သတင်း

စစ်တပ်က မြင်းမူ ဒေသခံများကို ရှေ့မှပြေးခိုင်းပြီး နောက်မှပစ်သတ်  

(သတင်းအဆုံးတွင် စိတ်မချမ်းမြေ့ဖွယ်ဓာတ်ပုံများပါဝင်သည်)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ကံဖျားရွာကို ယမန်နေ့ (ဇွန် ၆) မွန်းလွဲပိုင်းက ဝင်ရောက်စီးနင်းခဲ့သည့် စစ်ကောင်စီတပ်က အမျိုးသား ၃၀ ကျော်ကို ပြေးခိုင်းကာ နောက်မှ ပစ်ခတ်ရာ ၆ ဦးထက်မနည်း သေဆုံးသွားသည်။

မြို့အရှေ့ဘက် ၁၀ မိုင်ခန့်အကွာရှိ ကံဖျားရွာကို အင်အား ၈၀ နီးပါး ပါဝင်သည့် စစ်ကောင်စီစစ်ကြောင်းဝင်လာပြီး ရွာအနောက်မြောက်ဘက်ရှိ မြတ်စောညီနောင်ဘုရားဝင်းအတွင်း ခိုလှုံနေသည့် စစ်ဘေးရှောင်များထံ ရောက်လာရာမှ ထိုဖြစ်စဉ်ပေါ်ပေါက်ခဲ့ကြောင်း ဒေသခံ ၄ ဦးက ပြောသည်။

အနီးအနားရှိ ပဲကူရွာသို့ ဆိုင်ကယ်ဖြင့် လိုက်ပို့ရန် စစ်သားများက ပြောရာ ဒေသခံတို့က ငြင်းဆန်ခဲ့ကြောင်း၊ ယင်းနောက် စစ်ကောင်စီတပ်ဖွဲ့က ဘုရားပရိဝုဏ်အနီး ရပ်ထားသည့်ဆိုင်ကယ်များကို ရှာဖွေစစ်ဆေးရာ တစ်စီး၏ ဖင်ထိုင်ခုံအောက်မှ သေနတ်တစ်လက် တွေ့ရှိသွားကြောင်း ၎င်းတို့ထံမှ သိရသည်။

ဆိုင်ကယ်ပိုင်ရှင်ကို မေးမြန်းသော်လည်း ဒေသခံများက မသိဟုသာ ဖြေသဖြင့် ၁၀၀ ခန့်ရှိ စစ်ရှောင်များထဲမှ အမျိုးသား ၃၀ ကျော်ကို သီးသန့်ခွဲထိုင်စေခဲ့ပြီးနောက် ဆိုင်ကယ်များကို မီးရှို့ကြောင်း၊ အမှတ်စဉ် ၁ မှ ၁၀ ထိ ရေတွက်မည်၊ ထိုအချိန်အတွင်း ပြေးရန် စစ်သားများက ညွှန်ကြားခဲ့သည်ဟု ဒေသခံတို့က ဆိုသည်။

ထို့နောက်တွင် ပြေးလွှားနေသည့် ဒေသခံများကို ဘုရားပရိဝုဏ်အတွင်း ဆိုင်ကယ် ၅၀ ခန့် မီးပုံရှို့ထားသည့် နေရာအနီးမှ စစ်သား ၂၀ ခန့်က မိနစ်ပိုင်းမျှ သေနတ်ဖြင့် ဝိုင်းပစ်သည်ဟု ဘယ်ဘက်ပေါင်တွင် သေနတ်ဒဏ်ရာရပြီး အသက်ဘေးမှ လွတ်မြောက်ခဲ့သည့် ဆယ်ကျော်သက် အမျိုးသားတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ကို ဘုန်းကြီးကျောင်းထဲကနေ အနောက်ဆီ ပြေးခိုင်းပြီး ပစ်တာ။ သူတို့ ပြေးခိုင်းတော့လည်း ပြေးရတာပေါ့။ အဲဒီမှာ နောက်ကနေ ပစ်တော့တာ။ … သူတို့က ကျွန်တော်တို့ကို အော်တာ။ တစ်နှစ်သုံးလေး အော်တာ၊ တစ်ဆယ်အထိ အော်မယ်တဲ့” ဟု ထိုသူက ဆက်ပြောသည်။

