သတင်း

ကျောက်မီးသွေးသုံးစက်ရုံတို့ကြောင့် နှစ်စဉ် ၇,၁ဝဝ ခန့် သေဆုံးနိုင်ဟုဆို

ရန်ကုန် – မြန်မာနိုင်ငံ၏ ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ်ထုတ်လုပ်ရေး စက်ရုံ စီမံကိန်းများကို အကောင်အထည်ဖော်မည် ဆိုပါက ယင်းစက်ရုံများ လည်ပတ်သက်တမ်း နှစ်ပေါင်း ၄ဝ အတွင်း အမှုန်အမွှား ထုတ်လွှတ်မှု၊ အိုဇုန်းလွှာညစ်ညမ်းမှုတို့ကြောင့် အချိန်မတိုင်ခင် သေဆုံးမှုမှာ နှစ်စဉ် ၇,၁ဝဝ ခန့် ရှိမည်ဟု မေ ၄ ရက်နေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာတစ်စောင်တွင် ခန့်မှန်းထားသည်။

သေဆုံးမှု ထက်ဝက်ခန့်မှာ မြန်မာပြည်တွင် ဖြစ်ပြီး အခြားထက်ဝက်မှာ အိမ်နီးချင်းတိုင်းပြည်များတွင် ဖြစ်မည်ဟု အမေရိကန်ပြည်ထောင်စုမှ ဟားဗတ် တက္ကသိုလ်၊ ကမ္ဘာကျော် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ Greenpeace တို့ ပူးပေါင်း ပြုစုသည့် သုတေသန အစီရင်ခံစာတွင် ခန့်မှန်း ရေးသားထားသည်။

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် လေထုညစ်ညမ်းမှု အမြင့်ဆုံးဖြစ်နေသည်ဟုလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို ကိုးကားပြီး အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကမ္ဘာအနှံ့ ကြုံနေရသည့် အမှုန်အမွှား ညစ်ညမ်းပျံ့နှံ့နေမှု၏ အဓိက အရင်းအမြစ်မှာ ကျောက်မီးသွေး လောင်ကျွမ်းခြင်းကြောင့် ဖြစ်ကြောင်း မြန်မာပြည်တွင်း ပြည်သူ့ကျန်းမာရေးဆိုင်ရာ ကျောက်မီးသွေးအန္တရာယ် ဟု အမည်ပေးထားသည့် အစီရင်ခံစာက ဆိုသည်။

“အမှုန်အမွှားများအား ရှူရှိုက် ထိတွေ့မိခြင်းသည် ကမ္ဘာပေါ်တွင် အဆုတ်ကင်ဆာ၊ လေဖြတ်၊ နှလုံးရောဂါ၊ နာတာရှည် အသက်ရှူလမ်းကြောင်းရောဂါများ၊ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း နှင့် ရင်ကျပ်ပန်းနာ ဖြစ်ပွားနိုင်ခြေ မြင့်တက်ခြင်း အပါအဝင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျန်းမာရေး ထိခိုက်မှုကို အများဆုံး ဖြစ်ပေါ်စေသော အကြောင်းရင်းဖြစ်သည်” ဟု မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ထုတ်ပြန်သော အစီရင်ခံစာတွင် ရေးသားထားသည်။

အစီရင်ခံစာပါ ကျန်းမာရေးဆိုးကျိုးခန့်မှန်းမှုသည် ဟားဗတ်တက္ကသိုလ် လေထု ဓာတု သရုပ်ခွဲဌာန စမ်းသပ်ချက်အပေါ် အခြေခံပြီး ခန့်မှန်းခြင်းဖြစ်သည်ဟု ဆိုသည်။

လက်ရှိအချိန်တွင် ကျောက်မီးသွေးအသုံးပြုနေသည်မှာ ကော့သောင်းနှင့် တီကျစ်ဓာတ်အားပေးစက်ရုံ ၂ခုသာ ရှိကြောင်း၊ စက်ရုံကြီး ၁ဝ ခု တည်ဆောက်ပြီး လျှပ်စစ် မီဂါဝပ် ၈,ဝဝဝ ထုတ်ရန် စီစဉ်နေကြောင်း အစီရင်ခံစာက ဆိုသည်။

ဤအတောအတွင်း နိုင်ငံ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်က နှစ်စဉ် ၁၅ ရာခိုင်နှုန်းမှ ၁၇ ရာခိုင်နှုန်းအထိ မြင့်တက်နေသည်။

လျှပ်စစ်ဓာတ်အားကို နည်းမျိုးစုံဖြင့် ထုတ်ယူအသုံးပြုနေချိန်တွင် နိုင်ငံတကာနည်းတူ ရေအား၊ သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေးတို့မှ ထုတ်လုပ်နိုင်ရန် လျာထားခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က အစိုးရ၏ ပထမရက် ၁ဝဝ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

သို့သော်လည်း ကျောက်မီးသွေးစွမ်းအင်သုံးပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းများကို ပြည်သူလူထုက လက်ခံနိုင်ခြင်းမရှိသေးကြောင်း၊ ကျောက်မီးသွေးအသုံးပြုမည် ဆိုသည်နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မည်ဆိုပြီး ကန့်ကွက်ကြကြောင်း၊ ပြည်သူတို့၏ကန့်ကွက်ချက်ကို အလေးထားပြီး ကျောက်မီးသွေးစွမ်းအင်ဆိုင်ရာ အစီအစဉ်များ ရပ်ဆိုင်းသွားသဖြင့် ဓာတ်အားကို မျှော်မှန်းထားသလောက် မထုတ်လုပ်နိုင်သေးကြောင်း အမြဲတမ်းအတွင်းဝန်က ပြောသည်။

ပြည်သူတို့၏ကန့်ကွက်ချက်ကို အလေးထားသည်ဆိုသော်လည်း အစိုးရက ကျောက်မီးသွေးစွမ်းအင်ကို မျက်စိကျနေသည်။

သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာ အငြင်းပွားချက်များကြောင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေ စီမံကိန်းများ နှောင့်နှေးကြန့်ကြာရသည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာထွန်းနိုင်က မတ်လ ၃ ရက်နေ့တွင် ပြောသည်။

“မီးမလောက်တော့ လောက်သလောက်လေးပဲ ပေးတော့ မီးပျက်တယ်၊ မီးပျက်တော့ စက်မှု လုပ်ငန်းရှင်တွေကရော ပြည်သူတွေရော လျှပ်စစ်ဒုက္ခကို မခံစားနိုင်တော့ ကိုယ်ပိုင် မီးစက်ငယ်လေးတွေ တပ်ပြီး တုတ်တုတ် တုတ်တုတ်နဲ့ မောင်းပါတယ်” ဟု ဒုဝန်ကြီးက ရန်ကုန်မြို့တွင် ပြုလုပ်သည့် ရန်ကုန်တိုင်း ဒေသကြီး၏ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာဆွေးနွေးပွဲတွင် ပြောကြားကြောင်း ဝန်ကြီးဌာန အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံမှထွက်သည့် ညစ်ညမ်းမှုကို ကြောက်ရွံ့ကြသော်လည်း ငွေကြေးကုန်ကျမှု များပြားသည့် ဒီဇယ်၊ ဓာတ်ဆီသုံး အင်ဂျင်တို့မှ ထွက်သည့် အသံနှင့် လေထုပိုင်းဆိုင်ရာ ညစ်ညမ်းမှုကို လက်ခံနေခြင်းမှာ အံ့သြစရာ ကောင်းသည်ဟု ဒုဝန်ကြီးက ဆိုသည်။

Show More

Related Articles

Back to top button