သတင်း

ကမ္ဘောဇမိသားစု လုပ်ပိုင်ခွင့်ရ မြေဧက ၂၀,၀၀၀ ကျော်ကို စစ်ကောင်စီ သိမ်းဆည်း

ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် ဦးအောင်ကိုဝင်း၏ ဇနီးအမည်ဖြင့် ရွှေကမ္ဘာဇစိုက်ပျိုးရေးကုမ္ပဏီက လုပ်ပိုင်ခွင့်ရထားသော မြေဧက ၂၀,၀၀၀ ကျော်ကို သတ်မှတ်ကာလ လေးနှစ်အတွင်း အကောင်အထည်မဖော်ဟူသော အကြောင်းပြချက်ဖြင့် စစ်ကောင်စီက ပြန်သိမ်းလိုက်သည်။ 

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် သိန်ခွန်းနှင့် တမုတ်ချုံး ကျေးရွာအုပ်စုနှစ်ခုရှိ ဆီအုန်းစိုက်ပျိုးရေးလုပ်ငန်းများအတွက် ဒေါ်နန်းသန်းထွေးအမည်ဖြင့် လုပ်ကိုင်ခွင့်ရထားသည့် မြေဧကပေါင်း ၂၆,၀၀၀ နီးပါးအနက် ၂၁,၃၁၀ ဒသမ ၅၄ ကို သိမ်းဆည်းမည်ဟု မေ ၁၈ ရက်ထုတ် မြန်မာနိုင်ငံပြန်တမ်းတွင် ဖော်ပြထားသည်။

ထိုမြေနေရာများကို ရွှေကမ္ဘောဇကုမ္ပဏီက စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက် ၂၀၀၉ နှင့် သမ္မတဟောင်း ဦးသိန်းစိန်လက်ထက် ၂၀၁၄ နှစ်ကုန်ပိုင်းများတွင် လုပ်ပိုင်ခွင့်ရထားခြင်းဖြစ်သည်။ 

လေးနှစ်အတွင်း ဖော်ထုတ်ပြီးစီးသည့် ၄,၆၀၄ ဧကကျော်မှလွဲ၍ ကျန်မြေနေရာများကို မေ ၁၁ မှစ၍ “လုပ်ပိုင်ခွင့်နှင့် အသုံးပြုခွင့်များကို ရုပ်သိမ်းလိုက်ပြီး ပေးသွင်းထားသော အာမခံကြေးများကိုပါ နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းလိုက်သည်” ဟု ပြန်တမ်းတွင် ဖော်ပြထားသည်။ 

ထိုသို့ မြေလုပ်ပိုင်ခွင့်များ ပြန်လည်သိမ်းဆည်းမိန့်ကို အာဏာသိမ်းစစ်ကောင်စီ၏ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးက ထုတ်ပြန်ခြင်းဖြစ်သည်။ ၎င်းမှာ စစ်ကောင်စီ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးလည်း ဖြစ်သည်။

သတ်မှတ်ကာလအတွင်း လုပ်ငန်းမဖော်ဆောင်နိုင်သော မြေဧက ၂၄,ဝဝဝ ကျော်ကို အသုံးပြုခွင့် ပြန်လည်သိမ်းဆည်းသည့်ကိစ္စကို ဇွန် ၂၇ တွင် ပြုလုပ်သည့် ကော်မတီအစည်းအဝေးတစ်ခုတွင် ဝန်ကြီးဦးတင်ထွဋ်ဦးက ပြောထားပြီးဖြစ်သည်။

၂၀၁၂ ခုနှစ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေအရ မြေလွတ်၊ မြေလပ် ဆိုသည်မှာ ယခင်က စိုက်ပျိုးမွေးမြူရေး သီးစားလုပ်ကိုင်ခဲ့သူက အကြောင်းအမျိုးမျိုးကြောင့် မလုပ်တော့ဘဲ စွန့်လွှတ်ထားသည့်မြေ၊ သို့မဟုတ် စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်မည့်သူ မရှိသည့်မြေများကို ဆိုလိုသည်။ မြေရိုင်းဆိုသည်မှာ တစ်ကြိမ်တစ်ခါမှ စိုက်ပျိုးလုပ်ကိုင်ခဲ့ခြင်းမရှိသေးသော မြေသစ်နှင့် တောရိုင်းမြေများဖြစ်သည်ဟု ထိုဥပဒေက အဓိပ္ပာယ်ဖွင့်ထားသည်။

ထိုကိစ္စများနှင့် ပတ်သက်၍ ရွှေကမ္ဘောဇကုမ္ပဏီထံ မေးမြန်းနိုင်ခြင်းမရှိသေးပါ။ စစ်ကောင်စီက ယခုပြန်သိမ်းယူမည့် မြေများမှာ မြေယာဥပဒေများနှင့်အညီ စာရင်းကောက်ယူထားခြင်း ဟုတ်မဟုတ် မသိနိုင်ဟု တောင်သူလယ်သမားအကျိုးဆောင်ကွန်ရက်မှ ဦးဇော်ရန်းက မှတ်ချက်ပေးသည်။

၁၉၉၁ ခုနှစ်မှ လက်ရှိအထိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းလုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ဧက (၂၂) သိန်းကျော်ကို ခွင့်ပြုပေးထားခဲ့ကြောင်း စစ်ကောင်စီ၏ ဇွန် ၂၇ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button