“ကျွန်တော်က နောက်မှာဆိုတော့ မကြားလိုက်ရဘူး။ ဖိနပ်ယူပြီး သူတို့ဆီကို ပြန်လာခိုင်းတယ် မှတ်နေတာ။ နောက်ပြီးတော့ မဟုတ်ဘူး။ ပြေးခိုင်းတာ။ ပြေးခိုင်းပြီး ပစ်တာ။ လဲတဲ့သူက လဲ”

ပစ်ခတ်သည့် စစ်သားများကို အရာရှိများက တားဆီးခြင်းမရှိကြောင်း၊ ထိုစစ်ကောင်စီအဖွဲ့တွင် ပါဝင်သည့် အရာရှိ၏ အဆင့်အတန်းကိုမူ သေချာစွာမသိကြောင်း ၎င်းက ပြောသည်။

“ပြေးရင်းနဲ့ ဝပ်လိုက်တာ။ ဝပ်ရင်းနဲ့ လွတ်သွားတာ။ ပြေးရင်းနဲ့ နည်းနည်းဝေးတော့ ဝပ်လိုက်တာ” ဟု ၎င်းက ပြောသည်။

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် အရှေ့ဘက် ကန်ဖျားရွာကို ဇွန် ၆ ရက် က စစ်တပ်ရောက် စီးနင်းပြီး မြတ်စောညီနောင်ဘုရားဝင်းအတွင်း ဆိုင်ကယ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ဓာတ်ပုံ-ပေးပို့

ထိုဖြစ်စဉ်အတွင်း ထွက်ပြေးလွတ်မြောက်ခဲ့သည့် နောက်ထပ်ရွာသားတစ်ဦး၏ အဆိုအရ ၎င်းတို့ကို စပြေးခိုင်းသည့် ဆိုင်ကယ်မီးပုံရှို့ထားသည့် အနီးအနားတွင်ပင် စစ်တပ်က ပစ်၍ ၄ ယောက်သေသည်ဟု သိရသည်။

“မင်းတို့ ပြေးဆိုပြီး ၁ ကနေ ရေပြီးတော့ သူတို့ဆိုင်ကယ်တွေ မီးရှို့ထားတဲ့နေရာမှာ သေနတ်တွေ အပေါ်ထောင် ဖောက်တယ်။ မီးပုံရှို့ထားတဲ့အနားကနေ ပြေးခိုင်းတာ။ … အဲဒီနားမှာတင် သေတာက ၄ ယောက်။ ပြေးပြီးတော့ သေနတ်နဲ့လိုက်ပစ်တာ” ဟု ၎င်းက ပြောသည်။

ထိုသို့ပစ်ခတ်အပြီးတွင် စစ်ကောင်စီတပ်က ရွာမှ ထွက်ခွာသွားရာ ဒေသခံကာကွယ်ရေးအဖွဲ့ (PDF) က ပေါင်တွင် ဒဏ်ရာရသူ ၂ ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီး ထိုဆယ်ကျော်သက်အမျိုးသားလည်း ပါဝင်ကြောင်း၊ အခြားတစ်ဦးမှာမူ သွေးထွက်လွန်၍ သေဆုံးသွားကြောင်း မြင်းမူမြို့နယ် PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။ 

“ဆိုင်ကယ်တွေနဲ့ ကယ်ထုတ်ရတာမဟုတ်ဘူး။ အရပ်သားဟန်ဆောင်ပြီးတော့ လှည်းနဲ့ သွားသယ်ရတာ။ သွားပြီး ကဲ့ထုတ်ရတာ။  ..ညနေ ၅ နာရီလောက်မှပဲ ဆွဲထုတ်နိုင်ခဲ့တာ။ နောက် သွေးထွက်လွန်တဲ့ တစ်ယောက်က ည ၇ နာရီလောက်မှ ဆွဲထုတ်နိုင်တာ” ဟု ပြန်ကြားရေးတာဝန်ခံက ပြောသည်။ 

