မေးမြန်းခန်း

“အထက်အောက် မယုံကြည်မှုတွေက ပိုများလာတယ်” – အင်တာဗျူး

စစ်ကောင်စီတပ်သားများ ထိခိုက်ကျဆုံးမှု၊ တပ်ကို စွန့်ခွာမှု များပြားလာနေဆဲဖြစ်သည်ဟု  အာဏာဖီဆန်လိုသည့် တပ်မတော်သားများကို ကူညီနေသူ ဗိုလ်ကြီးလင်းထက်အောင်က ပြောသည်။ 

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း Myanmar Now က ဆက်သွယ် မေးမြန်းစဉ် ဗိုလ်ကြီးလင်းထက်အောင်က အာဏာသိမ်း စစ်တပ်အတွင်း အထက်နှင့်အောက် ယုံကြည်မှု နည်းပါးခြင်း၊ စစ်သားလိုအပ်ချက်အတွက် ဖြေရှင်းမှု အခြေအနေ၊ သုံ့ပန်းမူဝါဒများအကြောင်း ပြောပြထားသည်။ 

မေး – ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနက မြန်မာစစ်တပ်က ဗိုလ်လောင်းတွေကို နှစ်စဉ်ပေးနေကျ စစ်သင်တန်းတွေ ၂၀၂၃ ဧပြီလကစပြီး ရပ်ဆိုင်းတော့မယ်လို့ သိရပါတယ်။ ဒီပိတ်ဆို့မှုနဲ့ ပတ်သက်ပြီး နည်းနည်းသုံးသပ်ပေးပါ။  

ဖြေ –  မနှစ်ကတည်းက ဒီလိုမျိုးဆက်မလုပ်ဖို့ကို မီဒီယာကနေသော်လည်းကောင်း၊ စာပေးပို့ခြင်းနဲ့သော်လည်းကောင်း ဂျပန်နိုင်ငံက မြန်မာပြည်သူတွေကနေလည်း  ဗိုလ်လောင်းတွေ၊ သင်တန်းသားတွေကို မသင်ကြားပေးဖို့ တော်လှန်ရေးကာလစအကတည်းက ဖိအားပေးတာ။ အရပ်ဖက်အဖွဲ့အစည်းတွေ အဓိက ဖိအားပေးခဲ့တာကျွန်တော်တို့ တွေ့ရတယ်။ ဥပမာ Justice For Myanmar တို့လို၊  အချက်အလက်တွေ ထုတ်ဖော်ပြီးပြောခဲ့တာ။ ဖိအားပေးခဲ့တဲ့အချိန်မှာလည်း သူတို့မလုပ်ခဲ့ဘူး။ သူတို့ အဲ့ဒီအချိန်တည်းက လုပ်ခဲ့ရင် ပိုပြီးတော့ ကောင်းမှာပေါ့။  မြန်မာစစ်တပ်ကို ပညာသင်ကြားပေးနေတာသည် ကောင်းကျိုးဖြစ်ထွန်းနိုင်စရာ တစ်ကွက်မှမရှိတဲ့အတွက်၊ သူတို့အခုလို ဆုံးဖြတ်ချက်ချလိုက်တာသည် မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှု၊ ကိုယ့်ပြည်သူကိုယ် ညှင်းပန်းနှိပ်စက်မှု၊ နောက်ပြီး အကြမ်းဖက်လုပ်ရပ်တွေကိုလုပ်ဆောင်နေတဲ့ အချက်တွေကြောင့်လို့  ထင်ပါတယ်။ 

ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနနဲ့ မြန်မာစစ်တပ် အဆက်အဆံရှိတာကတော့ ကျွန်တော်တို့ ၂၀၁၀ စစ်သင်တန်းဝင်ကတည်းက အဆက်အဆံရှိတယ်လို့တော့ သိထားတယ်။ သင်တန်းတွေခေါ်တာကတော့ ကျွန်တော်တို့ ဗိုလ်လောင်းဘဝမှာတော့ မခေါ်သေးဘူး။  ဒီလိုရပ်ဆိုင်းလိုက်တာ မြန်မာစစ်တပ်အတွက်က   ကြီးကြီးမားမားထိခိုက်မှုတော့မရှိဘူး၊ ဘာဖြစ်လို့လဲဆိုတော့ မြန်မာစစ်တပ် အနေနဲ့က တခြားနိုင်ငံတွေမှာလည်း စစ်ပညာသွားသင်ယူနေတာတွေလည်း ရှိတယ်။  

