သတင်း

အဆင့်မြင့် မောင်းသူမဲ့ရဟတ်ယာဉ်များ မြန်မာ့တပ်မတော်ပိုင်ဆိုင်ထားပြီ

မိုင်ရာချီခရီးနှင်ကာ ကင်းထောက်ခြင်း၊ ဓာတ်ပုံအချက်အလက်များ တိုက်ရိုက် ရိုက်ကူး ပေးပို့နိုင်ခြင်း စသည့် လုပ်ဆောင်ချက်များ လုပ်ဆောင်နိုင်သည့် ဩစတြီးယားနိုင်ငံထုတ် အဆင့်မြင့် မောင်းသူမဲ့ ရဟတ်ယာဉ်များကို မြန်မာ့တပ်မတော်က ပိုင်ဆိုင်ထားပြီဖြစ်သည်။

ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့အခြေစိုက် Schiebel ကုမ္ပဏီကထုတ်လုပ်သည့် Camcopter S-100 အမည်ရ ထိုရဟတ်ယာဉ်တစ်စင်း၏ သီးသန့်တန်ကြေးသည် တစ်စီးလျှင် အမေရိကန်ဒေါ်လာ လေးသိန်း ရှိပြီး ထိန်းချုပ်ရေးစင်တာများ၊ မောင်းနှင်မည့်သူများအား လေ့ကျင့်သင်တန်း ပေးခြင်းများ အပါအဝင် အခြားဆက်စပ်ပစ္စည်းများပါဝင်သည့် စနစ်တစ်ခုလုံးဆိုပါက ဒေါ်လာ နှစ်သန်းခန့်အထိ တန်ကြေးရှိသည်။

ကာကွယ်ရေးဝန်ကြီးဌာနက ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့သော ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေးဆိုင်ရာအသုံးစရိတ်များတွင် Camcopter S-100 များဝယ်ယူရန် (ယူရို ၁၆ သန်းနှင့်ညီမျှသော) ကျပ် ၂၇ ဘီလျံ တောင်းခံခဲ့သည်ကို တွေ့ရသည်။

ထိုရဟတ်ယာဉ်များအား မြန်မာစစ်တပ်သို့ ရောင်းချခဲ့မှုအသေးစိတ်အခြေအနေများနှင့် ပတ်သက်၍ Schieble ကုမ္ပဏီကို ဆက်သွယ်မေးမြန်းရာ ထိုမောင်းသူမဲ့ရဟတ်ယာဉ်များအား လမ်းဖောက်လုပ်ရေးနှင့် သတ္တုရှာဖွေရေးလုပ်ငန်းများအတွက် ရောင်းချခဲ့ခြင်းဖြစ်ကြောင်း ကုမ္ပဏီက ထုတ်ပြန်ရှင်းလင်းချက်တစ်စောင် ပြန်လည်ပေးပို့ခဲ့သည်။

“အခြေခံအဆောက်အအုံတွေ ခေတ်မီအောင်ပြုလုပ်ရေးနဲ့ ယာဉ်ကြောထိန်းသိမ်းတဲ့ လုပ်ငန်းတွေ လုပ်ကိုင်ရာမှာ အသုံးပြုဖို့ ရည်ရွယ်ချက်မျိုးနဲ့ပါ” ဟု ကုမ္ပဏီထုတ်ပြန်ချက်တွင် ရေးသားထားသည်။ သို့သော် ကုမ္ပဏီက အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ရန် ငြင်းဆန်ခဲ့သည်။

Camcopter S-100 ရဟတ်ယာဉ်များကို မြန်မာနိုင်ငံက ပိုင်ဆိုင်ထားကြောင်း ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်နေ့က ကျင်းပသည့် မြန်မာ့တပ်မတော်ရေတပ် ၇၁ နှစ်မြောက် အခမ်းအနားတွင် တရားဝင်ထုတ်ဖော်ပြသခဲ့သည်။

ရန်ကုန်မြို့၏တောင်ဘက် ပင်လယ်ထွက်ပေါက် သီလဝါတွင် ကျင်းပခဲ့သည့် အဆိုပါအခမ်းအနားကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့ပြီး၊ အဆိုပါအခမ်းအနားကို တပ်မတော်ပိုင် မြဝတီရုပ်မြင်သံကြားကလည်း ထုတ်လွှင့်ခဲ့သည်။

၂၀၁၈ခုနှစ် ဒီဇင်ဘာလ ၂၄ရက်နေ့က ကျင်းပသည့် တပ်မတော်(ရေ) ၇၁နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားတွင် ထုတ်ဖော်ပြသခဲ့သည့် Camcopter S-100 မောင်းသူမဲ့ရဟတ်ယာဉ်တစ်စီး (ဓာတ်ပုံ – မြဝတီရုပ်မြင်သံကြားမှ ရယူသည်။)

