သတင်း

စစ်သားများထံမှ ရယူသည့် အသက်အာမခံကြေး ၅ နှစ်အတွင်း အဆ ၄၀ တိုး

စစ်သားများ၏ ချွေးနှဲစာ လစာထဲမှ အသက်အာမခံကြေး ပုံမှန်ရယူနေသည့် အောင်မြင့်မိုရ်မင်းကုမ္ပဏီသည် အာမခံပရီမီယံကြေးကောက်ယူရှိမှု နှစ်စဉ်တိုးတက်နေရာ ၅ နှစ်အတွင်း အဆပေါင်း ၄၀ နီးပါး တိုးလာသည်။

၂၀၁၄-၁၅ တွင် စစ်သားများထံမှ အသက်အာမခံပရီမီယံကြေး ကျပ် ၆၂၃ သန်းကျော်သာ ရှိသော်လည်း ၂၀၁၈-၁၉ တွင် ကျပ် ၂၃ ဘီလျံကျော်အထိ ရှိလာကြောင်း ရန်ကုန်စီးပွားရေးတက္ကသိုလ် ဝါဏိဇ္ဇဗေဒဌာန ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးပညာမဟာဘွဲ့အတွက် ၂၀၁၉ ဒီဇင်ဘာတွင် တင်သွင်းသော စာတမ်းတွင် ဖော်ပြထားသည်။

စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC) လက်အောက်ခံဖြစ်သော၊ အာဏာသိမ်းစစ်ခေါင်းဆောင်၏ သားဖြစ်သူ အောင်ပြည့်စုံက ရှယ်ယာအများဆုံးထည့်ဝင်ထားသည်ဟု ယုံကြည်ရသော ထိုကုမ္ပဏီသည် ၂၀၁၅ နောက်ပိုင်းတွင် စစ်သားများ အသက်အာမခံထားရသည့် တစ်ခုတည်းသော ကုမ္ပဏီဖြစ်သည်။ 

ပြန်အမ်းငွေထုတ်ပေးသည့် ပမာဏလည်း တိုးလာသည်။ ၂၀၁၄-၂၀၁၅ တွင် ကျပ် ၁၅ သန်းကျော် ရှိခဲ့ရာမှ ၂၀၁၈-၁၉ တွင် သန်း ၁၀၀၀ ကျော် ပြန်လည်ထုတ်ပေးခဲ့ကြောင်း ထိုစာတမ်းတွင် ဖော်ပြထားသည်။

ထိုကုမ္ပဏီက ဝန်ဆောင်မှုပေးသည့် အသက်အာမခံအမျိုးအစား ၇ ခုရှိကြောင်း၊ စစ်သားများထံမှ ရရှိသည့် အသက်အာမခံကြေးမှာ နှစ်စဉ် သိသိသာသာတိုးတက်လာကြောင်း၊ အခြားအာမခံအမျိုးအစားအားလုံး၏ အာမခံကြေးမှာ ကျပ်သန်း ၅၀၀ အောက်သာရှိကြောင်း ထိုစာတမ်းတွင် ဖော်ပြထားသည်။

အရာရှိ၊ စစ်သည်အားလုံးသည် မူလက မြန်မာ့အသက်အာမခံလုပ်ငန်းတွင် အာမခံထားရာမှ ၂၀၁၅ နောက်ပိုင်းတွင် အောင်မြင့်မိုရ်မင်းကုမ္ပဏီကို ပြောင်းလဲထားခဲ့ရကြောင်း DSA အပတ်စဉ် ၅၄ ဆင်း အသက် ၃၀ အရွယ် CDM ဗိုလ်ကြီးလင်းထက်အောင်က ပြောသည်။

အသက်ဘေးအန္တရာယ်ထိခိုက်ပါက လျော်ကြေးရမည်ဖြစ်၍ အနည်းငယ်အကျိုးရှိနိုင်သော်လည်း စစ်ခေါင်းဆောင်၏ ကိုယ်ကျိုးစီးပွားအတွက် အမိန့်ဖြင့် မထားမနေရညွှန်ကြားခြင်းသာဖြစ်သည်ဟု ၎င်းက ဆိုသည်။ “အမိန့်နဲ့ အာဏာကို တလွဲအသုံးချပြီး စီးပွားရေးသောင်းကျန်းတာ” ဟု ၎င်းက ဆိုသည်။

ဗိုလ်ကြီးအဆင့်အရာရှိတစ်ဦးအနေဖြင့် လစဉ်လစာငွေထဲမှ ကျပ် ၁၀,၀၀၀ ဝန်းကျင် ဖြတ်တောက်၍ ကျပ် ၁၅ သိန်းပေးသွင်းရသည်။ ၅ နှစ်သက်တမ်းစေ့၍ ပြန်ထုတ်ယူသည့်အခါ နှောင့်နှေးကြန့်ကြာခြင်း၊ ပြန်လည်ထုတ်ယူသည့် ငွေပမာဏအလိုက် ရာခိုင်နှုန်းဖြင့် ဖြတ်တောက်ခြင်းတို့ကြောင့် အာမခံမထားလိုသူရှိသော်လည်း အမိန့်ကို မလွန်ဆန်နိုင်ကြကြောင်း၎င်းက ဆိုသည်။

စစ်သည်များကို ပြန်အမ်းငွေထုတ်ပေးမှုသည် ၂၀၁၄-၂၀၁၅ တွင် ကျပ် ၁၅ သန်းကျော် ရှိခဲ့ရာမှ ၂၀၁၈-၁၉ တွင် သန်း ၁၀၀၀ ကျော် ပြန်လည်ထုတ်ပေးခဲ့ကြောင်း စာတမ်းတစ်စောင်တွင် ဖော်ပြထားသည်။

CDM ဗိုလ်ကြီးဇင်ယော်ကလည်း အလားတူ ပြောသည်။

“၅ နှစ်စုရတယ်။ အဲဒီ ၅ နှစ်ပြည့်လို့ ဘာမှမဖြစ်ရင် အဲဒီငွေ (ပမာဏ) ပဲ ပြန်ရမှာ။ သူတို့ကို ပိုက်ဆံအပ်ထားရသလိုပဲ။ ဆတိုးနဲ့ ပြန်ရတာမဟုတ်ဘူး။ အဲဒီ ၅ နှစ်အတွင်းမှာ သေသွားမှ အမြတ်ရတာ။ ဒါပေမဲ့ဗျာ … သေပြီးမှ မြတ်တဲ့ အမြတ်တော့ ဘယ်သူက ယူချင်မှာတုန်းဗျာ” ဟု ဗိုလ်ကြီးဇင်ယော်က ပြောသည်။

အာမံကြေးမထည့်လိုသူများရှိပါက ကွပ်ကဲမှုဌာနချုပ်များမှတစ်ဆင့် တပ်ရင်းမှူး၊ တပ်ခွဲမှုများကို ဖိအားပေးကာ ဓားပြတိုက်သကဲ့သို့ အတင်းအကျပ်ထည့်ဝင်ခိုင်းကြောင်း ၎င်းက ဆိုသည်။

ကုမ္ပဏီအနေဖြင့် အာမခံကြေးများတိုးတက်လာသော်လည်း သက်တမ်းစေ့၍ ပြန်ထုတ်ရာတွင် အချိန် ၃ လမှ ၄ လအထိ ကြာမြင့်သလို တစ်နှစ်ထက်တစ်နှစ် ငွေတန်ဖိုးကျနေရာ ထုတ်ယူချိန်တွင် တန်ဖိုးနည်းသွားကြောင်း စစ်သားအသိုင်းအဝိုင်းက ဆိုသည်။

အသက်အာမခံအမျိုးအစားသည် အာမခံထားသူများ၏ ပရီမီယံကြေးကို နှစ်ရှည်ရရှိခြင်းကြောင့် အတိုးမပေးရဘဲ ငွေအရင်းအနှီးရရှိသည့်သဘောဖြစ်ပြီး ကုမ္ပဏီများအနေဖြင့် စီးပွားရေးချဲ့ထွင်ခြင်း၊ အလားအလာရှိသည့် စီမံကိန်းကြီးများတွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် အကျိုးအမြတ်ရရှိနိုင်သည်။

စစ်သားများ၏ အသက်အာမခံ မဖြစ်မနေထားရသည့် အောင်မြင့်မိုရ်မင်းကုမ္ပဏီသည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တပ်ချုပ်ဖြစ်လာပြီး တစ်နှစ်အကြာ ၂၀၁၂ နိုဝင်ဘာတွင် မှတ်ပုံတင်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှတ်တမ်းတွင် တွေ့ရသည်။ 

၂၀၁၂ ခုနှစ် စက်တင်ဘာ ၅ မှစ၍ ပြည်တွင်းပုဂ္ဂလိကအာမခံကို စတင်ခွင့်ပြုခဲ့ရာ စစ်တပ်ပိုင် MEC လက်အောက်ခံ အောင်မြင့်မိုရ်မင်းကုမ္ပဏီသည် အသက်အာမခံလုပ်ငန်းအစောဆုံးလုပ်ကိုင်ခွင့်ရသော ကုမ္ပဏီ ၃ ခုအနက် တစ်ခုဖြစ်သည်။ 

အသက်အာမခံကုမ္ပဏီတည်ထောင်ရန် ကျပ်သန်းပေါင်း ၆,၀၀၀ မတည်ရင်းနှီးမြှုပ်နှံရမည်ဖြစ်သည်။ အောင်မြင့်မိုရ်မင်းကုမ္ပဏီတွင် စစ်ခေါင်းဆောင်၏သား အောင်ပြည့်စုံက ရှယ်ယာအများဆုံးပိုင်ဆိုင်သည်ဟု ယုံကြည်ရသည်။ သို့သော်  အထောက်အထားများမတွေ့ရသလို ဒါရိုက်တာစာရင်းတွင်လည်း ၎င်း၏အမည် ပါဝင်ခြင်း မရှိပေ။

အောင်မြင့်မိုရ်မင်း၏ ဝန်ဆောင်မှုများနှင့်ပတ်သက်၍ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC) ၏ အင်တာနက်စာမျက်တွင်မူ ပြည်သူပြည်သား အသက်အာမခံ၊ အားကစားသမား ကိုယ်အင်္ဂါထိခိုက်မှုအာမခံ၊ စုပေါင်းအသက်အာမခံ၊ မွေအန္တရာယ်အာမခံနှင့် ကျန်းမားရေးအာမခံများကိုသာ ဖော်ပြပြီး တပ်မတော်သားအသက်အာမခံနှင့် ပတ်သက်၍ မဖော်ပြထားပေ။

စစ်တပ်၏ စီးပွားရေးအင်ပါယာနှစ်ခုဖြစ်သည့် MEC နှင့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်(MEHL) လက်အောက်တွင် ကုမ္ပဏီပေါင်း ၁၆၀ ကျော်ရှိပြီး အာမခံလုပ်ငန်းများအနေဖြင့် အောင်မြင့်မိုရ်မင်းနှင့် အောင်သစ္စာဦးကုမ္ပဏီတို့ပါဝင်ကြောင်း ၂၀၁၉ ဩဂုတ် ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင်၏ မှတ်တမ်းတွင် ဖော်ပြထားသည်။

မြန်မာစစ်တပ်ပိုင် MEC နှင့် MEHL တို့ကို ပြီးခဲ့သည့်နှစ် အာဏာသိမ်းအပြီး ရက် ၂ လနီးပါးအကြာ မတ်လ ၂၅ ရက်တွင် အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့က စောစီးစွာ ပိတ်ဆို့အရေးယူခဲ့သည်။

“မြန်မာစစ်တပ်ဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်ထားတဲ့ အစိုးရကို ဖြုတ်ချပြီး မြန်မာပြည်သူတွေကို နှိမ်နင်းဖိနှိပ်တဲ့ လုပ်ရပ်တွေအတွက် တာဝန်ရှိသူဖြစ်တယ်။ ဒါကြောင့် မြန်မာစစ်အာဏာပိုင်တွေရဲ့ စီးပွားရေးအရင်းအမြစ်တွေကို အထူးပစ်မှတ်ထားအရေးယူတာဖြစ်တယ်” ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန နိုင်ငံခြားပိုင်ဆိုင်မှုများထိန်းချုပ်ရေးရုံး၏ ထိုစဉ်က ထုတ်ပြန်ချက်တွင် ပါရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button