သတင်း

ခြေဥပြင်ဆင်ရေး ဆန္ဒပြပွဲများ အရှိန်မြင့်လာ

မန္တလေး – အရှိန်မြင့်တက်နေသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒပြပွဲများ နိုင်ငံအနှံ့တွင် ကျင်းပလျက်ရှိရာ မန္တလေး၊ ပုသိမ် နှင့် မိုးမိတ်မြို့များတွင်လည်း ခြေဥပြင်ဆင်ရေးတောင်းဆိုမှုများ ယနေ့ပြုလုပ်ခဲ့ကြသည်။

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့ရှိ မြို့ခံလူထုက ယနေ့ မနက်ပိုင်းတွင် တံတားဦးမြို့အဝင် လမ်းဆုံမှ မြို့တစ်ပတ် လှည့်လည်ပြီး ခြေ/ ပြင်ဆင်ရေး ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြသည်။

ဆန္ဒထုတ်ဖော်သူများက၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ဒို့အရေး၊ ပြည်သူအကျိုးမရှိတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဒို့အရေး၊ စစ်အစိုးရ တစ်ဖက်သတ်ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဒို့အရေးစသည့် ကြွေးကြော်သံများကို ဟစ်အော် တောင်းဆိုခဲ့ကြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဦးဆောင်ပြီး ဇန်နဝါရီလ ၂၉ ရက်နေ့က၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းရန်  ပြည်ထောင်စုလွှတ်တော်တွင် အရေးကြီးအဆိုတင်သွင်းခဲ့ပြီးနောက် မြန်မာပြည်တစ်ဝန်းရှိ မြို့ကြီးများတွင် ခြေ/ ပြင်ဆင်ရေး ဆန္ဒပြတောင်းဆိုမှုများ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

ဆန္ဒထုတ်ဖော်တောင်းဆိုသူများက ထိုပူးပေါင်းကော်မတီကို ထောက်ခံကြပြီး အခြေခံဥပဒေပြင်ဆင်ရန် တောင်းဆိုခဲ့ကြသည်။

တံတားဦးမြို့တွင် နေထိုင်သည့် ဦးဌေးဇော်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်သူလူထု၏ ဆန္ဒသဘောထားမပါဘဲ ရေးဆွဲထားသည့်အတွက် ပြင်ဆင်ပေးရန် လာရောက် ဆန္ဒပြတောင်းဆိုရခြင်းဖြစ်သည်ဟု ပြောသည်။

ဒီ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေကြီးက စစ်တပ်ကနေပြီး ကာကွယ်ရေးဦးစီးချုပ်တစ်ယောက်တည်းကနေ မြန်မာပြည်ရဲ့အရေးကို ပြည်သူ့ဆန္ဒသဘောထားမပါဘဲ အာဏာနဲ့ ရေးဆွဲထားတာဖြစ်တယ်။ ဒါ့ကြောင့် ပြည်သူလူထုကနေ မဖြစ်မနေပြင်ဖို့ တာဝန်ရှိတဲ့အတွက် လုပ်တာပါ ဟု ၎င်းက ပြောသည်။

မန္တလေးမြို့မှ အထင်ကရကဗျာဆရာကြီး ကိုလေး(အင်းဝဂုဏ်ရည်)က လူသိန်းချီသေဆုံးခဲ့သည့် နာဂစ်မုန်တိုင်းဖြစ်ပွားခဲ့သည့် ၂၀၀၈ မေလတွင် အတည်ပြုခဲ့သည့် အခြေခံဥပဒေကို ပြင်ဆင်ခြင်းထက် လူထုဆန္ဒနှင့်အညီ အသစ်ရေးဆွဲခြင်းက ပိုဖြစ်သင့်သည့်ဟု သတင်းထောက်များကို ပြောသည်။

ပြင်စရာမလိုဘူး လူထုသဘောထားအရ အသစ်ကို ပြန်ရေးပစ်ရမယ်ဟု ၎င်းက ပြောသည်။

ဆန္ဒပြတောင်းဆိုသည့် လူအုပ်ကြီးတွင်ပါဝင်သူ တံတားဦးမြို့ခံ ဒေါ်ခင်မိုးရည်က ယခင် တပ်မတော်အစိုးရချမှတ်သွားသည့် မည်သည့်ဥပဒေအချက်မှ မကြိုက်နှစ်သက်ကြောင်း၊ ထို့ကြောင့် ပြင်ဆင်လိုကြောင်း ပြောသည်။

