သတင်း

တပ်မတော်သားအမတ် လျှော့ချရန် လွှတ်တော်ကော်မတီ ဆွေးနွေး

နေပြည်တော်တွင် ပြည်ထောင်စုလွှတ်တော်၏ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်း ကော်မတီ အစည်းအဝေးများကို ဆက်လက်ကျင်းပလျက်ရှိရာ  လွှတ်တော်ထဲတွင် တပ်ကိုယ်စားလှယ် မထားရန် မှတ်ချက်ပြုခဲ့သည်ဟု ကော်မတီ အဖွဲ့ဝင်  တစ်ဦးဖြစ်သူ ဦးစိန်ဝင်းက မတ်လ ၁၈ ရက်နေ့တွင် ပြောသည်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် မထားရှိရေးသည် ကော်မတီတွင်  အငြင်းပွားခြင်း မရှိခဲ့ဟု ၎င်းကပြောသည်။

“အငြင်းမပွားဘူးဗျ။ သူတို့က လွှတ်တော်ထဲရောက်မှ ထ ကန့်ကွက်လည်း   ကန့်ကွက်ပေါ့” ဟု   အမျိုးသား ညီညွတ်သော ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ၊ မအူပင် မဲဆန္ဒနယ်၊ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်းက ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အခန်း(၄) ဥပဒေပြုရေး အခန်း ပုဒ်မ (၁၀၉)နှင့်ပုဒ်မ (၁၄၁) တို့တွင် ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များကို အမည်စာရင်း တင်သွင်းရသည့် ပုဒ်မများဖြစ်သည်။

ပြင်ဆင်ရေး ပူးပေါင်းကော်မတီက လေ့လာစိစစ်သည့် ပြင်ဆင်ချက် ဇယားများပါဝင်သည့် စာရွက်များကို လွှတ်တော်ကိုယ်စားလှယ်များထံ ဝေငှထားပြီး ထိုစာရွက်များတွင် ပြင်ဆင်ရန် အကြံပြုချက်၊ ကျိုးကြောင်း ဖော်ပြချက်များ ဇယားများတွင် ပုဒ်မအလိုက် ပယ်ဖျက်ခြင်း၊ဖြုတ်ချခြင်းများကို ပြုလုပ်ရမည်ဖြစ်သည်။

ကော်မတီဝင် တစ်ဦးဖြစ်သူ ရခိုင်အမျိုးသားပါတီမှ ဦးအောင်ကျော်ဇံက ၎င်းတို့ ပါတီအနေဖြင့် လွှတ်တော်ထဲတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ လုံးဝ မထားရှိရန် ပြင်ဆင်ချက် တင်သွင်းခဲ့ကြောင်း ပြောသည်။

“ကျွန်တော်တို့ ပယ်ခဲ့ပါတယ်။ အစကတည်းက အခြေခံမူတွေမှာ ကတည်းက တပ်မတော်သားတွေ မပါဘူးဆိုတဲ့ မူကို တင်ထားတာပါ” ဟု ၎င်းက ပြောသည်။  

ကော်မတီဝင် တစ်ဦးဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအောင်ကြည်ညွန့်က ၎င်းတို့ ပါတီအနေဖြင့် မည်သည့် အချက်များကို ပြင်ဆင်လိုသည်ကို ထုတ်ဖော်မပြောနိုင်သေးကြောင်း ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အခန်း(၄) ဥပဒေပြုရေး အခန်း ပုဒ်မ (၁၀၉)နှင့်ပုဒ်မ (၁၄၁) တို့တွင် ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များကို အမည်စာရင်း တင်သွင်းရသည့် ပုဒ်မများဖြစ်သည်။

အမည်မဖော်လိုသည့် ကော်မတီဝင်တစ်ဦးက အခြေခံဥပဒေကို အစက ပြန်လည်ရေးဆွဲနေသည့် သဘောမျိုးဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်သို့ အခြေခံဥပဒေပြင်ဆင်သည့် ဥပဒေကြမ်း တင်သွင်းပြီး မဲခွဲဆုံးဖြတ်သွားမည်ဟု ယူဆကြောင်း ပြောသည်။

“ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ထားသည့် အရာသည် ပြည်သူက ဆုံးဖြတ်ပြီးသား သဘောတူပြီးသား မဲနဲ့ အတည်ပြုပြီးသားဖြစ်တဲ့အတွက် ဒါဟာ ဖွဲ့စည်းပုံ အသစ်ဖြစ်သွားမှာပဲ” ဟု ၎င်းက ထင်မြင်ချက်ပေးသည်။

အခြေခံဥပဒေပြင်ဆင်ခြင်း အခန်း(၁၂) ပုဒ်မ ၄၃၃ (က)(ခ) အရ အခြေခံဥပဒေကို ပြင်ဆင်လိုပါက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် တင်သွင်းသော အဆိုကို ဥပဒေ မူကြမ်းအဖြစ် တင်သွင်းရမည်ဖြစ်သည်ဟု ဖော်ပြထားသည်။

ပူးပေါင်းကော်မတီတွင် တပ်မတော်သားကိုယ်စားလှယ် ၈ ဦး၊  ပြည်ခိုင်ဖြိုး ကိုယ်စားလှယ် ၂ ဦး ပါဝင်သော်လည်း ၎င်းတို့က ပြင်ဆင်ချက် တင်သွင်းခြင်း မရှိကြသေးပေ။

လွှတ်တော်အသီးသီးရှိ ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စေလွှတ်သော တပ်မတော်သားများအတွက် ဖြစ်ရမည်ဟု အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည်။

အငြင်းပွားဖွယ် အများအပြား ရှိသော အဆိုပါ အခြေခံဥပဒေကို ပြင်ဆင်ရန်  ပြည်ထောင်စုလွှတ်တော်တွင်  အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်း ကော်မတီက ကြိုးပမ်းနေသည်။

Show More

Related Articles

Back to top button