သတင်း

NUG ဒစ်ဂျစ်တယ်ငွေကြေးကို ရက်ပိုင်းအတွင်း စတင်အသုံးပြုနိုင်မည်ဟုဆို

စစ်ကောင်စီထိန်းချုပ် ငွေကြေးစနစ်အပေါ် မှီခိုနေရမှုကို အဆုံးသတ်ရန် စီစဉ်ထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ဒစ်ဂျစ်တယ်မြန်မာကျပ် (DMMK) နှင့် မိုဘိုင်းငွေပေးချေမှုကွန်ရက် (NUG Pay) ကို ရက်ပိုင်းအတွင်း အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

ထိုငွေကြေးစနစ်ကို ယခုလကုန်တွင် စတင်အသုံးပြုနိုင်ဖြစ်ကာ အာဏာရှင်စနစ် အမြစ်ဖြတ်နိုင်ရေး သီးခြားလွတ်လပ်သည့် ငွေကြေးလည်ပတ်မှုစနစ်တစ်ခု ဖော်ဆောင်ခြင်းဖြစ်သည်ဟု NUG ၏ စီမံကိန်းနှင့် ဘဏ္ဍာရေး ဒုတိယဝန်ကြီး ဦးမင်းဇေယျာဦးက Myanmar Now ကို ပြောသည်။

“အသုံးပြုဖို့ဆို အင်တာနက်ရှိဖို့ပဲ လိုမယ်။ လောလောဆယ်အခြေအနေမှာတော့ Android ဖုန်းတွေမှာပဲ အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။ iOS ဖုန်းတွေအနေနဲ့က မကြာခင်အချိန်အတွင်းမှာ ဆက်တိုက်ဆိုသလိုပဲ ကြေညာပေးသွားမှာ ဖြစ်ပါတယ်။ လွယ်ကူပါတယ်။ ရိုးရှင်းပါတယ်” ဟု ၎င်းက ပြောသည်။

ထိုဒစ်ဂျစ်တယ်ငွေကြေးကို ပြည်တွင်း၊ ပြည်ပတွင် အသုံးပြုနိုင်မည်ဖြစ်ပြီး ငွေကြေးခိုင်မာမှုရှိစေရန် ငွေပမာဏနှင့် ကိုက်ညီသည့် အမေရိကန်ဒေါ်လာကို NUG ဘဏ်စာရင်းတွင် ထည့်သွင်းထားသည်ဟု ဦးမင်းဇေယျာဦးက ဆိုသည်။​

Blockchain အခြေပြု ဒစ်ဂျစ်တယ်မြန်မာကျပ်သည် အစိုးရတစ်ရပ်က ငွေထုတ်ဝေသည့်ပုံစံဖြစ်ပြီး အခြားဒစ်ဂျစ်တယ်ငွေကြေးများဖြစ်သော ခရစ်တို (Crypto) ကြေးများဖြင့် ချိတ်ဆက်ထားခြင်း မရှိသလို ဈေးနှုန်းအတက်အကျလည်း မရှိသဖြင့် တည်ငြိမ်သည့်ငွေကြေးဖြစ်ကြောင်း ၎င်းက ဆိုသည်။

“NUG က ကြေညာတဲ့ Exchange Rate ပေါ်မှာ မူတည်ပြီးတော့ ဈေးကွက်တည်ရှိနေတယ်။ Central Bank Digital Currency (CBDC) ဖြစ်ပါတယ်။ တခြား Crypto တွေနဲ့ မတူညီတဲ့အချက်ပါ။ အခြား Crypto တွေဆို ဈေးကွက်ထဲမှာ အတက်အကျတွေ အများကြီးဖြစ်တာမျိုးတွေရှိတယ်” 

အဆိုပါဒစ်ဂျစ်တယ်ငွေကြေးသည် မြန်မာကျပ်ငွေနှင့် တန်ဖိုးတူညီပြီး NUG Pay အက်ပလီကေးရှင်းကို ဖုန်းတွင် ထည့်သွင်း၍ ကျပ် ၁၀,၀၀၀ ဖြင့် စာရင်းဖွင့်လှစ်ရမည်ဖြစ်သလို ကနဦးအနေဖြင့် ကိုယ်စားလှယ် ၁,၀၀၀ နှင့် မိုဘိုင်းပိုက်ဆံအိတ်ပေါင်း ၁၀,၀၀၀ ဖြင့် စတင်လည်ပတ်မည်ဟု သိရသည်။ 

NUG Pay စာရင်းဖွင့်ရာတွင် ၃,၀၀၀ ကျပ်ကို အကောင့်ဖွင့်လှစ်ခ ဖြတ်သွားမည်ဖြစ်ပြီး ငွေစာရင်း၌ ကျပ် ၇,၀၀၀ ကျန်ရှိမည်ဖြစ်ကာ တစ်နှစ်အတွင်း ဝန်ဆောင်ခမပေးရဘဲ အကြိမ်ရေနှင့် ငွေပမာဏ အကန့်သတ်မရှိ လွှဲပြောင်းနိုင်မည်ဖြစ်သည်။