သေဆုံးသူများမှာ အသက် ၅၀ မှ ၁၆ နှစ်ကြားဖြစ်ပြီး ရင်ဘတ်၊ နောက်ကျောနှင့် ဦးခေါင်း ကျည်ထိဒဏ်ရာများရခဲ့ကြောင်း၊ ယနေ့ (ဇွန် ၇) ရက်နေ့တွင် မီးသင်္ဂြိုဟ်ခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ထိုအထဲမှ ၆ ဦး၏ အမည်ကို Myanmar Now က အတည်ပြုထားနိုင်သည်။ ရရှိထားသော ဓာတ်ပုံများအရ သေဆုံးသူ ၅ ဦးနှင့် ပီနံအိတ်ဖြင့် အုပ်ထားသည့် အလာင်းတစ်လောင်းကို တွေ့ရသည်။ ကျန်သူတို့နှင့် အခြားအသေးစိတ် အချက်အလက်များကို စုံစမ်းနေဆဲဖြစ်သည်။ သတင်းရင်းမြစ်တစ်ခုကမူ သေဆုံးသူ ၁၁ ဦးရှိသည်ဟု ဆိုသည်။ 

၁၀ ဦး ဆိုသော အရေအတွက်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အမည်အတည်ပြုနိုင်သူများမှာ အသက် ၅၀ အရွယ် ဦးလှစိုးနှင့် ဦးမြင့်ဦး၊ အသက် ၃၀ ဝန်းကျင်များဖြစ်သည့် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်နေသည့် CDM ကျောင်းဆရာ ကိုနေဇာအောင်၊ ကိုရူပ၊ ကိုအေးမင်းနိုင်၊ စိတ်ကျန်းမာရေးချို့တဲ့သူ အသက် ၁၆ နှစ်အရွယ် မောင်ပိုင်ပိုင်တို့ဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် အရှေ့ဘက် ကန်ဖျားရွာကို ဇွန် ၆ ရက်က စစ်တပ်ရောက်စီးနင်းပြီး မြတ်စောညီနောင်ဘုရားဝင်းအတွင်း မီးရှို့ဖျက်ဆီးခဲ့သည်။ ဓာတ်ပုံ-ပေးပို့

ကံဖျားရွာကို ဝင်စီးသည့် စစ်တပ်မှာ အရပ်သားများကို ပစ်ခတ်၊ ဆိုင်ကယ်များကို မီးရှို့ရုံသာမက သာသနိကအဆောက်အအုံအချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ စုဆောင်းထားရှိသည့် ဆန်အိတ် ၅၀၀ နီးပါးပါ ပျက်စီးသွားကြောင်း ၎င်းတို့က ပြောသည်။

“စပါးတို့ ဆန်တို့ကို ဘုန်းကြီးကျောင်းကို ရွှေ့ထားတာ။ ဘုန်းကြီးကျောင်းဆိုရင် မလုပ်လောက်ဘူးဆိုပြီးတော့ပေါ့။ အဲဒီလိုသဘောမျိုးနဲ့ တစ်ရွာလုံးက ပို့ထားတာ” ဟု ရွာသားနောက်တစ်ဦးက ပြောသည်။

မြင်းမူမြို့အရှေ့ဘက်ခြမ်းသို့ စစ်ကြောင်းထိုးလာသည့် အဆိုပါ စစ်ကောင်စီတပ်ဖွဲ့သည် ဇွန် ၄ ရက်ကလည်း ကန်တော်ကျေးရွာကို ဝင်ရောက်စီးနင်းပြီး ရွာအနီး စစ်ဘေးရှောင် ၁၀၀ ဝန်းကျင် ခိုလှုံနေသည့် တဲများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း အထက်ပါ သတင်းရင်းမြစ်များက ပြောသည်။

စစ်ကိုင်းတိုင်းမှ ခုခံမှုအားကောင်းသည့် မြို့နယ်များကို နေ့စဉ် စီးနင်းနေသည့် စစ်တပ်သည် ရွာများကို မီးရှို့၊ ရွာသူရွာသားတို့ကို သတ်ဖြတ်နေကြောင်း ဒေသခံတို့က သတင်းဌာနများကို အဆက်မပြတ်ပြောနေကြသော်လည်း ထိုဖြစ်စဉ်များနှင့် ပတ်သက်ပြီး စစ်ကောင်စီက နှုတ်ဆိတ်လျက်ရှိသည်။

ပြီးခဲ့သည့်ရက်ပိုင်းကပင် စစ်ကိုင်းတိုင်းရှိ ကနီမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့က စစ်ဘေးရှောင် ပြည်သူ ၆ ဦးကို နှိပ်စက်သတ်ဖြတ်ခဲ့သေးသည်ဟု သိရသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button