သတင်း

ဆန္ဒပြပွဲတွင် ဖမ်းခံရသည့် ဂျပန်နိုင်ငံသား အမှုဖွင့်ပြီး အင်းစိန်ထောင်ပို့ခံရ

ရန်ကုန်မြို့တွင် ပြုလုပ်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲအပြီး ဖမ်းဆီးခံရသည့် အသက် ၂၆ နှစ်အရွယ် ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူကို ၅ ရက်အကြာတွင် စစ်ကောင်စီက ပုဒ်မ ၂ ခုဖြင့် အမှုဖွင့်၍ အင်းစိန်ထောင်သို့ ပို့လိုက်သည်။

ဂျပန်နိုင်ငံသား မစ္စတာတိုရိုကူဘိုတာကို လူဝင်မှုကြီးကြပ်ရေးဥပဒေ ပုဒ်မ ၁၃(၁) ဗီဇာစည်းကမ်းဖောက်ဖျက်မှု၊ ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က) တို့ဖြင့် တရားစွဲထားကြောင်း စစ်ကောင်စီက ယနေ့ (ဩဂုတ်၄) သတင်းထုတ်ပြန်သည်။

ဗီဇာစည်းကမ်းဖောက်ဖျက်မှုမှာ ထောင် ၅ နှစ် အမြင့်ဆုံးချနိုင်သည်။ ပုဒ်မ ၅၀၅(က) သည် ထောင် ၂ နှစ်အထိ အမြင့်ဆုံး ထောင်ချနိုင်သည့် ပုဒ်မဖြစ်သည်။

မစ္စတာတိုရိုကူဘိုတာ ကျန်းမာရေးကောင်းမွန်ကြောင်း၊ ထောင်သို့မပို့မီ ရဲစခန်း၌ ရှိနေစဉ် ၎င်းထံ သံရုံးအရာရှိများ လာရောက်တွေ့ဆုံသွားကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးကို ကိုးကား၍ AFP သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

တောင်ဒဂုံမြို့နယ်အတွင်း ဇူလိုင် ၃၀ တွင် ပြုလုပ်သည့် “အမှန်တရားကို အမှားတစ်ရာဖမ်းထားသည်” ဆန္ဒပြပွဲအပြီး လူစုခွဲစဉ် ဂျပန်နိုင်ငံသားနှင့် ကျောင်းသားလူငယ် ၂ ဦးကို အရပ်သုံးကားဖြင့် ရောက်လာသည့် အရပ်ဝတ် စစ်ကောင်စီအဖွဲ့က ဖမ်းသွားခြင်းဖြစ်သည်။

ဂျပန်နိုင်ငံသားနှင့်အတူ ဖမ်းဆီးခံရသူများမှာ အသက် ၁၈ နှစ်မပြည့်သေးသည့်  ယောက်ျားလေး ၁ ဦး၊ မိန်းကလေး ၁ ဦးတို့ဖြစ်ပြီး စစ်ကောင်စီက ရေကြည်အိုင်စစ်ကြောရေးသို့ ခေါ်ဆောင်စစ်ဆေးနေသည်ဟု ဆန္ဒပြလူငယ်များနှင့် နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။ စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်တွင်မူ ထို ၂ ဦးအကြောင်း မပါဝင်သလို အသေးစိတ်ကို စုံစမ်း၍မရသေးပါ။

သတင်းထုတ်ပြန်ချက်တွင် မစ္စတာတိုရိုကူဘိုတာသည် ဇူလိုင် ၁ တွင် ကမ္ဘာလှည့်ခရီးသွားဗီဇာဖြင့် ထိုင်းနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့ပြီး ဆန္ဒပြလူငယ်များနှင့် ဆန္ဒပြပွဲမတိုင်ခင် ချိန်းဆိုခဲ့ကြောင်း၊ ဆန္ဒပြပွဲကို မှတ်တမ်းရိုက်ကူးနေစဉ် ဖမ်းမိကြောင်း ဖော်ပြသည်။

ဖမ်းဆီးခံရမှုကို ဂျပန်ရုပ်မြင်သံကြား TBS သတင်းက ဇူလိုင် ၃၀ တွင် သတင်းဖော်ပြသည်။ ၎င်းတို့ကို ပြန်လွှတ်ပေးရန် ဂျပန်အစိုးရက ဩဂုတ် ၁ တွင် တောင်းဆိုထားသည်။

ထို့ပြင် ဇူလိုင် ၃၁ တွင် မစ္စတာတိုရိုကူဘိုတာနှင့် ဖမ်းဆီးခံလူငယ်များကို ပြန်လွှတ်ပေးရန် ဂျပန်ရောက်မြန်မာများနှင့် ဂျပန်လူမျိုးအချို့က ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနရုံးရှေ့တွင် တောင်းဆိုသည်။ 

မစ္စတာတိုရိုကူဘိုတာသည် မြန်မာနိုင်ငံရှိ လူနည်းစု ရိုဟင်ဂျာများ၊ ဒုက္ခသည်များနှင့် လူမျိုးစုပြဿနာများအကြောင်း မှတ်တမ်းရုပ်ရှင်ရိုက်ကူးခဲ့ဖူးသူဖြစ်သည်ဟုလည်း AFP ၏ သတင်းက ဆိုထားသည်။

စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း မစ္စတာတိုရိုကူဘိုတာမှာ စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရသည့် ဒုတိယမြောက် ဂျပန်သတင်းသမားဖြစ်သည်။ 

၂၀၂၁ ဧပြီတွင် ဂျပန်သတင်းထောက် Yuki Kitazumi ဖမ်းဆီးခံရစဉ် စစ်ကောင်စီက သူ့ကို မင်္ဂလာတောင်ညွန့်မြို့နယ်တရားရုံးတွင် ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲပြီး နောက်တစ်လအကြာတွင် ပြန်လွှတ်ပေးဖူးသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button