NUG Pay ကိုယ်စားလှယ်များထံမှတစ်ဆင့် ငွေထပ်မံဖြည့်သွင်းနိုင်မည်ဖြစ်သလို ကြိုတင်ငွေဖြည့်ကတ်များဖြင့် ငွေဖြည့်သွင်းနိုင်ရန် စီစဉ်ထားကြောင်း NUG ထံမှ သိရသည်။

NUG ငွေပေးချေစနစ်ကို မြန်မာ၊ ထိုင်း၊ စင်ကာပူ၊ တောင်ကိုးရီးယား၊ ဩစတြေးလျ၊ ဗြိတိန်၊ အမေရိကန်နှင့် ဥရောပနိုင်ငံများတွင် အသုံးပြုနိုင်မည်ဖြစ်ပြီး ငွေထုတ်ငွေသွင်း၊ နိုင်ငံခြားငွေလဲလှယ်ခြင်း၊ နွေဦးထီ ဝယ်ယူခြင်း၊ တော်လှန်ရေးအင်အားစုများကို ရန်ပုံငွေထောက်ပံ့ခြင်းတို့ ပြုလုပ်နိုင်မည်ဖြစ်သည်။

NUG Pay စနစ် စတင်မည်ဟု ကြေညာပြီးနောက်ပိုင်း စစ်ကောင်စီထိန်းချုပ်သည့် ဗဟိုဘဏ်က ၎င်းတို့ တရားဝင်ခွင့်ပြုထားခြင်းမရှိသည့် ငွေပေးချေမှုများသည် သုံးစွဲသူများအတွက် ဆုံးရှုံးမှုများစွာရှိနိုင်ပြီး အသုံးပြုပါက အရေးယူမည်ဖြစ်ကြောင်း ဇွန် ၁၀ ရက်စွဲဖြင့် ထုတ်ပြန်သည်။

စစ်ကောင်စီသည် အာဏာဖီဆန်သည့် CDM ဝန်ထမ်းများ၊ လက်နက်ကိုင်တော်လှန်သူများကို ငွေကြေးထောက်ပံ့သည့် ဘဏ်အကောင့်နှင့် မိုဘိုင်ငွေပေးချေအကောင့်များကို စောင့်ကြည့်၍ အကောင့်ပိတ်သိမ်းမှုများ ပြုလုပ်လေ့ရှိသည်။

ထို့ပြင် စစ်ကောင်စီက အချိန်မရွေး ဖုန်းများကို စစ်ဆေးနိုင်သောကြောင့် မြန်မာနိုင်ငံတွင် အသုံးပြုသူများအနေဖြင့် လုံခြုံရေးသတိပြုရန် လိုအပ်ကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တချို့နှင့် အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသပိတ်များတွင် ပါဝင်နေသူများက ထောက်ပြထားသည်။ 

စစ်ကောင်စီ ထိန်းချုပ်ထားသည့် ငွေပေးချေမှုစနစ် မဟုတ်သဖြင့် အသုံးပြုသင့်သည်မှာ မှန်သော်လည်း လွတ်မြောက်နယ်မြေမဟုတ်သည့် ဒေသများတွင် ဖုန်းအတွင်း အက်ပလီကေးရှင်း ရှိနေရုံဖြင့် အန္တရာယ်ရှိနိုင်ကြောင်း ရန်ကုန်မြို့ခံ​အမျိုးသမီးတစ်ဦးက ဆိုသည်။ 

“NUG Pay ကို စသုံးပြီဆိုကတည်းက တော်လှန်ရေးသမား သို့မဟုတ် NUG ကို ထောက်ခံသူလို့ သိသွားမှာ ဖြစ်တဲ့အတွက် အဲဒါကိုက တစ်ကိုယ်ရေလုံခြုံရေးအတွက် ပူပန်ပြီး စိုးရိမ်စရာဖြစ်လာပါတယ်” ဟု စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများတွင် ပါဝင်လေ့ရှိသူ အမျိုးသမီးက ပြောသည်။

တစ်ဖက်တွင်မူ စစ်ကောင်စီထိန်းချုပ်မှုအောက်တွင်ရှိ Wave Money, KBZ Pay အသုံးပြုလျှင်လည်း လုံးဝအန္တရာယ်ကင်းသည်ဟု မဆိုနိုင်ဘဲ ထိုအကောင့်များမှတစ်ဆင့် သပိတ်အဖွဲ့ဝင်များနှင့် တော်လှန်ရေးအင်အားစုများကို ခြေရာခံဖမ်းဆီးမှု ရှိနေသည်ဟု ၎င်းက ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button