သတင်း

တရုတ်မယားအဖြစ် ရောင်းစားခံ မြန်မာအမျိုးသမီးများအရေး ကုလက အစိုးရအဖွဲ့များကို ဖိအားပေးပါ – HRW

ရန်ကုန် မြန်မာအမျိုးသမီးများအား ဇနီးမယားအဖြစ် တရုတ်နိုင်ငံသို့ ရောင်းချခံရမှုနှင့်ပတ်သက်ပြီး မြန်မာနှင့်တရုတ် အစိုးရတို့အပေါ် ပြင်းပြင်းထန်ထန် ဖိအားပေးရန် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) က ကမ္ဘာ့ကုလသမဂ္ဂကို တိုက်တွန်းလိုက်သည်။

ရန်ကုန်မြို့ Pan Pacific ဟိုတယ်၌ ယနေ့နံနက်ကကျင်းပသည့် ‘ကချင်ပြည်နယ် စစ်ရှောင်စခန်းများနှင့် မြန်မာနိုင်ငံရှိအမျိုးသမီးများ တရုတ်နိုင်ငံသို့ တရုတ်ဇနီးမယားအဖြစ် လူကုန်ကူးခံနေရခြင်းနှင့် ပတ်သက်သည့် အစီရင်ခံစာထုတ်ပြန်ပွဲ အခမ်းအနားတွင် ပြောခြင်းဖြစ်သည်။

မြန်မာနိုင်ငံ နှင့် တရုတ်နိုင်ငံ အစိုးရများသည် ကချင်ပြည်နယ်မှ တိုင်းရင်းသူမိန်းကလေးများနှင့် မြန်မာနိုင်ငံ အခြားဒေသများမှ အမျိုးသမီးများ လူကုန်ကူးခံရခြင်းကို ရပ်တန့်ရန် လုပ်ဆောင်ရာ၌ အားနည်း ပျက်ကွက်ခဲ့သည်ဟု အစီရင်ခံစာတွင် ထောက်ပြထားသည်။

လက်ရှိတွင် မြန်မာအစိုးရအနေဖြင့် ပဋိပက္ခဖြစ်ပွားရာဒေသများသို့ ကူညီပေးနေသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များ ပံ့ပိုးပေးမှုကို ပိတ်ပင်တားဆီးခြင်းများကိုလည်း မြင်တွေ့နေရကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) အမျိုးသမီးများရပိုင်ခွင့် ယာယီတွဲဖက်ညွှန်ကြားရေးမှူး ဟယ်သာဘားက အစီရင်ခံစာထုတ်ပြန်ပွဲတွင် ပြောသည်။

ကျွန်မတို့ဘက်က ကုလသမဂ္ဂအဖွဲ့အစည်းတွေကို ဒီကိစ္စတွေနဲ့ပတ်သက်ပြီး မြန်မာအစိုးရဘက်ကို တိုက်တွန်းပေးဖို့ ပြင်းပြင်းထန်ထန် ဆောင်ရွက်ပေးရန် ပြင်းပြင်းထန်ထန် ခေါင်းထဲထည့်ထားပေးဖို့ ကျွန်မတို့ တိုက်တွန်းထားတာလဲ ရှိပါတယ်ဟု အစီရင်ခံစာ ရေးသားသူလည်းဖြစ်သည့် ဟယ်သာ ဘား က ပြောသည်။

လူကုန်ကူးခံရသည့် အမျိုးသမီးအများစုသည် တရုတ်နိုင်ငံသို့ ရောက်သွားပြီးနောက် နှစ်ရှည်လများ အခန်းတွင်း သော့ခတ်ပိတ်လှောင်ခံထားရပြီး ညစဉ် တရုတ်အမျိုးသားများ၏ ဓားထောက် မတရားပြုကျင့်ခြင်းကို ခံကြရကြောင်း၊ တစ်ခါတစ်ရံ တစ်မိသားစုလုံးက နှာခေါင်းမှ သွေးထွက်အောင် ရိုက်နှက်မှုများလည်း ကြုံရကြောင်း လူကုန်ကူးခံခဲ့ရသော အမျိုးသမီးများ၏ ဖွင့်ဟချက်ကို ကိုးကား၍ အစီရင်ခံစာတွင် ရေးထားသည်။

အသက် ၂၀ အရွယ်တွင် လူကုန်ကူးခံရသည့် ကချင်အမျိုးသမီးငယ်တစ်ဦးက ၎င်းအနေဖြင့် မြန်မာပြည်ရှိ အိမ်ကိုပြန်ရန် အတွက် ကလေးတစ်ယောက် မွေးပေးရန် သဘောတူခဲ့ရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

