သတင်း

ပုဏ္ဏားကျွန်းမြို့နယ်တွင် တပ်မတော်က ရဟတ်ယာဉ်များဖြင့်ဗုံးကြဲတိုက်ခိုက်ဟု ဒေသခံများပြော

စစ်တွေ – မြန်မာ့တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့(AA) တို့တိုက်ပွဲဖြစ်ပွားနေသော ပုဏ္ဏားကျွန်းမြို့နယ် ဗုဒ္ဓေါကျေးရွာအနီးတွင် တပ်မတော်က ရဟတ်ယာဉ်များ၊ ဂျက်တိုက်လေယာဉ်များဖြင့် မနေ့ညက တစ်ညလုံး ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“တိုက်ပွဲဖြစ်တာက လေး၊ ငါး၊ ရှစ်ရက်လောက်ရှိပြီး။ ဒီရက်ပိုင်းအတွင်းမှာပိုပြင်းလာပါတယ်။ ညဆိုလည်း ဂျက် လေယာဉ်တွေနဲ့ကြဲတယ်။ နောက် ဟယ်လီကော်ပတာ (ပဇိုင်း) နဲ့ကြဲတယ်။ ပဇိုင်းနဲ့ကြဲတဲ့နေ့ကတော့ အိမ် တစ်ဆောင်ကပ်ပါသွားပါတယ်။ လူကတော့လွတ်သွားပါတယ်။ ရွာအနီးမှာပဲ တိုက်ပွဲတွေ ဖြစ်နေ ပါတယ်။ ညဉ့်ကလည်း ဂျက်လေယာဉ်နဲ့ကြဲလို့ရွာသားတွေထွက်ပြေးလို့ ဖရိုဖရဲဖြစ်နေကြပါတယ်” ဟု ဗုဒ္ဓေါရွာသား ကိုသိန်းရွှေက ပြောသည်။

ဗုဒ္ဓေါရွာသည် ပုဏ္ဏားကျွန်းမြို့နယ် မြောက်ပိုင်းအဆုံး ကျောက်တော်မြို့နှင့် ပိုမိုနီးကပ်ပြီး အိမ်ခြေ ၁၀၀ နှင့် လူဦးရေ ၄၀၀ ခန့်ရှိကာ ယခု ရွာသားများအားလုံး ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ် ဘုန်းတော်ကြီးကျောင်းတွင် ရောက်ရှိ ခိုလှုံနေကြသည်ဟု ၎င်းက ဆက်ပြောသည်။ ယိုးတရုပ်ရွာသည် ပြီးခဲ့သည့် ရက်ပိုင်းက ရဲစခန်းကို AA တို့က ဝင်ရောက်စီးနင်းပစ်ခတ်သဖြင့် ရဲဝန်ထမ်းကိုးဦးကျဆုံးခဲ့သည့် နေရာဖြစ်သည်။

ပုဏ္ဏားကျွန်းမြို့နယ် ဆင်သေရွာဘက်တွင်လည်း လက်နက်ကြီးများ၊ လေယာဉ်ဗုံးကြဲသံများ ကြားရသည်ဟု အနီးအနားရွာမှ ရွာသားတစ်ဦးက ပြောသည်။

“ဆင်သေ(ရွာ) ဘက်မှာ လက်နက်ကြီးပစ်တာ။ ဂျက်လေယာဉ်နဲ့ပစ်တာကတော့ မနေ့ကဆယ်တန်း စာမေးပွဲဖြေပြီး ကတည်းကပါ။ တစ်ညလုံးလည်းကြားရပါ တယ်။ ဆင်သေရွာ အရှေ့ဘက်မှာ မင်းမှားချောင်း ဆိုတာရှိပါတယ်။ အဲဒီဘက်က ကြားရတာပါ” ဟု ပိုးရွှီပြင်ကျေးရွာမှ ကိုဘိုအောင်နိုင်က ပြောသည်။

ဗုံးကြဲတိုက်ခိုက်သည့်အသံများကို ကျောက်တော်၊ မြောက်ဦး၊ စစ်တွေ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း စသော မြို့နယ်များကအထိပင် ကြားနေခဲ့ရကြောင်း၊ တိုက်လေယာဉ်များကောင်းကင်တွင် လူးလာခေါက်တုံ့ ပျံနေ ကြသည်ကိုလည်းတွေ့ရကြောင်း ဒေသခံများက ပြောသည်။

“အိပ်ဖို့မရဘူး။ ညတုန်းက ဂျက်လေယာဉ်က ပွိုင့်မီးမထွန်းဘူး။ ပွိုင့်မီးမထွန်းပဲချတာ။ အိမ်ခေါင်မိုးပေါ်က သွားနေကြတယ်။ ဒီမနက်စောစောကလည်း ပျံသွားတယ်။ ဘယ်ဘက်ကိုသွားပြီး ချနေလဲမသိဘူး။ မြောက်ဦးဘက် ကိုပဲသွားပစ်သလား၊ ရသေ့တောင်ဘက်ကိုပဲသွားပစ်သလား၊ ပစ်ပြီးပစ်နေတာကို။ နေရာစုံကို။ ခုတော့နည်း နည်း ရပ်နေတယ်” ဟု ယိုးတရုပ်ကျေးရွာသားတစ်ဦးက ယနေ့နံနက်က ပြောသည်။

ယခုလ ၁၂ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ် မျက်လှဲရွာနှင့် ဗုဒ္ဓေါရွာတို့တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားကြောင်းနှင့် တပ်မတော်ဘက်မှ ရဟတ်ယာဉ် နှစ်စီးကိုအသုံးပြုပြီး စက်သေနတ်များ ရော့ကတ်လောင်ချာများနှင့် ၁ နာရီခန့် လာရောက်တိုက်ခိုက်ခဲ့ကြောင်း AA ပြောခွင့်ရ ခိုင်သုခကပြောသည်။

ရဟတ်ယာဉ်ပေါ်နှင့် တိုက်ခိုက်မှုအတွင်း ဗုဒ္ဓေါရွာအတွင်းသို့ စက်သေနတ်ကျည်ဆန်များကျရောက်ပြီး လူနေအိမ်တချို့ပျက်စီးသွားကြောင်း ခိုင်သုခက Myanmar Now ကို ယမန်နေ့က အတည်ပြုသည်။

တချို့ကလည်း အဆိုပါနေရာတွင် AA တပ်ဖွဲ့ဝင်များပိတ်မိနေသည်ဟုယူဆနေ ကြသည်။ ယမန်နေ့ ၁၃ ရက်နေ့ တစ်နေ့တည်းမှာပင် တပ်မတော်က လက်နက်ကြီးဖြင့် အကြိမ် ၂၅၀ ကျော်ပစ်ခတ်ခဲ့ကြောင်း AA ဒုတိယအကြီးအကဲဒေါက်တာညိုထွန်းအောင်က ၎င်း၏လူမှုကွန်ရက် VK တွင် ရေးသားထားသည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးကို Myanmar Now က ဆက်သွယ် သည့်အခါ အစည်းအဝေးလုပ်နေသဖြင့် မဖြေကြားနိုင်သေးဟု ပြောသည်။ တပ်မတော်သတင်းမှန် ပြန်ကြားရေးမှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ဆက်သွယ်သော်လည်း ဖုန်းကိုင်ခြင်းမရှိပါ။

ချင်းပြည်နယ်ပလက်ဝမြို့နယ်အပါအဝင်ရခိုင်မြောက်ပိုင်းမြို့နယ်များဖြစ်သောမောင်တော၊ရသေ့တောင်၊ဘူးသီးတောင်၊ကျောက်တော်၊ပုဏ္ဏားကျွန်းနှင့်မြောက်ဦးမြို့နယ်များတွင်တပ်မတော်နှင့်၎င်းတို့အကြားပြီးခဲ့သည့်နှစ်နိုဝင်ဘာမှယနေ့အထိတိုက်ပွဲပေါင်း၁၀၀ကျော်ဖြစ်ပွားခဲ့ကြောင်းAA ကထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button