မေး – မကြာသေးခင်ကပဲ စစ်ရဟတ်ယာဉ်တွေ သွားပစ်လို့ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းမှာ ကလေးအများအပြားသေဆုံးသလို ကရင်နီပြည်နယ်ထဲက ဘုရားကျောင်း တစ်ကျောင်းမှာ ခိုလှုံနေတဲ့ ကလေးငယ်နှစ်ဦး လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့်ပဲ သေဆုံးခဲ့ရပါတယ်။ ဒီတိုက်ခိုက်မှုတွေမှာ ဂျပန်မှာ စစ်သင်တန်းတက်ရောက်ခဲ့ဖူးတဲ့သူတွေ ပါနိုင်မလား။

ဖြေ – ပါဝင်နိုင်မလားဆိုတော့ မြေပြင်တပ်ဖွဲ့တွေမှာတော့ ပါဝင်နိုင်မှုအနေအထားက နည်းတယ်။ ဒါပေမယ့် ဒီလို လုပ်ငန်းဆောင်တာမျိုးတွေလုပ်ဖို့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်ပတ်သက်မှုတွေရှိတယ်။ နောက်ပြီးတော့ ဒီဂျပန်ကိုသွားရောက်တဲ့ သင်တန်းသားတွေအနေနဲ့က နေပြည်တော်လို ဌာနချုပ်တွေမှာ နေတဲ့သူတွေက အဓိကသွားရောက်တယ်လို့ သိထားတယ်။ အဲ့ဒီတော့ ဒီလိုပြန်လာတဲ့သူတွေအနေနဲ့ ပြန်လာတဲ့သူတွေအနေနဲ့ အခုလုပ်နေတဲ့ စစ်ဆင်ရေးတွေမှာ သူတို့ရဲ့အကြံပေးမှုတွေ၊ နည်းပညာဆိုင်ရာ ပံ့ပိုးမှုတွေကတော့ ပါလိမ့်မယ်ဗျ။ တိုက်ရိုက်မပတ်သက်ရင်တောင် သွယ်ဝိုက်ပြီးပတ်သက်နေပါတယ်။  အဲ့ဒီကပြန်လာတဲ့သူတွေကတော့ သင်လာသမျှပညာတွေကို ပြန်ပြီးအသုံးချမှာပဲ။ အခုအချိန်ထိလည်း အသုံးချနေကြတာရှိမှာပဲ။ ဆယ်ယောက်သွားတက်ရင် တစ်ဝက်လောက်ကတော့ ဒီထဲမှာ ပြန်ပါနေမှာပဲ။ အကုန်လုံးက တိုက်ရိုက်မပတ်သက်ရင် တစ်ဝက်လောက်က အကြံပေးမှုတွေရှိနေမှာပဲ။

မေး – ၂၀၂၁   ဖေဖော်ဝါရီလကတည်းက မြန်မာစစ်တပ်က အပြစ်မရှိတဲ့ ပြည်သူတွေကို စတင်သတ်ဖြတ်ခဲ့တာဆိုပေမယ့် ၂၀၂၂  ဇူလိုင်လအတွင်းက  နိုင်ကျဥ်းလေးဦးကို ကြိုးပေးကွပ်မျက်ခဲ့လို့ ဂျပန်ဘက်က အခုလို ဆုံးဖြတ်ချက်ထွက်လာတာရော ဖြစ်နိုင်ပါသလား။