တရုတ်ပြည်က ဗမာမလေးတွေက ကလေးမွေးပြီးရင် အိမ်ပြန်တတ်ကြတယ်မင်းလည်း ဒီလိုပဲ နေမှာပါလို့ သူကပြောတယ် ဒီတော့ ကျွန်မလည်း သူနဲ့ကလေးယူဖို့ ဆုံးဖြတ်လိုက်တယ်။ ကလေးတစ်နှစ်ပြည့်ရင် ကျွန်မပြန်လို့ရမယ်လို့ အဲ့ဒီတရုတ်အမျိုးသားက ပြောတယ်ဟု ပြောပြထားသည်။

ယင်းအစီရင်ခံ အတွက် HRW အနေဖြင့် တရုတ်နိုင်ငံသို့ လူကုန်ကူးခံခဲ့ရသည့် အမျိုးသမီးများနှင့် မိန်းကလေးငယ် ၃၇ ဦးကို တွေ့ဆုံမေးမြန်းမှု ပြုလုပ်ခဲ့ကြောင်း၊ မြန်မာနှင့်တရုတ်နိုင်ငံတို့ရှိ ဥပဒေစိုးမိုးရေးအရာရှိများသည် လူကုန်ကူးခံရသည့် မိန်းကလေးများကို ပြန်လည်ရရှိရန် ကြိုးပမ်းမှုများတွင် လွန်စွာအားနည်းနေကြောင်း အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။

တရုတ်နိုင်ငံသို့ လူကုန်ကူးခံရသည့် မိမိတို့၏မိသားစုဝင်များကို ပြန်လည်ကယ်တင်ပေးရန် သွားရောက်အကူအညီတောင်းသည့် အခါ မြန်မာရဲစခန်းများက ကြိမ်ဖန်များစွာ နှင်လွှတ်မှုများရှိသကဲ့သို့ ရောင်းစားခံရသည့်နောက် ထွက်ပြေးလွတ်မြောက်လာကြသည့် မိန်းကလေးများက တရုတ်ရဲထံ သွားရောက်အကူအညီတောင်းသည့် အခါမှာလည်း လူဝင်မှုကြီးကြပ်ရေးချိုးဖောက်မှုများအဖြစ် ရက်ရှည် ထောင်ဒဏ်ချမှတ်ခံရမှုများလည်း ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံသို့ ဇနီးမယားအဖြစ် ရောင်းစားခံရသည့် မြန်မာအမျိုးသမီးများ၏ ကာလတန်ဖိုးပေါက်ဈေးသည် ကန်ဒေါ်လာ ၃,၀၀၀ မှ ၁၃,၀၀၀ ကျပ်အထိ ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံတွင် ကျင့်သုံးခဲ့သည့် “တစ်အိမ်ထောင် ကလေးတစ်ဦးပေါ်လစီ” အရ တရုတ်အမျိုးသားများစွာမှာ ယူစရာ ဇနီး လက်မဲ့ဖြစ်နေကြပြီး သက္ကရာဇ် ၂၀၃၀ အရောက်တွင် အသက် ၃၀ ကျော်၊ ၄၀ နီးပါးရှိ တရုတ်အမျိုးသားများ၏ ၂၅ ရာခိုင်နှုန်းသည် အိမ်ထောင်ကျရဦးမည် မဟုတ်ဟု တွက်ချက်ခန့်မှန်းထားကြသည်။

အချို့မိသားစုများသည် မြန်မာနိုင်ငံမှ လူကုန်ကူးခံရသည့် အမျိုးသမီးများကို ဝယ်ယူရန် လိုလိုလားလားရှိနေကြပြီး လူကုန်ကူးသူများကလည်း ထိုအချက်ကို အခွင့်ကောင်းယူဖို့ စိတ်ထက်သန်နေကြသည်ဟု အစီရင်ခံစာက ဆိုသည်။

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တရုတ်မယားများအဖြစ် ရောင်းစားခံနေရသည့် အမျိုးသမီးများနှင့် မိန်းကလေးငယ်ဦးရေကို အတိအကျ မသိရှိသော်လည်း ၂၀၁၇ ခုနှစ်တွင် လူကုန်ကူးခံရသူ အမျိုးသမီး ၂၂၆ ဦးရှိခဲ့ကြောင်း မြန်မာအစိုးရက အစီရင်ခံခဲ့သည်ဟု ဆိုသည်။ သို့သော် လက်တွေ့တွင် ထိုအရေအတွက်ထက် များစွာ မြင့်မားနိုင်သည်ဟု ဟယ်သာဘား က ဆက်ပြောသည်။

လူကုန်ကူးမှု လျှော့ချနိုင်ရန် မြန်မာ နှင့် တရုတ် အစိုးရ အပြင် ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO) ကလည်း လူကုန်ကူးမှု တားဆီးရေး၊ ပြန်လည်ရယူရေးနှင့် လူကုန်ကူးသူများကို အရေးယူခြင်းတို့ ဆောင်ရွက်သင့်ကြောင်း HRW က တိုက်တွန်းလိုက်သည်။

Show More

Related Articles

Back to top button