ပါ လွယ်တယ်လို့ ဆိုပါတယ်။

“(ဥပါယ်တံမျဉ်မှာ) လူတွေကို ဆွဲဆောင်မှုဖြစ်စေတဲ့အရာက ထိုင်းမင်းသမီးပါတယ်။ အကယ်ဒမီမင်းဦးပါမယ်။ လက်ရှိအကယ်ဒမီရထားတဲ့ သက်မွန်မြင့်ပါမယ်။ ကျွန်တော်တို့ ဇာတ်ကားအနေအထားက အားလုံး သုညမှာပဲ ရှိသေးတယ်။ ဒါရိုက်တာလည်းအသစ်၊ သရုပ်ဆောင်တွေလည်း လုံးဝ ပထမဆုံးတွေပဲ။ ပြီးတော့ သူတို့က မြန်မာကားအနေနဲ့တက်တာ၊ ကျွန်တော်တို့ကျတော့ လုံးဝ တိုင်းရင်းသားရိုးရာဇာတ်ကားအဖြစ် တက်တယ်။ သူတို့ရဲ့ စိတ်ဝင်စားမှု အများကြီးကွာခြားသွားတယ်။ နောက်တစ်ခုက ကျွန်တော်တို့ မမြင်နိုင်၊ မတွေ့နိုင်၊ မတွေးခေါ်နိုင်တဲ့ အရာတွေ သူတို့မှာ ရှိမှာပေါ့လေ”လို့ ဒီထဲဒီက ဆိုပါတယ်။

တိုင်းရင်းသားရုပ်ရှင်တွေကို ဘာကြောင့် ပိတ်ကားပေါ်မှာတွေ့ရတာ နည်းနေတာလဲ ဆိုတာကို Myanmar Now က ရန်ကုန်က ရုပ်ရှင်ရုံတွေအများစုကို ထိန်းချုပ်ထားတဲ့ မင်္ဂလာအုပ်စုကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ ဖုန်းဖြေဆိုတဲ့အမျိုးသားက မှတ်ချက်ပေးဖို့ ငြင်းဆန်ပါတယ်။

တိုင်းရင်းသားဘာသာစကားပြော ရုပ်ရှင်တွေ ရန်ကုန်မှာ မပြနိုင်ရတဲ့ အဓိကအကြောင်းရင်းက ရုပ်ရှင်ရုံတွေ လုံလုံလောက်လောက် မရှိတာကြောင့် ဖြစ်တယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက တွဲဖက်အတွင်းရေးမှူး (၂) ဦးဇော်မင်း (ဟန်သာမြေ) က ဆိုပါတယ်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့စာရင်းတွေအရ ယခုနှစ်အတွင်း ရုံတင်ပြသဖို့ တန်းစီထားတဲ့ ရုပ်ရှင် ၂၅ဝ လောက်ရှိပြီး ဒီအထဲက ၅ကား လောက်က တိုင်းရင်းသားမျိုးနွယ်စု ဘာသာစကားပြော ရုပ်ရှင်တွေ ဖြစ်ပါတယ်။

တန်းစီထားတဲ့ ဇာတ်ကားတွေဟာ မြန်မာတစ်နိုင်ငံလုံးက ရုပ်ရှင်ရုံပေါင်း ၁ဝ၃ ရုံမှာ ပြသဖို့ စောင့်ဆိုင်းနေရတာ ဖြစ်ပါတယ်။

ရုပ်ရှင်ရိုက်ကူးမှုဟာ ဖလင်စနစ်ကနေ ဒီဂျစ်တယ်စနစ်ကို ၂ဝ၁၃ လောက်မှာ ပြောင်းခဲ့ပြီးနောက်ပိုင်း ရုပ်ရှင်ဇာတ်ကားတွေ ဖောဖောသီသီ ထွက်ခဲ့တာကြောင့် တိုင်းရင်းသားရုပ်ရှင်တွေချည်း မဟုတ်ဘဲ ရုပ်ရှင်အားလုံးဟာ ပြသခွင့်ခက်ခဲနေတယ်လို့ ရုပ်ရှင်အစည်းအရုံးရဲ့ တွဲဖက်အတွင်းရေးမှူးက ဆိုပါတယ်။

