မိန်းကလေးငယ်တစ်ဦးကို ဆွေမျိုးနီးစပ် အိမ်ရှင်မိသားစုက နှိပ်စက်သည်ဟု စွပ်စွဲခံရ

ဧရာဝတီတိုင်းမှ အဆိုပါ စွပ်စွဲခံရသူမှာ အာဏာရပါတီ၏ မြို့နယ်ပါတီအလုပ်အမှုဆောင်တစ်ဦးဖြစ်သော်လည်း အမှုဖွင့်မပေးရခြင်းမှာ ဆွေမျိုးချင်း “ဆိုဆုံးမ” သည့်သဘောဖြစ်ခြင်းကြောင့်ဟု ရဲစခန်းက ပြောသည်။

မော်လမြိုင်ကျွန်းမြို့၊ မြင်းကကုန်းကျေးရွာရှိ ဓမ္မရတနာရွှေကျောင်းတွင် မအေးအေးနွယ်ကို တွေ့ရစဉ် (ဓာတ်ပုံ - ခင်မို့မို့လွင် / Myanmar Now)
မော်လမြိုင်ကျွန်းမြို့၊ မြင်းကကုန်းကျေးရွာရှိ ဓမ္မရတနာရွှေကျောင်းတွင် မအေးအေးနွယ်ကို တွေ့ရစဉ် (ဓာတ်ပုံ - ခင်မို့မို့လွင် / Myanmar Now)

ဆွေးနီးမျိုးစပ် ခေါ်ယူစောင့်ရှောက်ထားသည့် အသက်မပြည့်သေးသည့် မိန်းကလေးတစ်ဦးကို အိမ်ရှင် မိသားစုက ရုပ်ပိုင်း၊ စိတ်ပိုင်း နာကျင်အောင် ညှဉ်းဆဲသည်ဟုဆိုကာ စွပ်စွဲထားသော အမှုတစ်မှုတွင် သက်ဆိုင်ရာ ရဲစခန်းက အမှုမဖွင့်ပေးသောကြောင့် တရားလိုများက တရားရုံးဦးတိုက်လျှောက်ထားရန် ပြင်ဆင်နေသည့် ဖြစ်ရပ်တစ်ရပ် ဧရာဝတီတိုင်းတွင် ယခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သည်။

စွပ်စွဲခံထားရသူများမှာ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ဒေါင်းရေကျော်-မြင်းကကုန်း ကျေးရွာ အုပ်စု၊ မြင်းကကုန်းကျေးရွာရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ မြို့နယ်အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးသောင်းဟန်မိသားစုဖြစ်ပြီး ထိခိုက်ခံစားခဲ့ရသည်ဟုဆိုသူမှာ ၎င်းမြို့နယ် မဘေကျေးရွာဇာတိ အသက် ၁၂ နှစ်အရွယ် မအေးအေးနွယ် ဖြစ်သည်။

ထိုမိန်းကလေးသည် လွန်ခဲ့သော သုံးနှစ်ခန့်ကတည်းက မိခင်နှင့်အတူ မဘေရွာမှ ရေလမ်းအတိုင်း နှစ်နာရီခန့် လာရသည့် မြင်းကကုန်းရှိ ဆွေမျိုးနီးစပ်တော်သည့် ဦးသောင်းဟန်တို့ မိသားစုထံသို့ လာရောက် နေထိုင်ခဲ့သူ ဖြစ်သည်။ ပြီးခဲ့သည့် မတ်လ ၁၇ ရက်နေ့တွင် ရွာ၏ ရွာဦးကျောင်းသဖွယ်ဖြစ်သော ဓမ္မရတနာကျောင်းတိုက်သို့ ထွက်ပြေးလာပြီး ၎င်းကို အိမ်ရှင်များက နှိပ်စက်ကြောင်း တိုင်တန်းသဖြင့် ကျောင်းထိုင်ဆရာတော် ဦးဝါရိန္ဒက စောင့်ရှောက်လက်ခံထားသည်။
 