ဖြေ – ဖြစ်နိုင်တယ်။ နိုင်ငံရေးအကျဉ်းသားတွေကို ကြိုးပေးသတ်ဖြတ်တာနဲ့ပတ်သက်ပြီး တစ်ကမ္ဘာလုံးက စစ်ကောင်စီကို ရှုံ့ချတာတွေရှိတယ်။ နောက်ပြီးတော့ သူတို့နဲ့ နီးနီးကပ်ကပ် ထိကပ်နေတဲ့နိုင်ငံတွေတောင် ရေငုံနှုတ်ပိတ်နေတာမျိုးမတွေ့ရဘူး။ ဒီ နိုင်ငံရေးသမားတွေကို ကြိုးပေးခဲ့တာကြောင့် ဒီလိုမျိုးလုပ်ငန်းစဉ်တွေ   ဖြစ်လာတာလို့ အပြည့်အဝယုံကြည်တယ်။ ဆိုးဝါးတဲ့ ကျွန်တော်တို့နိုင်ငံသမိုင်းထဲက ဖြစ်ရပ်တစ်ခုဖြစ်နေတယ်။ လူ့အခွင့်ရေးကို ကြီးကြီးမားမား ချိုးဖောက်လိုက်တဲ့ကိစ္စရပ်လည်းဖြစ်တယ်။ နိုင်ငံရေးအရလည်း အောက်တန်းကျတဲ့လုပ်ရပ် ဖြစ်တဲ့အတွက် ဒီလို ရပ်ဆိုင်းလိုက်တာတွေက ဖြစ်လာတယ်။ တစ်စိတ်တစ်ပိုင်းအနေနဲ့ ဖြစ်သွားတယ်လို့ ကျွန်တော့်အနေနဲ့ မြင်တယ်။

မေး – မြန်မာစစ်တပ်က ဗိုလ်လောင်းတွေကို စစ်ရေးသင်တန်းပေးနေတာ ဂျပန်အပြင် အခြားဘယ်နိုင်ငံတွေရှိဦးမလဲ။

ဖြေ – အာရှထဲက တော်တော်များများတယ်။ အိန္ဒိယဆိုရင် ဗိုလ်လောင်းတွေတင် မဟုတ်ဘူး၊ အခြားသော စစ်သည်တွေကိုပါ စေလွှတ်တာရှိတယ်။ နောက်ပြီး တရုတ်၊ ရုရှား၊ ထိုင်း၊ ဗီယက်နမ်။ ဒါတွေက ကျွန်တော် သိသလောက်နိုင်ငံတွေပါ။ နှစ်စဉ် စေလွှတ်မှုတွေရှိနေတယ်။ 

မေး –  စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ နီးစပ်ရာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဆီမှာ သွားပြီးပူးပေါင်းတာတို့၊ လက်နက်တွေ သွားအပ်နှံတာတို့ အဲ့လိုမျိုးတွေ ဆက်တိုက်ဖြစ်လာတာ ဘာကြောင့်လို့ ထင်ပါသလဲ။

ဖြေ – အခုလို အခြေအနေမှာတော့ ဖြစ်မှာပဲ။ ခု လောလောလတ်လတ်ဖြစ်ထားတဲ့ ကြိတ်စခန်းတို့၊ အခြားသော ရခိုင်မှာဆိုလည်း ခမရ ၃၅၂ တပ်စခန်းတွေအပြင် နိုင်ငံအနှံ့ဖြစ်နေတဲ့ တိုက်ပွဲတွေမှာ လက်နက်ချတာတွေ အရမ်းများလာတယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ စစ်ရေးဗျူဟာအရဆို အင်အားသုံးစွဲနိုင်ခြေက အကန့်အသတ်ရှိလာတယ်။ အရင်လို ထုနဲ့ထည်နဲ့ တိုက်စစ်ဆင်နိုင်တဲ့ အနေအထား မြန်မာစစ်တပ်မှာ အတော်လေး အားနည်းလာတာကို ကျွန်တော်တို့တွေ့ရတယ်။ အဲ့ဒါကြောင့်လည်း မြေပြင်တပ်ဖွဲ့တွေမှာ စိတ်ဓာတ်ပိုင်းဆိုင်ရာနဲ့ တိုက်လိုခိုက်လိုစိတ်တွေ တော်တော်လေး အားနည်းသွားတာ တွေ့ရတယ်။ အသေခံတိုက်မယ်ဆိုတာ မတွေ့ရတော့ဘူး။ အထက်က ဖိအားပေးမှုများလာရင် ထွက်ပြေးရင်ပြေးမယ်၊ လက်နက်ချရင်ချမယ်။ အညံ့ခံရင် ခံမယ်ဆိုတာ ပိုပြီးများလာတယ်။ အဓိကက အထက်နဲ့အောက် ယုံကြည်မှုနည်းလာတယ်။ စိတ်ဓာတ်ပိုင်းဆိုင်ရာ ခိုင်မာမှု အားနည်းလာတယ်။   ဝေဟင်ကပဲ ဘယ်လောက်ပစ်ပစ်၊ အမြောက်ကြီးတွေနဲ့ပဲ ဘယ်လောက်ပစ်ပစ်၊ မြေပြင်က တပ်ဖွဲ့တွေအနေနဲ့ကတော့ သူတို့ရဲ့ စစ်ဗျူဟာကို ကောင်းမွန်စွာ သုံးစွဲနိုင်မှုအခြေအနေက ရှေ့ကပြောသလို အားနည်းသွားတာဖြစ်လို့ မြေပြင်မှာ ဒီလိုတွေ ဖြစ်နေတာ။ ထပ်ပြီးတော့လည်း ဖြစ်ပွားဦးမှာလို့ ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်။

မေး – မကြာသေးခင်က ပေါက်ကြားလာတဲ့ လျှို့ဝှက်စာမှာ အာဏာသိမ်းစစ်ခေါင်းဆောင်က စစ်တပ်ထဲ  အတော်လေး အားနည်းမှုတွေရှိလာတယ်လို့ ပြောထားတာ တွေ့တယ်၊  ဘယ်လိုအားနည်းမှုတွေရှိနေတာလဲဆိုတာ နည်းနည်းလောက် သုံးသပ်ပေးပါဦး။

ဖြေ – ဒီထဲမှာ မင်းအောင်လှိုင်ကိုယ်တိုင်က သူ့ရဲ့ တပ်မှူး၊ တပ်သားတွေကို ယုံကြည်မှုအားနည်းနေတာ တွေ့ရတယ်။ သူတို့ရဲ့ တစ်ကိုယ်တည်းအကျိုးစီးပွားကိုသာ ဆောင်ရွက်ပြီး၊ မင်းအောင်လှိုင် တပ်ချုပ်ဖြစ်တည်းက စစ်တပ်ရဲ့ အကျိုးစီးပွားကိုအကြောင်းပြပြီး သူ့ကိုယ်ကျိုးစီးပွားကို ရှာသွားတာက ပိုများတယ်။ အခုဆိုရင်လည်း အာဏာသိမ်းလိုက်တာကလည်း စစ်တပ်ရဲ့အကျိုးစီးပွားထက် သူတို့တစ်ကိုယ်ရေအကျိုးစီးပွားအတွက် လုပ်လိုက်တာ။ စစ်တပ်ကို သူတို့အနေနဲ့ အောက်ခြေတွေကို ပြုမူဆက်ဆံပုံတွေ၊ အုပ်ချုပ်ပုံတွေ၊ ကွာဟချက်တွေ အများကြီးတွေ့နေရတယ်။ ဒီအစီရင်ခံစာထဲမှာဆိုလည်း သူ့ရဲ့အမှားကို သူမတွေးဘဲနဲ့ လက်အောက်ငယ်သားတွေကို အပြစ်တင်တဲ့စိတ်က ပိုများနေတယ်။ ဒါ ခေါင်းဆောင်တစ်ယောက်ရဲ့ စိတ်ဓာတ်မဟုတ်ဘူး။ ဒီထဲမှာ အပြစ်တင်တာတွေက ပိုများနေတယ်။ အထက်အောက် မယုံကြည်မှုတွေက ပိုများလာတယ်။  စိတ်ဓာတ်ပိုင်းဆိုင်ရာ အားနည်းလာကြတယ်။ ဥပမာ ထောက်ပံ့ရေးဆိုင်ရာလုပ်ငန်းတွေဆို အရင်လောက်မကောင်းတော့တာ။ မစားရ၊ မသောက်ရ ရိက္ခာကို အရင်လိုမရတော့တဲ့စစ်သားတွေ ပိုများလာတယ်။ နောက်ပြီး သူတို့တိုက်နေတာက ဘာအတွက်လဲဆိုတာ မသိတော့တဲ့အနေအထားမျိုးဖြစ်နေတယ်။ လက်ရှိမြေပြင်က စစ်သည်တွေကို သွားမေးကြည့်လိုက်။ သူတို့ဘာအတွက်တိုက်နေတာလဲ မသိတော့ဘူး။ နောက်ပြီး တပ်ထဲမှာ အကျအဆုံး၊ အထိအခိုက်၊ စွန့်ခွာမှုတွေ များလာတယ်။ ဒါတွေက စစ်တပ်ရဲ့ လက်ရှိအားနည်းချက်တွေပဲ။ သူတို့လက်နက်ကိုင်ထားပေမယ့် ဒီလက်နက်က သူတို့ကို စောင့်ရှောက်နိုင်တဲ့အနေအထားမှာမရှိတော့ဘူး။ ဒီလက်နက်ကိုင်ထားရတာကိုက သူတို့အတွက် လူရွံမုန်းစရာ စိတ်ခံစားမှုတွေပဲရှိလာတယ်။ အဲ့ဒါကြောင့် စစ်သားတစ်ယောက်အဖြစ် မိမိကိုယ်ကိုယ်ယုံကြည်မှု အားနည်းလာတာတွေ့ရတယ်။ ဒီအချက်တွေကြောင့်ပဲလို့ ပြောချင်ပါတယ်။

