သတင်း

AA က အရပ်သားများအသွင်ယူကာ တိုက်ခိုက်ခြင်းကြောင့် ချေမှုန်းရန်ခက်ခဲဟု တပ်ကပြော

ရန်ကုန် – ရက္ခိုင့်တပ်မတော် AA နှင့် ဖြစ်ပွားသည့် ရခိုင်ပြည်နယ် မြောက်ပိုင်းတိုက်ပွဲများ ရှည်ကြာနေပြီး AA ကို အပြီးတိုင်ချေမှုန်းရန် ခက်ခဲနေသည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ယနေ့(ဖေဖော်ဝါရီ ၂၃ ရက်) ရန်ကုန်တိုင်းစစ်ဌာနချုပ် သီရိရတနာဂေါက်ကလပ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားရာတွင် ရခိုင်လက်နက်ကိုင်အဖွဲ့ AA အနေဖြင့် လူထု၏အကာအကွယ်ကို ရယူပြီး တိုက်ခိုက်လေ့ရှိကြောင်း တပ်မတော်ဘက်မှ အစဉ်တစိုက် ပြောဆိုနေခဲ့ပြီး ပြီးခဲ့သည့်ရက်ပိုင်းက ဖြစ်ပွားသည့် တိုက်ပွဲများတွင်လည်း AA က ထိုနည်းလမ်းများကို အသုံးပြုခဲ့ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

“လမ်းဘေးနားမှာ မိုင်းထောင်တယ်။ တပ်က ပစ်တော့ ရွာထဲ ဝင်ပြေးတယ်။ တပ်ဘာလုပ်ရမလဲ ” ဟု ၎င်းက ဆိုသည်။

ရခိုင်လက်နက်ကိုင်အဖွဲ့ AA ကို ပြတ်ပြတ်သားသား ချေမှုန်းရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ညွှန်ကြားထားကြောင်း ဇန်နဝါရီ ၁၈ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောခဲ့သည်။

ပြည်သူများအကြား ရောနှောဝင်ကာ အရပ်သားများနှင့်ရောထွေးနေသော လက်နက်ကိုင်များကို မည်သို့ အမြစ်ပြတ်ချေမှုန်းမလဲဆိုသည့် နည်းဗျူဟာများရှိသော်လည်း အဘက်ဘက်က ငဲ့ကွက်နေရသည့်အတွက်ကြောင့် ချေမှုန်းရန် ခက်ခဲနေသည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုဥက္ကဋ္ဌ က ပြောသည်။

“ပြည်သူလူထုနဲ့ရောထွေနေတာကို သူတို့ အခွင့်ကောင်းယူပြီး တိုက်တဲ့အတွက် ပတ်ဝန်းကျင်နဲ့ အခြေအနေဟာ အခက်အခဲဖြစ်တယ် ” ဟု ၎င်းက ဆိုသည်။

တပ်မတော်မှ စွပ်စွဲသကဲ့သို့ AA သည် ရွာထဲသို့ဝင်ရောက်ကာ တပ်မတော်ကို တိုက်ခိုက်ခဲ့ခြင်း မရှိခဲ့သလို ရွာသားများနှင့် ရောထွေနေခြင်းမျိုးလည်း မလုပ်ခဲ့ကြောင်း AA ပြောခွင့်ရ ခိုင်သုခက ကျန်ခဲ့သည့်ရက်ပိုင်းက Myanmar Now ကို ပြောခဲ့သည်။

“ကျွန်တော်တို့က ရွာသားတွေလို ပုံဖျက်ပြီး လုပ်တာမရှိဘူး၊ စစ်စည်းကမ်းအတိုင်းပဲ စနစ်တကျကို ကျွန်တော်တို့က စစ်တိုက်တာ ” ဟု ခိုင်သုခက ပြောသည်။

ဇန်နဝါရီ ၂၆ ရက်က ရသေ့တောင်မြို့နယ် သမီးလှကျေးရွာတွင် ဖြစ်ပွားသည့် တိုက်ပွဲနှင့် ဖေဖော်ဝါရီ ၂၀ ရက်က ဖြစ်ပွားသည့် မင်းဖူးကျေးရွာအနီး တိုက်ပွဲများတွင်လည်း AA အဖွဲ့က အဝေးထိန်း ရီမုမိုင်းခွဲကာ ကျေးရွာအတွင်းမှနေ၍ တပ်မတော်ကို တိုက်ခိုက်ကြောင်း တပ်ဘက်က စွပ်စွဲခဲ့သည်။

အဆိုပါ ရွာနှစ်ရွာတွင်ဖြစ်ပွားသည့် တိုက်ပွဲများ၌ အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် အသက် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးတို့ သေဆုံးခဲ့ပြီး အဆိုပါသေဆုံးမှုအတွက် နှစ်ဖက်လက်နက်ကိုင်အဖွဲ့များက အပြန်အလှန် အပြစ်ဖို့ထားကြသည်။

Show More

Related Articles

Back to top button