ကျွန်မတို့က လက်ရှိအစိုးရကို ကြိုက်တယ်။ အရင်အစိုးရကို မကြိုက်ဘူး။ ဒါ့ကြောင့် အရင်အစိုးရ လုပ်သွားတဲ့ဥပဒေ ဘယ်အချက်ကိုမှ မကြိုက်ပါဘူး။ ဒါ့ကြောင့် ပြင်ဖို့ထောက်ခံတာပါဟု ဆိုသည်။

ပုသိမ်တွင်လည်း ခြေ/ ပြင်ရန် တောင်းဆို

ပုသိမ်တွင် ခြေဥပြင်ဆင်ရေးအတွက် တောင်းဆိုနေကြစဉ်။

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ မြို့တော်ခန်းမရှေ့တွင် ယနေ့ မနက် နာရီက စတင်ပြီး ထောင်နှင့်ချီသည့် မြို့ခံလူထုက အခြေခံဥပဒေပြင်ဆင်ရန် ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြသည်။

ဆန္ဒထုတ်ဖော်တောင်းဆိုပွဲစီစဉ်သူ ဝါးခယ်မမြို့မှ ကိုအောင်ဆန်းက ခွင့်ပြုမိန့်ရရှိရန် ဖေဖော်ဝါရီလကုန်ကတည်းက စတင်လျှောက်ထားခဲ့ခြင်းဖြစ်ပြီး ပြင်ဆင်လိုသူများ၏ ဆန္ဒမဲလက်မှတ်များ ကောက်ယူခဲ့ရာ လက်မှတ်ပေါင်း ၆၀၀၀ ကျော် ရရှိခဲ့သည်ဟု ဆိုသည်။

ကျွန်တော့်တစ်ဦးတည်း သဘောဆန္ဒကို ပြောရမယ်ဆိုရင် ကျွန်တော်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသစ်ပြန်လည်ရေးဆွဲချင်ပါတယ်ဟု ၎င်းက ပြောသည်။

ပုသိမ်မြို့ ခြေ/ ပြင်ဆင်ရေး ဆန္ဒထုတ်ဖော်တောင်းဆိုပွဲတွင် စာရေးဆရာ ထင်လင်းဦးနှင့် စာရေးဆရာ တိုးဝေတို့က နေ့လယ် ၁၁ နာရီထိ ၂၀၀၈ အခြေခံဥပဒေအကြောင်း ဟောပြောခဲ့ကြသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့တွင်လည်း မြို့ခံလူထုက ခြေ/ ပြင်ဆင်ရေးကို ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြပြီး ရာနှင့်ချီသည့် မိုးမိတ်မြို့ခံများက ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည် ဟု ရေးသားထားသည့် ဗီနိုင်းစများကို ကိုင်ဆောင်ပြီး မြို့တစ်ပတ် လှည့်လှည် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

NLD အမတ်များသည် ခြေဥပြင်ဆင်ရန် ပြည်ထောင်စုလွှတ်တော်တွင် အရေးကြီးအဆိုတင်သွင်းပြီးနောက် ပြည်ခိုင်ဖြိုးနှင့် တပ်မတော်၏ ကန့်ကွက်မှုများကြားမှ မဲခွဲဆုံးဖြတ်ခဲ့ပြီး  “အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ဖွဲ့စည်းနိုင်ခဲ့သည်။

အဖွဲ့ဝင် ၄၅ ဦး ပါဝင်သည့် ထိုပူးပေါင်းကော်မတီတွင် တပ်မတော်သားကိုယ်စားလှယ် ဦးနှင့် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ် ဦးတို့လည်း ပါဝင်သည်။

ကော်မတီ၏ ဒုတိယအကြိမ်အစည်းအဝေးကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်လိုသည့် အချက်များကို ဆွေးနွေးခဲ့ကြသည်။

Show More

Related Articles

Back to top button