အရိုက်ခံရဟုဆို
 
မအေးအေးနွယ်က ၎င်းသည် မနက် ၆နာရီ မထိုးခင် ထကာ အိမ်မှုကိစ္စလုပ်ရပြီး ညသန်းခေါင်မှ အိပ်ရကြောင်း၊ တစ်ခါတစ်လေ ထမင်းနပ်မှန်အောင် မကျွေးသဖြင့် အိမ်နီးချင်းများက ခေါ်ကျွေးရကြောင်းMyanmar Now ကို ဓမ္မရတနာကျောင်းတိုက်၌ မတ်လ ၂၁ ရက်နေ့က တွေ့ဆုံစဉ် ပြောသည်။

“ဝါးစိမ်းတုတ်နဲ့ ရိုက်တယ်။ တစ်ခါတလေ ငရုတ်သီးထောင်းရင်း ထထရိုက်တယ်။ တံမြက်စည်းတွေဘာတွေ မလှဲလို့တို့ သူတို့စိတ်အထင် မပြောင်လို့တို့ဆိုပြီး ထမင်းမကျွေးဘူး။ သူ့သမီးကို ရိုက်ခိုင်းတယ်။ ရေပြင်ကြီးထဲ ခေါင်းထည့်ပြီးတော့ ရိုက်ခိုင်းတယ်” ဟု ၎င်းက ဆိုသည်။  ဦးသောင်းဟန်နှင့် ဇနီး၊သား၊သမီးလေးဦးလုံးက ရိုက်သည်ဟု ၎င်းက ပြောသည်။

မအေးအေးနွယ်နှင့် ၎င်း၏မိခင်တို့သည် လွန်ခဲ့သည့် သုံးနှစ်ခန့်က ယခုမိသားစုထံ ရောက်ရှိလာခဲ့ကြောင်း၊ မိခင်သည် လပိုင်းမျှအတူနေပြီး ပြန်သွားခဲ့ကြောင်း၊ ထိုသို့ မိခင်ပြန်သွားချိန်နောက်ပိုင်းတွင် ထိုသို့ ရိုက်နှက် နှိပ်စက်ခြင်းများ စတင်ပြုလုပ်လာကြောင်း ပြောသည်။

ထိုမိသားစုဝင်များသည် ၎င်းအား ကွမ်းသီးပင်တွင် ကြိုးချည်ပြီးရိုက်ကြောင်း၊ ကျောက်ရေစည်ထဲတွင် ရေနှစ်၍ရိုက်ကြောင်း၊ ညဘက်ထွက်ပြေးမည်စိုး၍ ကြိုးတုပ်ထားကြောင်း ဆိုသည်။
Myanmar Now အနေဖြင့် ထိုမိန်းကလေးခန္ဓာပေါ်၌ ထင်ရှားသည့် မျက်မြင်ဒဏ်ရာများကိုတော့ မတွေ့ရပါ။ ဆရာတော်၏မယ်တော် ဒေါ်ခွေးကမူ မိန်းကလေးရောက်စက လက်ခုံနှင့် လက်ချောင်းများတွင် အညိုအမည်းစွဲနေသည်များ တွေ့သည်ဟု ပြောသည်။
 
ငြင်းဆို
 
စွပ်စွဲခံထားရသည့် မိသားစုကမူ မအေးအေးနွယ်ကို မနှိပ်စက်ပါဟု ဆိုထားပြီး မအေးအေးနွယ်သည် ၎င်း၏တူမက မွေးသောသူဖြစ်၍ စောင့်ရှောက်ထားသည်မှာ သုံးနှစ်ခန့် ရှိပြီဟု ဦးသောင်းဟန်၏ဇနီး ဒေါ်မြင့်မြင့်အေးက Myanmar Now ကို ပြောသည်။

မအေးအေးနွယ် ဘုန်းကြီးကျောင်းသို့ ထွက်ပြေးသည့် မတ်လ ၁၇ရက်က ဒေါ်မြင့်မြင့်အေးတို့၏အိမ်သို့ ရဲဝန်ထမ်းများက အလုပ်ကိစ္စဖြင့် လာရာ မအေးအေးနွယ်သည် ထိုရဲများစီးလာသော လှေထဲမှ မုန့်ကို ခိုးစား၍ “နင့်ကို ရဲဖမ်းတော့မယ်” ဟု ပြောခြင်းကို ကြောက်လန့်ထွက်ပြေးခြင်းဖြစ်သည်ဟု ဒေါ်မြင့်မြင့်အေးက ပြောသည်။