မေး – တပ်တွင်းလိမ်လည်တင်ပြတာတွေ များလာတယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုကြောင်း အဲဒီစာထဲမှာ  တွေ့ရတယ်။ တပ်တွင်းလိမ်လည်တင်ပြနေတယ်ဆိုတာ ဘာတွေများ ဖြစ်နိုင်မလဲ။

ဖြေ – အဓိကကတော့ ပထမဆုံးအချက်က တည်နေရာပေါ့နော်။ တည်နေရာကို လိမ်လည်တင်ပြတာ။ ဒီနယ်မြေကို အပေါ်ကနေသွားပြီးတော့ ရှင်းလင်းပါဆိုရင် အောက်ကတပ်ဖွဲ့အနေနဲ့ မြေပြင်မှာ ဘယ်လိုမှ မရဘူး။ ဥပမာ ဝေါလေဒေသ သုံးထပ်ကွေ့မှာဆိုရင် မြေပြင်မှာ ဘယ်လိုမှ သုံးထပ်ကွေ့ကိုကျော်ပြီး သုံးထပ်ကွေ့ကို မြေပြင်ကနေ မသွားလာနိုင်တော့ဘူး။ ဒါပေမယ့် အတင်းသွားခိုင်းတဲ့အရာတွေ ဖြစ်နေတယ်။ ဒါပေမယ့် မသွားလည်း အသွားပြပြီးတော့ တပ်တွင်းမှာ လိမ်လည်မှုတွေ ရှိလာတယ်။ အခြားနေရာမှာလည်း အများကြီးရှိနေတယ်။ ဒေသတစ်ခုကို ပစ်ကူ၊ စစ်ကူတွေမပါဘဲ မသွားရဲတဲ့အနေအထားတွေရှိနေတယ်။ အဲ့ဒီအတွက် စွန့်ခွာမှုတွေလည်း များလာတယ်။ အင်အားတွေလျော့နည်းလာတယ်။ ကျဆုံးမှုတွေများလာတယ်။ ဒါတွေကို တိတိကျကျ မတင်ပြရဲတော့ဘူး၊ လူ ၁၀၀ ရှိရင် ၁၀၀ ဆိုတဲ့စာရင်းပဲတင်ပြတော့တယ်၊ လူ ၂၀ လျော့ရင် လျော့တာကို မတင်ပြတော့ဘူး။ စစ်ရေးအရသုံးသပ်ချက်တွေဆိုရင်လည်း မှားယွင်းတဲ့သုံးသပ်ချက်တွေနဲ့ လိမ်လည်တင်ပြတာတွေရှိလာတာကို ပြောတာလို့မြင်ပါတယ်။

မေး – ပေါက်ကြားလာတဲ့ အဲဒီစာမှာပဲ စစ်ခေါင်းဆောင်က အပစ်ရပ် စာချုပ်ကိုလိုက်နာတဲ့အတွက် တိုင်းရင်းသားလက်နက်ကိုင်တွေရှိရာဘက်ကို ထိုးစစ်ဆင်တာတွေမလုပ်ဘူးလို့ ပြောထားတယ်၊ လက်တွေ့မှာတော့  အရပ်သားပြည်သူတွေရှိရာနေရာတွေကို  ပစ်ခတ်နေတာကလည်း  စာချုပ် ဖောက်ဖျက်တာ မဟုတ်ဘူးလား။

ဖြေ – NCA က သူတို့ ပါးစပ်ကသာ ပြောနေတာ သူတို့ကိုယ်တိုင်ဖောက်ဖျက်ထားတာ။ အခုလောလောဆယ် တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေမှာ သူတို့အင်အားကိုသေချာမထိန်းညှိ၊ မကွပ်ကဲနိုင်တဲ့အခြေအနေမို့သာ သူတို့မလုပ်တာ။ လုပ်လို့ရတဲ့အနေအထားဆို သူတို့လုပ်နေပြီ။ ကရင်ပြည်နယ်လို ဒေသမှာ၊ လေးကေ့ကောလိုဒေသဆို သူတို့လုပ်ချင်သလိုလုပ်သွားတာပဲ။ သူတို့ကိုယ်တိုင် ဖောက်ဖျက်ထားတာဖြစ်နေလို့ တိုင်းရင်းသားလက်နက်ကိုင်တွေက သူတို့ပြောသမျှ လိမ်ပြောနေတာ၊ လျှောက်ပြောနေတာလို့ပဲ မြင်နေတယ်။ ပြည့်တန်ဆာ ပါးစပ်လိုပဲ လူအများက မှတ်ယူထားတယ်။ နောက်ပြီး မြေပြင်မှာ လေကြောင်း၊ ကုန်ကြောင်း အရာအားလုံးကို သူတို့လုပ်နေတယ်ဆိုတာကလည်း တကယ်တမ်း NCA တင်မဟုတ်ဘူး ကမ္ဘာမှာရှိသမျှ ဥပဒေတွေအားလုံးကို သူတို့ချိုးဖောက်နေတာ။ သူတို့စစ်တပ်ကိုယ်တိုင်သတ်မှတ်ထားတဲ့ ဥပဒေတွေကိုလည်း သူတို့ကိုယ်တိုင် ချိုးဖောက်နေတာ။ ဥပမာ သူတို့စစ်တပ်မှာဆို ဂျနီဗာကွန်ဗန်းရှင်းအရရော၊ စစ်ပွဲဥပဒေ စည်းမျဉ်းတွေအရရော စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေမှာဆို စစ်တပ် အခြေချလို့ကိုမရတာ။ စာသင်ကျောင်းတွေကို ခံတပ်သဖွယ်မပြုလုပ်ရဘူး။ ဒီလိုဥစ္စာတွေကို သူတို့ကိုယ်တိုင် ချိုးဖောက်နေတယ်။ သူတို့ကိုယ်တိုင် ထင်ရာစိုင်းနေတယ်။ နောက်လည်း ဖြစ်ပွားနေဦးမှာပဲ။ သူတို့ခြေကုပ်နိုင်စရာ အခြေအနေ လျော့နည်းလာရင် သူတို့လုပ်နေဦးမှာပဲ။ အရပ်သားတွေကိုလည်း ဒီထက်ပိုပြီး သတ်ဖြတ်နေဦးမှာပဲလို့ မြင်တယ်။ ဒီထက်ပိုပြီးဆိုးဝါးတဲ့ လုပ်ရပ်တွေကို စစ်တပ်အနေနဲ့ ပိုပြီးလုပ်လာဦးမယ်လို့ ကျွန်တော့်အနေနဲ့မြင်ပါတယ်။

မေး – အခုဆိုရင် တစ်နိုင်ငံလုံး တပ်ဖြန့်ထားတဲ့ စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်တွေ နေ့စဉ်အကျအဆုံး၊ အထိအခိုက်တွေ၊ ဖမ်းဆီးခံရတာတွေ များလာတော့ စစ်တပ်အနေနဲ့ ဘယ်လောက်အထိ အင်အားလျော့နည်းလာပြီလို့ထင်လဲ။ နောက် စစ်ကောင်စီဘက်ကရော အင်အားဘယ်လိုပြန်လည်ဖြည့်တင်းလာမလဲလို့ ထင်ပါသလဲ။

ဖြေ – အခု လျော့နည်းသွားတဲ့သူတို့ရဲ့အင်အားတွေကို ထပ်ဖြည့်တင်းဖို့က လူ့စွမ်းအားအရင်းအမြစ်တွေက ရှာဖို့ ခက်ခဲနေပြီ။ အားလုံးသိတဲ့အတိုင်း မြန်မာစစ်တပ်ကို ဘယ်သူမှမဝင်တော့ဘူး။ မဝင်တော့တဲ့အတွက် သူတို့အတင်းအဓမ္မစုဆောင်းမှုတွေ လုပ်လာနိုင်တယ်။ အရင်တုန်းကလို ပေါ်တာလိုတွေ အခုချိန်မှာလည်း လုပ်နေတာပဲ။ အဲ့ဒီထက်ပိုဆိုးတာတွေလည်း လုပ်လာနိုင်တယ်။ အင်အားနည်းပါးမှုကိုတော့ အကြမ်းဖက်တဲ့နည်းလမ်းနဲ့ ဖြည့်တင်းမှုတွေတော့ လုပ်နိုင်တယ်။ အကြမ်းဖက်တဲ့နည်းလမ်းတွေနဲ့ စုဆောင်းမယ်၊ အတင်းအဓမ္မစုဆောင်းမှုတွေ၊ နောက်ဆုံး ကလေးစစ်သားလိုမျိုးပါ ထပ်ပြီးဖြစ်ပွားနိုင်တယ်။ ပြည်သူတွေအနေနဲ့ကတော့ ဒီအချက်တွေကို သတိထားရမယ်၊ မဖြစ်ပွားအောင်။ မိမိကိုယ်ကိုယ် ဘယ်လိုကာကွယ်မလဲဆိုတာ စဉ်းစားထားကြဖို့လိုမယ်။ အခုလောလောဆယ် တပ်အင်အားနည်းပါးမှုကတော့ အရင်ထက်စာရင် အဆပေါင်းများစွာ ပိုပြီးဆိုးဝါးလာတာတွေ့ရတယ်။ သူတို့ရဲ့ ကာကွယ်ရေးအင်အားတစ်ခုတည်းမှာတင် နေ့စဉ်နဲ့အမျှ ကျဆုံးမှုတွေရှိတယ်။ နောက်ပြီး စစ်တပ်ကို နေ့စဉ်စွန့်ခွာသူတွေကလည်း ရှိနေတယ်။ ဒါတွေဟာ ပေါင်းလိုက်ရင် သူတို့အတွက် တစ်လတစ်လ အင်အားနဲ့ဆိုရင်တောင် တော်တော်လေး လျော့နည်းမှုကရှိတယ်။ အယောက် ၁၀၀ ထွက်သွားရင် ၁၀ ယောက်တောင် ပြန်ဖြည့်ဖို့ မလွယ်တဲ့အနေအထားကို တွေ့နေရတယ်။  