၁၄ မိနစ်ခွဲ ကြာမြင့်သည့် မြဝတီ၏ ရုပ်သံမှတ်တမ်းတွင် ဖရီးဂိတ်စစ်သင်္ဘော အောင်ဇေယျ ပေါ်သို့ မောင်းသူမဲ့ ရဟတ်ယာဉ် Camcopter S-100 တစ်စင်း ဆင်းသက်နေပုံကိုလည်း ထည့်သွင်းပြသခဲ့သည်။

ရေတပ်လေ့ကျင့်ခန်းများတွင် ထုတ်ပြခဲ့သည့် မောင်းသူမဲ့ရဟတ်ယာဉ်များကို ဝယ်ယူလေ့ကျင့်နေသည်မှာ တစ်နှစ်ခန့်ရှိပြီး အဓိကအားဖြင့် လက်နက်တပ်ဆင်ထားခြင်းမရှိဘဲ ကင်းထောက်သည့်နေရာများတွင် အသုံးပြုနေသည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ပြောခွင့်ရအရာရှိ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက Myanmar Now ကို ပြောသည်။

 

အခြေခံအဆောက်အအုံတွေ ခေတ်မီအောင်ပြုလုပ်ရေးနဲ့ ယာဉ်ကြောထိန်းသိမ်းတဲ့ လုပ်ငန်းတွေ လုပ်ကိုင်ရာမှာ အသုံးပြုဖို့ …

 

မြန်မာရေတပ်သည် မောင်းသူမဲ့ယာဉ်များနှင့်ပတ်သက်ပြီး ပြည်တွင်းတွင် စမ်းသပ်သုတေသန လုပ်နေကြောင်းလည်း အထက်ပါ တပ်မတော်ပြောခွင့်ရ အရာရှိက ဆက်ပြောသည်။

မြန်မာ့တပ်မတော်ရေသည် Camcopter S-100 ကို ၂၀၁၉ ခုနှစ်အတွင်း ပြုလုပ်သည့် ရေတပ်လေ့ကျင့်ခန်းများတွင်လည်း ထည့်သွင်းအသုံးပြုခဲ့သည်ကို သတိထားမိကြောင်း စစ်က်ရေးရာများ လေ့လာသည့် ရန်ကုန်အခြေစိုက် သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ တည်ထောင်သူ တပ်မတော်အရာရှိဟောင်း ဒေါက်တာနိုင်ဆွေဦးက ဆိုသည်။

စစ်က်အရပ်က်သုံး

ကိုယ်ထည်အရှည် ၁၀ ပေ နီးပါးရှိပြီး ၆ နာရီမှ ၁၀ နာရီအထိ မရပ်မနား ပျံသန်းနိုင်သည့် စစ်ဘက်အရပ်ဘက် နှစ်မျိုးသုံး အဆိုပါ မောင်းသူမဲ့ရဟတ်ယာဉ်သည် နိုင်ငံတကာရေတပ်များအကြား ခေတ်စားနေသည့် ယာဉ်လည်းဖြစ်သည်။

Schiebel ၏ Camcopter S-100 ကို တရုတ်၊ ဂျာမနီ နှင့် ယူအေအီးရေတပ်၊ ရုရှကမ်းခြေစောင့်တပ်ဖွဲ့တို့က အများအပြား အသုံးပြုနေပြီး ဒေသတွင်းရှိ အိန္ဒိယနှင့်ပါကစ္စတန် ရေတပ်များတွင်လည်း အသုံးပြုနေသည်ဟု Schiebel ကုမ္ပဏီက ၎င်း၏အင်တာနက်စာမျက်နှာတွင် တရားဝင်ထုတ်ပြန်ထားသည်။

Schiebel ကုမ္ပဏီ၏ဝက်ဆိုက်တွင် ဖော်ပြထားသော Camcopter S-100 မောင်းသူမဲ့ရဟတ်ယာဉ်တစ်စီး(ဓာတ်ပုံ – Schiebel ကုမ္ပဏီဝက်ဆိုက်)

တစ်နာရီလျှင် ၂၂၂ ကီလိုမီတာ (၁၃၈ မိုင်) နှုန်း ပျံသန်းနိုင်ပြီး နေ့ရောညပါ ပုံရိပ်ဖမ်းယူနိုင်သည့် ကင်မရာများ တပ်ဆင်ထားသည့် Camcopter S-100 မောင်းသူမဲ့ရဟတ်ယာဉ်များကို စစ်က်အရပ်က် ကိစ္စရပ်များအတွက် အသုံးပြုနိုင်သလို ရန်သူ့ကင်းထောက်ခြင်း၊ ဆိုးရွားသည့်ရာသီဥတုကို အန်တုပြီး လုပ်ရသည့် ကူညီကယ်ဆယ်ရေးနှင့်ရှာဖွေရေးလုပ်ငန်းများ၊ ကမ်းလွန်ရေနံရှာဖွေရေး လုပ်ငန်းများတွင်လည်း အသုံးပြုနိုင်သည်။

လူနှစ်ဦး အဝေးမှ ထိန်းချုပ်မောင်းနှင်ရသည့် Camcopter S-100 တွင် အပေါ့စားလက်နက်များလည်း တပ်ဆင်နိုင်ပြီး ကယ်ဆယ်ရေးယာဉ်မှ တိုက်ခိုက်ရေးယာဉ်အဖြစ် အသွင်ပြောင်းနိုင်ကြောင်း Schiebel ကုမ္ပဏီ၏ အင်တာနက်စာမျက်နှာတွင် တရားဝင်ထုတ်ပြန်ထားသည်။

ဥရောပသမဂ္ဂလက်နက်ပိတ်ပင်မှုကို ချိုးဖောက်သလား

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၁၇ ဧပြီလကဩစတြီးယားနိုင်ငံ ဗီယင်နာမြို့သို့ရောက်ရှိစဉ် လေယာဉ်ထုတ်လုပ်သည့် ကုမ္ပဏီများသို့ သွားရောက်လေ့လာခဲ့ကြောင်း မြဝတီနှင့် နိုင်ငံပိုင် သတင်းမီဒီယာများတွင် ဖော်ပြခဲ့သည်။

ဗီယင်နာမြို့ရှိ Schiebel ကုမ္ပဏီသို့ သွားရောက်လည်ပတ်ခဲ့ခြင်း ရှိမရှိကိုတော့ ရှင်းလင်းစွာ မသိရပေ၊ သို့သော် Myanmar Navypower Facebook စာမျက်နှာတွင် ဗိုလ်ချုပ်မှူးကြီးသည် နိုင်ငံတကာလေယာဉ်ပြပွဲတစ်ခုသို့ ရောက်ရှိစဉ် Schiebel ကုမ္ပဏီက ခင်းကျင်းပြသထားသော S100 မောင်းသူမဲ့ယာဉ်များကို ကြည့်ရှုနေသည့်ပုံ တင်ထားသည်။

Schiebel ကုမ္ပဏီက မြန်မာနိုင်ငံသို့ ထိုလေယာဉ်များတင်ပို့ခဲ့ခြင်းသည် ဥရောပသမဂ္ဂက ချမှတ်ထားသော စစ်လက်နက်တင်ပို့မှု ပိတ်ပင်ချက် (arms embargo)ကို ချိုးဖောက်ခဲ့ရာ ရောက်မရောက် မေးခွန်းထုတ်စရာဖြစ်နေကြောင်း ဆွီဒင်နိုင်ငံအခြေစိုက် နိုင်ငံတကာလက်နက်ရောင်းဝယ်ရေး စောင့်ကြည့်လေ့လာသည့် Stockholm International Peace Research Institute (SIPRI) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဒီလိုမောင်းသူမဲ့ရဟတ်ယာဉ်ကို စစ်ဘက်အရပ်ဘက်နှစ်ခုလုံး သုံးလို့ရတယ်ဆိုပြီး ဩစတြီးယားအာဏာပိုင်တွေရဲ့ ရှုမြင်မှုဟာ အငြင်းပွားစရာပါ။ ဒါဟာ ကျွန်တော့အမြင်မှာတော့ စစ်ဘက်သုံးပါ” ဟု SIPRI အဖွဲ့မှ စစ်လက်နက်အကြောင်းကျွမ်းကျင်သူ Pieter Wezeman ကဆိုသည်။

ဩစတြီးယားနိုင်ငံ ဒစ်ဂျစ်တယ်နည်းပညာနှင့် စီးပွားရေးကိစ္စရပ်များဆိုင်ရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကမူ Schiebel ကုမ္ပဏီက မြန်မာပြည်အား S-100 ယာဉ်များ ရောင်းချခြင်းသည် တရားဝင်ပို့ကုန်လိုင်စင်အရ ရောင်းချခဲ့ခြင်းသာဖြစ်ကြောင်း ပြောသည်။

(ယခု သတင်းအား Myanmar Now နှင့် ဩစတြီးယားနိုင်ငံ အခြေစိုက် Profil အပတ်စဉ်ထုတ် မဂ္ဂဇင်းတို့ ပူးပေါင်းရေးသားသည်။)

Show More

Related Articles

Back to top button