ဒါပေမဲ့ ‘မနောမြေမှကျောက်စိမ်းကမ္ဘာ‘ ဖန်တီးသူ JZ ဒေါင်လွဏ်းကတော့ တိုင်းရင်းသားဘာသာစကားပြော ဇာတ်လမ်းတွေ ပြခွင့်မရတာဟာ ရုပ်ရှင်ရုံမလုံလောက်တာ တစ်ခုတည်းကြောင့်မဟုတ်ဘဲ မြန်မာ့ရုပ်ရှင်လောကရဲ့ သီးခြား အသိုင်းအဝိုင်းတစ်ခုအဖြစ် ရပ်တည်နေတဲ့ ဓလေ့ကြောင့်လို့ ဆိုပါတယ်။

မြန်မာ့ရုပ်ရှင်လောကဟာ ရင်းနှီးသူချင်းသာ ထိစပ်ဆက်ဆံတဲ့ ဓလေ့ရှိပြီး အဲဒီအသိုင်းအဝိုင်းထဲကို အခြားတိုင်းရင်းသားတွေ ဝင်ရောက်ဖို့အတွက် အလွန်ခက်ခဲတယ်လို့ သူက ပြောပါတယ်။

“ကျွန်တော်တို့လည်း အတိုက်အခံမလုပ်ချင်ဘူး။ ပြန်တိုက်ဖို့ကတော့လည်း ကျွန်တော်တို့က သူတို့လောက် နောက်ခံအင်အား မရှိဘူး။ ကျွန်တော်တို့သွားတိုက်ရင် ကိုယ်တွေပဲ ဘေးလွင့်သွားမှာ၊ ဒါ့ကြောင့်မပြောရဲဘူး” လို့ JZ ဒေါင်လွဏ်းက ရှင်းပြပါတယ်။

၁၉၈ဝ ပြည့်လွန်နှစ်များကတည်းက စတင်ရိုက်ကူးခဲ့တဲ့ ကချင်ဘာသာစကားပြော ဇာတ်လမ်းတွေဟာ အစောပိုင်းမှာ ဗီဒီယိုအဖြစ် ထုတ်လုပ်ခဲ့ကြပြီး ၂ဝဝဝ ပြည့်နှစ်လောက်မှာ ဒီဗီဒီအဆင့်ကို ကူးပြောင်းခဲ့ကြပါတယ်။

ဒါပေမဲ့ ရန်ကုန်မှာ ရုံတင်ခွင့်ရတဲ့ ကချင်ဇာတ်ကားအရေအတွက် မရှိသလောက် နည်းပါးခဲ့တယ်လို့ ကချင်ရုပ်ရှင်အသိုင်းအဝိုင်းက ဆိုပါတယ်။

လွန်ခဲ့တဲ့ ၁ဝ နှစ် ၂ဝဝ၈ မှာ ကချင်စကားပြောရုပ်ရှင်တစ်ကား ရန်ကုန်မှာ ပထမဆုံး ရုံတင်ခွင့်ရခဲ့ပါတယ်။

“အမြဲစိမ်းတောမှာ အချစ်ရှာသူ” လို့ အဓိပ္ပာယ်ရတဲ့ ဒါရိုက်တာ G ဇုံးကိရဲ့ ကချင်ရုပ်ရှင် “Nam Kawn Tsaw Kawn” ဟာ ရန်ကုန်မှာ ပထမဆုံးနဲ့ နောက်ဆုံးရုံတင်ခွင့်ရခဲ့တဲ့ ဇာတ်ကားပါ။ ဒီနောက်ပိုင်း ရုံတင်ခွင့် မရတော့ပါဘူး။

