သတင်း

မြန်မာနိုင်ငံသည် လူကုန်ကူးခံရမှု၏ မူရင်းနိုင်ငံဖြစ်နေကြောင်း ရန်ကုန်ဝန်ကြီးချုပ်ဆို

ရန်ကုန် –  မြန်မာနိုင်ငံသည် လူကုန်ကူးခံရမှု၏ မူလဇာစ်မြစ်နိုင်ငံဖြစ်သောကြောင့် နစ်နာနေရသည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယနေ့ ရန်ကုန်မြို့၌ ကျင်းပသော ဆဋ္ဌမအကြိမ်မြောက် လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ပြောကြားသည်။

“မြန်မာနိုင်ငံဟာ လူကုန်ကူးမှု မူလအရင်းအမြစ်စတည်ရာ နေရာတစ်ခု ဖြစ်နေတဲ့အတွက် နစ်နာမှုများပြားစွာရှိနေပါတယ်။ ဒါကြောင့် ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်တဲ့ အင်အားနဲ့သာ ဖြေရှင်းဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

လူကုန်ကူးမှုပြဿနာများတွင် မူလဇာစ်မြစ်နိုင်ငံ၊ ဆိုက်ရောက်နိုင်ငံ(နောက်ဆုံး ရောင်းစားရန်ပို့ဆောင်ခံရသည့် နိုင်ငံ)၊ ကြားခံနိုင်ငံ (သတ်မှတ်ထားသည့် နိုင်ငံမရောက်ခင် ကြားတွင်နေရသည့်နေရာ) စသဖြင့် နိုင်ငံတကာက ခွဲခြား သတ်မှတ်ထားသည်။

“မြန်မာနိုင်ငံက လူကုန်ကူးခံရတာရဲ့ မူရင်းနိုင်ငံဖြစ်ရခြင်းက နိုင်ငံဖွံ့ဖြိုးမှုအားနည်းလို့ပါ။ ဒါကြောင့် ကိုယ့်နိုင်ငံသားတွေက အခြားနိုင်ငံတွေကို အလုပ်လုပ်ကိုင်ရန် သွားရာကနေ အသုံးချခံလိုက်ရတာ များသွားတာပါ”ဟု ရဲမှူးကြီး (ငြိမ်း) ခင်မောင်လှက Myanmar Now ကို ပြောသည်။

၂၀၁၇ ခုနှစ်စာရင်းများအရ မြန်မာနိုင်ငံ၏ လူကုန်ကူးခံရမှု၏ ၇၅ ရာခိုင်နှုန်းခန့်မှာ တရုတ်နိုင်ငံသို့ ရောင်းချခံခဲ့ရသည့် ဖြစ်ရပ်များဖြစ်သည်။

၂၀၁၇ ခုနှစ်အတွင်း လူကုန်ကူးခံရသည့် အမှု ၂၂၅ မှု ဖော်ထုတ်အရေးယူနိုင်ခဲ့ပြီး ၁၆၃ မှုမှာ တရုတ်နိုင်ငံ၊ ပြည်တွင်းသို့ လူကုန်ကူးခံရမှု ၄၈မှု၊ ထိုင်းသို့ ၁၃ မှုနှင့် မလေးရှားနိုင်ငံသို့ တစ်မှု ဖြစ်သည်။

“တရုတ်နိုင်ငံကိုကတော့ လက်ထပ်ဖို့အတွက် အများဆုံးရောင်းစားခံရတာပါ။ ထိုင်းနိုင်ငံကတော့ အလုပ်လုပ်ဖို့ အတွက် လူကုန်ကူးခံရခြင်း ဖြစ်တယ်”ဟု လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ အမှတ် (၆) မှ တပ်ဖွဲ့စုမှူး ရဲမှူးခင်မောင်ကြွယ် က ပြောသည်။

လူကုန်ကူးခံရသည့်ဖြစ်စဉ်များမှာ အဓမ္မအလုပ်ခိုင်းစေခြင်း၊ အဓမ္မထိမ်းမြားလက်ထပ်ခြင်း၊ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်ခြင်း၊ အဓမ္မမွေးစားခြင်းနှင့် ကြွေးမြီနှောင်ဖွဲ့ခိုင်းစေခြင်းစသည့် ပုံစံငါးမျိုးဖြင့် ဖြစ်ပွားနေကြောင်း သိရသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏၂ဝ၁၈ ခုနှစ်၊ ဇွန်လအတွင်း ထုတ်ပြန်သည့် လူကုန်ကူးမှုတားဆီးရေး အစီရင်ခံစာတွင် မြန်မာနိုင်ငံကို ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်က အဆင့် (၂) တွင် ထည့်သွင်းထားခဲ့ရာမှ ယခုနှစ်တွင် အဆိုးရွားဆုံး အဆင့် (၃) အဖြစ် လျှော့ချသတ်မှတ်လိုက်ကြောင်း ဖော်ပြထားသည်။

Show More

Related Articles

Back to top button