“မီးပူသွားငှားခိုင်းတာ ပြန်မလာဘူးပေါ့။ နောက်မှ ဘုန်းကြီးကျောင်း ရောက်သွားတယ်ဆိုတာ သိရတာ။ ရဲဖမ်းတော့မယ်ဆိုလို့” ဟု ၎င်းက ပြောသည်။

မအေးအေးနွယ်သည် ညဘက်တွင် မုန့်ဆိုင်များမှ ပစ္စည်းခိုးတတ်ကြောင်း၊ ၎င်းတို့အိမ်မှငွေကိုလည်း ခိုးကြောင်း၊ ၎င်းတို့က အပင်မြင့်များပေါ် တက်ခိုင်း၍ အလုပ်ခိုင်းခြင်းမဟုတ်ဘဲ ကလေးမကိုယ်တိုင်က သစ်ပင်ပေါ်တက်ခြင်းဖြစ်ကြောင်း ဒေါ်မြင့်မြင့်အေးနှင့်၎င်း၏သားကိုအောင်ဆန်းက ပြောကြသည်။

Myanmar Now က ထိုရွာသို့ ရောက်ရှိချိန်တွင် ဦးသောင်းဟန် ရှိမနေသဖြင့် မေးမြန်းခွင့် မရခဲ့ပါ။ ၎င်း၏ ဖုန်းနံပါတ်ကို တောင်းသည့်အခါမှာလည်း ဦးသောင်းဟန်၏ ဖုန်းနံပါတ်ကို ၎င်း၏ဇနီး၊ သမီးနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ထံမှာပါ မရှိဟု ပြောသည်။
 
မျက်မြင်သက်သေ အိမ်နီးချင်းများ
 
မအေးအေးနွယ် ရိုက်နှက်ခံရသည်ကို မျက်မြင်တွေ့ရသည့် အိမ်နီးချင်းများရှိသလို ကွမ်းသီးပင်တွင် ကြိုးချည်ရိုက်သည်ကို တွေ့မြင်ရသူများလည်း ရှိသည်။

မအေးအေးနွယ်သည် အရွယ်နှင့်မလိုက်အောင် အိမ်အလုပ်များကို ခိုင်းစေခံရကြောင်း တွေ့မြင်ကြရသည်ဟု အိမ်နီးချင်းတစ်ဦးကMyanmar Now ကို ပြောသည်။

“ကျွန်မတို့ခေါင်းရင်းက ကုက္ကိုကိုင်းတွေ ကတုံးတွေဖြစ်နေတာ တွေ့လိမ့်မယ်။

အဲဒါအဲဒီကောင်မလေး တက်ခုတ်ထားတာ။ အဲဒါထင်းစိုက်တာ။ အဲဒီကောင်မလေးကိုယ်တိုင် တက်တက်ချိုင်ရတာ။

မိုးလင်းမိုးချုပ်လုပ်တဲ့ကြားထဲကနေ ဘာအပြစ်ရှိလို့ ရိုက်လဲ ကျွန်မတို့မသိဘူး။ သူတို့အိမ်တွင်းရေးကိစ္စကို။ ကျွန်မတို့မြင်တာတော့ ရိုက်တာပဲတွေ့တာ” ဟု ကပ်လျက်အိမ်မှ အသက် ၃၇ နှစ်အရွယ် မလုံမက ပြောသည်။

ဦးသောင်းဟန်တို့၏အိမ်မှ ရိုက်သံများ၊ ငိုသံများ ကြားခဲ့သည်ဟု အိမ်နီးချင်းတစ်ဦးကလည်း ပြောသည်။

“အဲဒီကလေးကိုရိုက်လို့ ကိုယ်တွေကြည့်လို့လည်းမရဘူး။သူတို့ကကြည့်ရင်လည်း မကြိုက်ဘူး။ ကြည့်ရင် အိမ်ထဲသွင်းပြီး ရိုက်တာ” ဟု အိမ်နီးချင်းနောက်တစ်ဦးဖြစ်သည့် မသင်းသင်းခိုင်က ပြောသည်။