တိုင်းရင်းသားဒါရိုက်တာတွေဘက်ကတော့ သူတို့ကို အထူးအခွင့်အရေး ပေးသင့်တယ်လို့ ပြောကြပါတယ်။

သိန်း ၁,ဝဝဝ လောက် ရင်းနှီးမြှုပ်နှံထားတဲ့ ဒီဇာတ်ကားတွေကနေ ပြန်ဝင်တဲ့ငွေဟာ အရင်းရဲ့ ငါးပုံတစ်ပုံလောက်သာရှိပေမဲ့ လူသိနည်းတဲ့ တိုင်းရင်းသားဓလေ့တွေကို ထုတ်ဖော်နေတာကြောင့် နိုင်ငံတော်က အထူးအခွင့်အရေး ပေးသင့်တယ်လို့ သူတို့က ယူဆနေပါတယ်။

အကယ်ဒမီရခဲ့တဲ့ JZ ဒေါင်လွဏ်းရဲ့ “မနောမြေမှကျောက်စိမ်းကမ္ဘာ” ဆိုရင် ကျပ်သိန်း ၂,ဝဝဝ လောက် ရင်းနှီးမြှုပ်နှံခဲ့ပေမယ့် ကုန်ကျစရိတ်ရဲ့၁ဝ ပုံတစ်ပုံလောက်ပဲ ငွေပြန်ဝင်ခဲ့ပါတယ်။

တိုင်းရင်းသားဘာသာစကားပြော ရုပ်ရှင်တွေကို ဥပဒေနဲ့ကာကွယ်ပေးဖို့ အစိုးရက စီစဉ်နေတယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ပြောရေးဆိုခွင့်ရှိသူထံမှ သိရပါတယ်။

ရေးဆွဲနေတဲ့ ရုပ်ရှင်ဥပဒေမူကြမ်းမှာ တိုင်းရင်းရုပ်ရှင်ကားများအတွက် တစ်မူထူးခြားတဲ့ အခွင့်အရေးတွေ ထည့်သွင်းရေးဆွဲထားတယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ ဇာတ်ပို့ဇာတ်ရံအလွှာ အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ရုပ်ရှင်သရုပ်ဆောင် ဦးဝင်းမြိုင်က ဆိုပါတယ်။

“ဥပဒေက အတည်မဖြစ်သေးတဲ့အတွက်ကြောင့် ဒီဟာပါဆိုပြီး ချပြလို့မရသေးဘူး” လို့ သူက ပြောပါတယ်။

အခက်အခဲတွေအများအပြားထဲမှာ ရုပ်ရှင်ပြသရာကရတဲ့ ဝင်ငွေက အဓိကအချက် ဖြစ်နေပါတယ်။

တစ်နိုင်ငံလုံးမှာ ရုပ်ရှင်ရုံ ၁၄ဝ လောက် ရှိတယ်ဆိုပေမဲ့ အများစုဟာ ရန်ကုန်မှာ ရှိတာပါ။ ရုပ်ရှင်ရုံအားလုံးရဲ့ ၄၂ ရာခိုင်နှုန်းလောက်ရှိတဲ့ ရန်ကုန်ဈေးကွက်အကြိုက် ရုပ်ရှင်တွေကိုပဲ ရုံတွေက ပြသချင်နေကြပါတယ်။

လက်ရှိဈေးကွက်မှာ နေတိုး၊ ပြေတီဦး၊ မြင့်မြတ်တို့ ဇာတ်ကားတွေဟာ စီးပွားရေးအရ အကျိုးအမြတ်များပြီး ပရိသတ်လည်း အကြိုက်တွေ့တာကြောင့် ရုံတင်တာများတယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ဦးဝင်းမြိုင်က မှတ်ချက်ပေးပါတယ်။

“ပရိသတ်တောင်းဆိုမှုကို လျစ်လျူရှုလို့မရဘူး” လို့ ဦးဝင်းမြိုင်က ဆိုပါတယ်။

Show More

Related Articles

Back to top button