သတင်း

စစ်ကောင်စီ၏ MRTV အက်ပ်သာမက ဝက်ဘ်ဆိုက်ပါ ဖြုတ်ချခံရ

နိုင်ငံတကာအထိ ကျယ်ကျယ်ပြန့်ပြန့် ဝါဒဖြန့်ချိရန် ရည်ရွယ်ထားသည့် အာဏာသိမ်းစစ်ကောင်စီ၏ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) မိုဘိုင်းအက်ပလီကေးရှင်းမှာ စတင်ဖွင့်လှစ်ပြီး တစ်ရက်အတွင်း ဖြုတ်ချခံရသည့်နည်းတူ mrtvmedia.com ဝက်ဘ်ဆိုက်စာမျက်နှာလည်း ဖြုတ်ချခံလိုက်ရပြီဖြစ်သည်။

စစ်ကောင်စီက MRTV အက်ပ်နှင့် ဝက်ဘ်ဆိုက်စာမျက်နှာ ဖွင့်လှစ်ပွဲကို ခမ်းခမ်းနားနားကျင်းပပြီး နောက်တစ်ရက်တွင် မိုဘိုင်းအက်ပ် သိုမှီးရာ App Store နှင့် Google Play Store တို့က ထိုအက်ပ်ကို ဖယ်ရှားခဲ့ခြင်းဖြစ်ကာ ဝက်ဘ်ဆိုက်စာမျက်နှာသည်လည်း ယနေ့ ဖြုတ်ချခံရသည်။

အဘက်ဘက်မှ အကျပ်အတည်းရင်ဆိုင်နေရသည့် စစ်ကောင်စီက ဝါဒဖြန့်ချိရေးလုပ်ငန်းကို အားသွန်ခွန်စိုက်ကြိုးပမ်းနေသော်လည်း ၎င်းတို့စီစဉ်ဆောင်ရွက်ထားသည့် မိုဘိုင်းအီလက်ထရောနစ်နည်းပညာအခြေခံ မီဒီယာယန္တရားများ ရက်ပိုင်းအတွင်း ကျဆုံးခဲ့ခြင်းဖြစ်သည်။​

အီလက်ထရောနစ် ပစ္စည်းကိရိယာမျိုးစုံဖြင့် ကြည့်ရှုနိုင်မည့် ထိုအက်ပ်နှင့် ဝက်ဘ်ဆိုက်စာမျက်နှာသစ်ဖွင့်ပွဲကို စစ်ခေါင်းဆောင်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ခဲ့သည်။

နိုင်ငံတကာဂြိုလ်တုလေးလုံးကို ငှားရမ်းအသုံးပြုကာ ထုတ်လွှင့်ပေးမည်ဖြစ်ရာ ၎င်းတို့အစီအစဉ်များကို နိုင်ငံပေါင်း ၁၈၁ နိုင်ငံမှ ကြည့်ရှုနိုင်မည်ဖြစ်သည်ဟုလည်း အာဏာသိမ်းခေါင်းဆောင်က ဖွင့်ပွဲအခမ်းအနားတွင် ပြောသည်။

အာဏာသိမ်းပြီးကတည်းက နိုင်ငံတကာအသိုင်းအဝိုင်း၏ အရေးယူပိတ်ဆို့မှုများနှင့် ဖယ်ကျဉ်ခြင်းခံထားရသည့် စစ်ခေါင်းဆောင်က အင်အားကြီးနိုင်ငံများက မီဒီယာကို လွှမ်းမိုးထားသဖြင့် ပဋိပက္ခများ ပို၍ကြီးထွားရသည်ဟုလည်း စွပ်စွဲပြောဆိုသည်။ 

ထိုမိုဘိုင်းအက်ပ်ကို အမေရိကန်အခြေစိုက် Digital Marketing နည်းပညာကုမ္ပဏီတစ်ခုဖြစ်သော Apps Web Social LLC ရေးပေးခဲ့ခြင်းဖြစ်သော်လည်း အမေရိကန်ကုမ္ပဏီများဖြစ်သော App Store နှင့် Alphabet ကုမ္ပဏီတို့ကပင် ဖယ်ရှားခဲ့ခြင်း ဖြစ်သည်။

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်တွင် ရုံးစိုက်ထားသည့် Apps Web Social LLC ကုမ္ပဏီအကြောင်း မြန်မာစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အကျိုးစီးပွားများကို ဖော်ထုတ်နေသော Justice For Myanmar အဖွဲ့က ဖော်ထုတ်ပြီးနောက် စစ်ကောင်စီ၏ MRTV အက်ပ် ဖြုတ်ချခံရခြင်း ဖြစ်သည်။​

ထပ်မံဖြုတ်ချခံရသည့် MRTV အင်တာနက်စာမျက်နှာသစ်ဖြစ်သော mrtvmedia.com သည်လည်း အမေရိကန်ကုမ္ပဏီတစ်ခုဖြစ်သော GoDaddy.com ထံမှ Domain အမည် ဝယ်ယူသုံးစွဲနေခြင်းဖြစ်ကြောင်း Justice for Myanmar က ဆိုသည်။

စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ UN စည်းမျဉ်းစည်းကမ်းများနှင့် OECD စည်းကမ်းချက်များအရ Alphabet, Apple, GoDaddy.com နှင့် App Web Social တို့သည် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုများကို ပံ့ပိုးပေးခြင်းမှ ရပ်တန့်ရမည်ဟု Justice for Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။

“Alphabet နဲ့ Apple ဟာ သူတို့ရဲ့ ပလက်ဖောင်းတွေကို အကြမ်းဖက် မြန်မာစစ်အာဏာရှင်ကို ဆက်လက်အသုံးပြုခွင့်ပေးထားတာဟာ စစ်အာဏာရှင်ရဲ့ သတင်းအမှားဝါဒဖြန့်မှုနဲ့ အမုန်းစကားဖြန့်ဝေမှုဘက်မှာ ကိုယ်ကျင့်တရားမဲ့စွာ ရပ်တည်နေခြင်းဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

စစ်အာဏာရှင်၏ အကြောက်တရားဖြန့်ဝေလှုံ့ဆော်မှုတွင် MRTV သည် အဓိကနေရာတွင် ပါဝင်နေပြီး မြန်မာပြည်သူတို့ကို စိတ်ဓာတ်စစ်ဆင်ရေးဖြင့် တိုက်ခိုက်နေကြောင်း၊ ထိုသို့ MRTV ကို အထောက်အပံ့ပေးပြီး အကျိုးအမြတ်ယူနေသည့် App Web Social ကုမ္ပဏီကို ရှုတ်ချကြောင်း မရတနာမောင်က ဆိုသည်။

နိုင်ငံတကာ ဂြိုလ်တုလေးလုံးကို ငှားရမ်းအသုံးပြုထားသည့် စစ်ကောင်စီ၏ ရုပ်မြင်သံကြားအစီအစဉ်များကို နိုင်ငံပေါင်း ၁၈၁ နိုင်ငံက ကြည့်ရှုနိုင်မည်ဆိုသော်လည်း ယခုအခါ ဖြုတ်ချခံရလိုက်ပြီ ဖြစ်သည်။​

စစ်အာဏာသိမ်းပြီးချိန်မှစ၍ စစ်ကောင်စီ၏ ဝါဒဖြန့်မီဒီယာဖြစ်လာသည့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) ကို အများပြည်သူတို့က ဝိုင်းဝန်းသပိတ်မှောက်ကြသဖြင့် ကြည့်ရှုသူ အလွန်နည်းပါးလာသည့်ပြင် Facebook မှတစ်ဆင့် ထုတ်လွှင့်သည့် MRTV စာမျက်နှာတိုင်းကို ပြည်သူများ၏ ဝိုင်းဝန်းကန့်ကွက်ခြင်းကြောင့် လူမှုကွန်ရက်စာမျက်နှာများမှ ဖြုတ်ချခံနေရသည်။

MRTV သာမက ၎င်းတို့ကို ထောက်ခံရေးသားနေသည့် သတင်းဌာနအချို့ပါ Facebook ပေါ်မှ ဖြုတ်ချခံရခြင်းဖြစ်သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၈ ရက်နေ့က စစ်ကောင်စီသတင်းများ အသားပေးဖော်ပြနေသည့် People Media စာမျက်နှာကို Facebook က ဖြုတ်ချခဲ့သည်။

ဝါဒဖြန့်ဖြူးရန် နေရာကျဉ်းလာသည့် စစ်ကောင်စီက နည်းလမ်းအမျိုးမျိုး အသုံးပြုကာ Facebook နှင့် Telegram ကဲ့သို့သော လူမှုကွန်ရက်မီဒီယာများတွင် အမည်အမျိုးမျိုးဖြင့် ဆက်လက်ကြိုးပမ်းနေဆဲ ဖြစ်သည်။​

ထို့ပြင် ရုပ်ရှင်၊ ဂီတနှင့် သဘင်အပါအဝင် မီဒီယာလုပ်ငန်းများနှင့် ပတ်သက်၍ ကုမ္ပဏီပေါင်း ၁၁၆ ခုကို ချေးငွေထုတ်ပေးမည်ဖြစ်ကြောင်း စစ်ကောင်စီက ပြီးခဲ့သည့်ဇန်နဝါရီလအတွင်း ထုတ်ပြန်ကြေညာခဲ့သည်။ 

ထိုပြန်ချက်နှင့်အတူ လူမှုကွန်ရက်အခြေစိုက် မီဒီယာအသစ်များနှင့် ဂျာနယ်တချို့ ပေါ်ထွက်လာပြီး စစ်ကောင်စီ၏ သတင်းစာရှင်းလင်းပွဲများတွင်လည်း ယခင်က မရှိခဲ့ဖူးသော၊ အမည်မျိုးစုံနှင့် ပေါ်လာသော သတင်းဌာနများက စေလွှတ်သူများ တက်ရောက်သည်ကို တွေ့ရသည်။  

ဦးသိန်းစိန်အစိုးရလက်ထက်တွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူ အငြိမ်းစားဗိုလ်မှူးချုပ်ဟောင်း ဦးမောင်မောင်အုန်းကို စစ်ကောင်စီက ပြန်ကြားရေးဝန်ကြီးအဖြစ် ခန့်အပ်ထားသည်။ အာဏာသိမ်းပြီးစတွင် ပြန်ကြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရသည့် စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) နှင့် အစားထိုးလှဲလှယ်ခဲ့ခြင်းဖြစ်သည်။

ယခင်ခေတ်က ပြန်ကြားရေးဝန်ကြီးဌာန၏ ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဟောင်းဖြစ်သူ ချစ်နိုင် (စိတ်ပညာ) သည်လည်း ဗိုလ်မှူးကြီးဟောင်းတစ်ဦးပင်ဖြစ်သည်။

ဗိုလ်မှူးချုပ်ဟောင်းမောင်မောင်အုန်းနှင့် ချစ်နိုင် (စိတ်ပညာ) တို့နှစ်ဦးလုံးသည် စစ်ကောင်စီအဖွဲ့ဝင်များနည်းတူ အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူခြင်း ခံထားရသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button