တစ်ရက်တွင် ၎င်းကို မအေးအေးနွယ်က “ကြီးကြီးရေ သမီးတော့ အဆိပ်သောက်တော့မယ်” ဟု ပြောသဖြင့် ရွာဦးကျောင်းဆရာတော်ထံ ပြေးရန် အကြံပေးခဲ့ကြောင်း မသင်းသင်းခိုင်က ပြောသည်။

မတ်လ ၁၇ရက်တွင် မအေးအေးနွယ်သည် မီးပူ သွားငှားရာမှ အိမ်မပြန်တော့ဘဲ ထိုမီးပူကို ကိုင်ကာ ဓမ္မရတနာရွှေကျောင်းသို့ သွားရောက် တိုင်တန်းကြောင်း၊ ဆရာတော်က ၎င်းကို ကျောင်းတွင် နေထိုင်ခွင့်ပြုကာ စောင့်ရှောက်ထားသော်လည်း အမှုကို အာဏာပိုင်များထံ လွှဲအပ်ခဲ့ကြောင်း သိရသည်။

ကျေးရွာရွာခံတစ်ဦးဖြစ်သည့် ကိုပြေကျော်က အမှုဖွင့်နိုင်ရန် ကြိုးစားသော်လည်း မတ်လ၂၆ရက်နေ့အထိ အပိုင်ရဲစခန်းတွင် အမှုဖွင့်နိုင်ခြင်း မရှိသေးပေ။

“ရဲက ဆွေမျိုးသားချင်း ဆုံးမတာပါဆိုပြီး သူကြားထားတယ်လို့ ပြောတယ်။ ကျွန်တော်တို့ကို အကြံဉာဏ်လည်း မပေးဘူး။

အမှုဖွင့်ဖို့ ကြန့်ကြာနေလို့ ကျွန်တော်တို့ တရားရုံးဦးတိုက်လျှောက်ဖို့ပဲ ပြင်ဆင်နေတယ်” ဟု ဆိုသည်။
 
ဆုံးမတာကြောင့်မို့ အမှုမဖွင့်တာပါ
 
မော်လမြိုင်ကျွန်းမြို့နယ် မြတ်သာရဲစခန်း စခန်းမှူး ရဲအုပ်ထွန်းလင်းကမူ အမှုမဖွင့်ပေးသည်မှာ ဦးသောင်းဟန်သည် NLD ပါတီမှဖြစ်နေခြင်းကြောင့် မဟုတ်ဘဲ ထိုမိသားစုနှင့် မအေးအေးနွယ်တို့သည် ဆွေမျိုးတော်စပ်ခြင်းကြောင့် ညှဉ်းပန်းနှိပ်စက်ခြင်း မဟုတ်ဘဲ ဆိုဆုံးမခြင်းသာဖြစ်ခြင်းကြောင့် ဖြစ်သည်ဟု Myanmar Now ကို ပြောသည်။

“ဦးသောင်းဟန်ကို မကြိုက်တဲ့သူတွေ ရှိပုံရတယ်။ ဦးသောင်းဟန်ကို မကြိုက်တဲ့လူတွေကနေ မြှောက်ပေးပြီးတော့မှ တိုင်ဖို့ဆိုပြီးတော့ လုပ်ကြတယ်။

ဦးသောင်းဟန်ကို မကြိုက်တဲ့လူတချို့ကပေါ့။ ဦးသောင်းဟန်ကို မကြိုက်တဲ့လူ ရှိတယ်လို့ ကြားရတယ်” ဟု ရဲအုပ်ထွန်းလင်းက ပြောသည်။

၎င်းအနေဖြင့် နှိပ်စက်ခံရသည်ဆိုသော ကလေးကိုမူ အမှုနှင့်ပတ်သက်၍ တစ်စုံတစ်ရာ မမေးမြန်းရသေးဟုလည်း ဆိုသည်။
 
