သတင်း

ဗဟိုအစိုးရ မီးစိမ်းပြလျှင် ကျောက်မီးသွေးစီမံကိန်း စမည် — ကရင်ဝန်ကြီးချုပ်

(ဘားအံ) — ကရင်ပြည်နယ်၊ ဘားအံမြို့ ကျောက်မီးသွေးလောင်စာသုံး ဓာတ်အားပေးစက်ရုံစီမံကိန်း စတင်ရန် ပြည်ထောင်စုအစိုးရထံမှ ခွင့်ပြုချက် စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က မေ ၂၉ ရက်နေ့တွင် ပြောသည်။

“ပြည်ထောင်စုကနေ လောလောဆယ်မှာတော့ ဆွေးနွေးနေဆဲလို့ပဲ ကျွန်မတို့ သိရတယ်။ တကယ်လို့များ ပြည်ထောင်စုက မီးစိမ်းပြလိုက်တာနဲ့ ချက်ချင်းလုပ်နိုင်အောင်ဆိုပြီးတော့ စီစဉ်နေတာတွေတော့ ရှိတယ်” ဟု ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့ရုံး သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ကျောက်မီးသွေးစွမ်းအင်သုံးပြီး မီဂါဝပ် ၁,၂၈ဝ ထုတ်လုပ်မည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးနှင့် ပတ်သက်ပြီး နေပြည်တော်က တရားဝင် ပြောဆိုခြင်း မရှိသေးပေ။

အကြီးစားလျှပ်စစ်ဓာတ်အား စီမံခန့်ခွဲခွင့်ကို ပြည်ထောင်စုအစိုးရကသာ လုပ်ကိုင်ခွင့်ရှိပြီး ပြည်နယ်/တိုင်းဒေသကြီး အစိုးရတို့က မဂ္ဂါဝပ် ၃ဝ ထက် မပိုသည့် စီမံကိန်းမျိုးကိုသာ လုပ်ကိုင်ခွင့်ရှိသည်။

၈၁၅ ဧက ကျယ်ဝန်းသည့် စီမံကိန်းနယ်မြေအတွင်းရှိ လယ်ယာမြေပိုင်ရှင်အများအပြားကို နစ်နာကြေး၊ သီးနှံလျော်ကြေး ပေးအပ်ခဲ့ပြီးဖြစ်သည်ဟု ကရင်ပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ အတွင်းရေးမှူး ဦးမင်းမင်းက ပြောသည်။

၂ဝ၁၇ ခုနှစ်အတွင်း လယ်မြေ ၂၂၆ ဧကအတွက် ပြည်နယ်အစိုးရက ပေးလျော်ခဲ့သည့် ငွေပမာဏမှာ ကျပ်သိန်းပေါင်း ကိုးထောင်ကျော်ရှိသည်ဟု ဆိုသည်။

အငြင်းပွားဖွယ်စီမံကိန်း

စီမံကိန်းကို Toyo Thai အမည်ရှိ ဂျပန်-ထိုင်း ဖက်စပ်ကုမ္ပဏီက ဝတ်ကြီးကျေးရွာအုပ်စု အထက်စု၊ ထုံးတောင်၊ သုံးအိမ်ကျေးရွာအနီးတွင် တည်ဆောက်သွားမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံငွေ အမေရိကန်ဒေါ်လာ သုံး ဘီလျံ ရှိမည် ဖြစ်သည်။

ကရင်ပြည်နယ် လျှပ်စစ်နှင့်စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးစိုးလှိုင်က ၎င်းတို့ဌာနက စီမံကိန်းနယ်မြေတွင် လေ့လာဆန်းစစ်မှုများ ပြုလုပ်နေကြောင်း၊ စီမံကိန်းဖော်ဆောင်မည့် ကုမ္ပဏီကလည်း အကြိုစမ်းသပ်မှု အစီရင်ခံစာကို လစဉ် တင်ပြနေကြောင်း ပြောသည်။

“ဒါက ပြည်သူတွေကောင်းဖို့အတွက် လုပ်တဲ့ စီမံကိန်းပါ။ အခု သူတို့တင်ပြတဲ့ အစီရင်ခံစာတွေ၊ စီမံကိန်းအစီရင်ခံစာတွေမှာ ဆိုရင်လည်း အခုစိုးရိမ်နေကြတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ သက်ဆိုင်တဲ့ အချက်တွေကို ဘယ်လိုလုပ်မယ်ဆိုပြီးတော့ သေသေချာချာ ဖော်ပြထားပါတယ် ” ဟု ဦးစိုးလှိုင်က ဆိုသည်။

၂ဝ၁၇ အောက်တိုဘာတွင် ပြည်နယ်အစိုးရအဖွဲ့နှင့် ပညာရှင်များ စီမံကိန်းနယ်မြေသို့ လာရောက်စဉ် ထိုဒေသရှိ ကျေးရွာ ၁၉ ခုမှ ဒေသခံ ၃,ဝဝဝ ကျော် ပါဝင်လက်မှတ် ရေးထိုးထားသည့် ကန့်ကွက်စာကို ပေးအပ်ခဲ့ကြောင်း ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှုလှုပ်ရှားမှု ကွန်ရက်မှ ကိုစောသာပိုးက ပြောသည်။

ယင်းစီမံကိန်းကို အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းတစ်ရာများနှင့် ဒေသခံများက ကန့်ကွက်ထားကြောင်း Myanmar Alliance for Transparency and Accountability (MATA)က ပြုလုပ်သည့် အစိမ်းရောင်အနာဂတ်အား မီးလောင်တိုက်သွင်းခြင်း စာတမ်းငယ်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့်နှစ်အတွင်း ဒေသအတွင်းမှ စီမံကိန်းကို ထောက်ခံသူများရော ကန့်ကွက်သူများပါ ပါဝင်သည့် ဂျပန်နိုင်ငံ ကျောက်မီးသွေးစွမ်းအင် လေ့လာရေးခရီးစဉ် ၂ ခု ရှိခဲ့သည်။

ဘားအံစီမံကိန်းအတွက် သန့်စင်ကျောက်မီးသွေးစနစ် အသုံးပြုမည်ဟု သတင်းထွက်ပေါ်နေချိန်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားအများအပြားက ထိုစနစ်သည် ဒေသခံတို့အပေါ် ဆိုးကျိုးသက်ရောက်နေဦးမည်ဖြစ်သည်ဟု တုံ့ပြန်ခဲ့ကြပြီး ကုန်ကျစရိတ် ကြီးမားမည့် ထိုစနစ်ကို အမှန်တကယ် ကျင့်သုံးပါက ကုမ္ပဏီအတွက် တွက်ခြေကိုက်ဖွယ် မရှိဟု သုံးသပ်ကြသည်။

Show More

Related Articles

Back to top button