မေး – မြန်မာစစ်တပ်ဘက်က PDF တွေကို ဖမ်းဆီးရမိတဲ့အခါ ပြုမူဆက်ဆံပုံနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ PDF တွေက စစ်ကောင်စီတပ်ဖွဲ့တွေကို ဖမ်းဆီးရမိတဲ့အခါ ပြုမူဆက်ဆံပုံတွေက ဘယ်လိုကွာခြားတာ တွေ့ရသလဲ။

ဖြေ – အရမ်းကွာခြားပါတယ်။ ဒီဘက်မှာက ပွင့်လင်းမြင်သာမှုဆိုတဲ့ အရာတစ်ခုကို အခြေခံထားတယ်။ နောက်ပြီးတော့ စည်းကမ်းလိုက်နာမှု၊ စစ်ပွဲဥပဒေ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမှု၊ စစ်သားတစ်ယောက်ရဲ့ စစ်ပွဲဥပဒေလိုက်နာရမှာတွေက နှစ်ဖက်မှာ အရမ်းကွာခြားတယ်။ ဒီဘက်မှာ မတရားမှုကိုလုပ်မယ်၊ ညှင်းပန်းနှိပ်စက်တာတွေလုပ်ရင် ဘယ်သူကမှ မထောက်ခံကြဘူး။ ရှုတ်ချကြမယ်။ ကန့်ကွက်ကြမယ်။ ဒီလိုပုံစံတွေက ကျွန်တော်တို့ဘက်မှာ ပိုများတယ်။ သူတို့ဘက်က အဲ့လိုတွေးမှာမဟုတ်ဘူး။ အခုဆိုရင် စစ်တပ်ကသူတွေ ဖမ်းဆီးရမိရင် ကောင်းကောင်းနေ၊ ကောင်းကောင်းထိုင်ဆိုပြီး သုံ့ပန်းတစ်ယောက်ကို ကောင်းကောင်းစောင့်ရှောက်ထားတဲ့ ပုံရိပ်တွေ တွေ့ရတယ်။ ဒီလိုမျိုးအရာတွေက စစ်တပ်ဘက်မှာ မတွေ့ရဘူး။ စစ်တပ်ဘက်မှာကျတော့ လူတစ်ယောက်ကို ဖမ်းဆီးရမိပြီဆိုရင် ညှင်းပန်းနှိပ်စက်ပြီး အရင်ဆုံး သေနတ်ဒင်နဲ့ရိုက်လိုက်တာတို့ အဲ့ဒါမျိုးက ပထမဆုံး ဆိုးဝါးစွာပြုမူလိုက်တာပဲ။  နောက်ပြီး စစ်ကြောရေးလုပ်တဲ့အခါ သူတို့လိုချင်တဲ့အချက်အလက်တွေကိုရအောင်ယူပြီး နောက်ထပ် မှားယွင်းတဲ့အချက်အလက်တွေကို ထပ်ဖြည့်ပြီးတော့မှ ထောင်ချတာတွေ ပိုပြီးဖြစ်လာတယ်။ ဒါတွေက လက်တွေ့တော်လှန်ရေးမှာ ပိုပြီး တွေ့လာရတာတွေပါပဲ။ စစ်တပ်ရဲ့ပြုမူပုံတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ပြုမူပုံတွေဟာ အရမ်းကိုကွာခြားတယ်။  အမိန့်နာခံတာကတော့ နှစ်ဖက်လုံးမှာရှိတယ်။ စည်းကမ်းလိုက်နာမှုပိုင်းမှာတော့ ထုတ်ပြန်ထားတဲ့ဥပဒေတွေကို လိုက်နာမှုပိုင်းမှာ ကျွန်တော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပိုပြီးအားကောင်းတယ်။ စစ်တပ်အနေနဲ့ကတော့ အဲ့ဒီအပေါ်မှာ စစ်ခေါင်းဆောင်ကအစ အောက်ခြေစစ်သားအထိ လိုက်နာမှုမရှိတာ တွေ့ရတယ်။ သူတို့လက်ကလုပ်တဲ့အရာတွေပဲ ဥပဒေဖြစ်နေတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button