ထိုကိစ္စသည် NLD ပါတီနှင့် သက်ဆိုင်ခြင်းမရှိဘဲ ပါတီက အမှုအခင်းများတွင် ပါတီဝင်များကို ကာကွယ်ပေးခြင်းမရှိကြောင်း မော်လမြိုင်ကျွန်းမြို့နယ် တိုင်းဒေသကြီးမဲဆန္ဒနယ် မဲဆန္ဒနယ် (၂) မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်က ပြောသည်။

၎င်းတို့၏ပါတီကြွေးကြော်ချက်တွင်ပင် တရားဥပဒေစိုးမိုးရေးပါဝင်၍ တရားဥပဒေလုပ်ငန်းတွင် တားဆီးပိတ်ပင်မည် မဟုတ်ကြောင်း၊ ယခုကိစ္စတွင် တိုင်ကြားကြသည့် ကာယကံရှင်များက ၎င်းတို့ထံ လာရောက်ဆွေးနွေးမှသာ ပါတီအနေဖြင့် တစ်စုံတစ်ရာ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း မြို့နယ်ပါတီဥက္ကဋ္ဌ ဦးညွန့်ဌေးက ဆိုသည်။

“ကာယကံရှင်ကိုယ်တိုင် လာပြီးတော့ ပြောဆိုဆွေးနွေးမယ်ဆိုရင် အဖြေတစ်ခုခုတော့ ပြောနိုင်မှာပေါ့။ စကားပြောကြည့်မှာပေါ့။ ကာယကံရှင်တွေ ခေါ်လာခဲ့ပါ” ဟု ဆိုသည်။

လတ်တလောတွင် မအေးအေးနွယ်ကို ဓမ္မရတနာကျောင်းတိုက်ကပင် စောင့်ရှောက်ထားမည်ဖြစ်ကြောင်း၊ သို့သော် မာတုဂါမနှင့် ဘုန်းကြီးကျောင်း မသင့်တော်သဖြင့် စောင့်ရှောက်ပေးနိုင်မည့်သူများ တွေ့ပါက လွှဲပြောင်းပေးမည်ဖြစ်ကြောင်း ဆရာတော် ဦးဝါရိန္ဒက မိန့်သည်။

မအေးအေးနွယ်၏ အမေသည် မဘေရွာတွင် မရှိတော့ဘဲ မည်သည့်နေရာတွင် ရောက်နေမှန်းမသိကြောင်း မဘေရွာမှ မြင်းကကုန်းသို့ လိုက်လာကြသည့် မအေးအေးနွယ်တို့နှင့် ဆွေမျိုးတော်သူဟုဆိုသူ အမျိုးသမီးနှစ်ဦးက Myanmar Now ကို ပြောသည်။

“သူ့အမေ ရွာကို ပြန်လာပြီး တစ်နှစ်လောက်ကဘောက် (ကြုံရာကျပန်း) လုပ်လိုက်သေးတယ်။ နောက် ဘယ်ရောက်သွားမှန်း မသိဘူး။ ကလေးမအကြောင်း မေးတော့ အကြွေးနဲ့ ဒီရွာမှာ ထားခဲ့တယ် ပြောတာပဲ။ဆွေမျိုးလည်းတော်တယ်ဆိုတော့ ကောင်းကောင်းမွန်မွန် ထားမယ်ထင်တာပေါ့” ဟု ဒေါ်လှမြင့်က ပြောသည်။

မအေးအေးနွယ်ကို စောင့်ရှောက်ရန်အတွက် ၎င်းတို့လည်း တာဝန်ယူနိုင်စွမ်း မရှိကြောင်း ဆိုသည်။

မြင်းကကုန်းကျေးရွာတွင် အိမ်ခြေ ၃၀၀ ကျော်နှင့် လူဦးရေ ၁၂၀၀ ကျော်ရှိပြီး မော်လမြိုင်ကျွန်းမှ ရေလမ်းကြောင်း တစ်ခုဖြင့်သာ ရောက်နိုင်သည့်ရွာဖြစ်သည်။

ခင်မို့မို့လွင်သည် Myanmar Now သတင်းဌာန၏ သတင်းထောက်ဖြစ်သည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading